ဥပါလိသိမ်တော်၊ ပုဂံ
မြင်းလှည်းလေးမှာ တခွပ်ခွပ်ပြေးလို့နေသည် ။ မိုးကုန်စ မိုးနှောင်းကာလဖြစ်သော်လည်း ပုဂံမှကောင်းကင်တွင် မိုး တိမ်ဖြူဖြူများကို တွေ့မြင်နေရသည် ။ ပုဂံ…မြန်မာ့ယဉ်ကျေးမှုအနုသုခုမတွေကို နိုင်ငံတကာသိအောင် အထင်ကရတည်ရှိ နေသော ပုဂံ ။ ‘လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း…’ဟူသည့်အတိုင်း ဘယ်နေရာမျှော်ကြည့်မျှော်ကြည့် ဘုရားတွေ ဖူး မလွဲ ။ ဘယ်နေရာ လက်ညှိုးညွှန်ညွှန် ဘုရားကျောင်းဂူပုထိုးစေတီတွေ ရှိမလွဲ ။ ပုဂံဒေသကိုကြည့်ခြင်းအားဖြင့် ရှေးမြန်မာ မင်းများလက်ထက်က မြန်မာလူမျိုးများ အင်မတန်ချမ်းသာကြွယ်ဝခဲ့သည်မှာ သိသာထင်ရှားလှသည် ။ မုဆိုးမပင် ဘုရား တည်နိုင်သည်ဟု ဖေဖေပြောပြ၍ သိခဲ့ရသောထိုစကားလေးအပေါ်တွင် ကျွန်မ ဂုဏ်ယူလို့ မဆုံး ။ မြင်းခွာသံက တခွပ်ခွပ် ၊ ဘီးလည်သံက တဂျက်ဂျက် ၊ လေရူးက တစ်ချက်တစ်ချက် သုန်ခနဲတိုက်ခတ် ၊ အဝေးဆီသို့ လှမ်းကြည့်ပြန်တော့ ဖြူစိမ်းနီ ညိုမြင်ကွင်းအစုံ ။ မြင်မြင်သမျှအားလုံးက ကျွန်မ့စိတ်အာရုံကို ညှို့ငင်ဖမ်းစားနေတော့သည် ။
“ အမေ…ဒါလားဟင် ဥပါလိသိမ်ဆိုတာ ။”
အုတ်ခုံဖြူဖြူတွင် ဥပါလိသိမ်ဟုရေးထား၍ ကျွန်မက မေမေ့ကို မေးလိုက်မိခြင်းဖြစ်သည် ။ မေမေက ဟုတ်မှန်ကြောင်းပြော၍ ကျွန်မလည်း သတင်းကြီးနေသောဥပါလိသိမ်ကို အသေအချာလှမ်းကြည့်နေမိသည် ။ ဥပါသိမ်သည် ထူးထူးခြားခြားကြီး မဟုတ် ။ အခြားပုဂံဘုရားပုထိုးများကဲ့သို့ပင် ဖြစ်၏ ။ လာရောက်ကြည့်ရှုလေ့လာနေသော နိုင်ငံခြားသားအချို့ ၊ ဈေးသည် အချို့ဖြင့် စည်ကားလျက် ရှိသည် ။
“ ဦးလေး…ဥပါလိသိမ်က ဟိုအရင်က ဥစ္စာစောင့်တွေ တစ္ဆေတွေ ရှိတယ်ဆို ဟုတ်လား ။ ဦးလေးရော ကြုံဖူးလား ။”
မြင်းလှည်းမောင်းနေသောအသက်ငါးဆယ်အရွယ်ခန့် ဦးလေးကြီးကို ကျွန်မက သိချင်သမျှ ဒဲ့သာမေးချလိုက်သည် ။ ဦးလေး ကြီးက မြင်းလှည်းမောင်းနေရာမှ နောက်သို့တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး…
“ ဟုတ်ပါရော သမီးရယ် ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော် သုံးဆယ်လောက်များကဆိုရင် ပုဂံမှာ ဒီလို ဆိုင်ကယ်တွေကားတွေ
ဘယ်ပေါဦးမလဲ ။ မြင်းလှည်းလေး နွားလှည်းလေး အလွန်ဆုံးစက်ဘီးလေးနဲ့ပဲ ဟိုဟိုဒီဒီသွားကြရတာပေါ့ ။ ဦးလေးတို့
များ ဟိုဘက်ရွာဒီဘက်ရွာ ဘုရားပွဲတွေများ ရှိရင် သူငယ်ချင်းအပျိုမတွေ အိမ်သွားပြီး ဟဲ့ နင်တို့ လိုက်ကြဦးမလား ဘာ
လား ခေါ်ပေါ့ ။ လိုက်ကြတဲ့အခါလည်း ရှိ မလိုက်ကြတဲ့အခါလည်း တစ်ကိုယ်တည်း သွားပေါ့ ။ ဟိုဘက်ရွာက ဘုရားပွဲ
ကိုသွားတိုင်း ဒီဥပါလိသိမ်နားကပဲ ဖြတ်ဖြတ်သွားရတယ်လေ ။ သမီး စောစောကမေးတဲ့ ဥစ္စာစောင့်နဲ့ နှစ်ခါလောက်ဆုံဖူး
တယ် ။ သိပ်တော့ မမှတ်မိတော့ပါဘူးကွယ် ။ ပထမတစ်ခေါက်က တစ်ယောက်တည်း ဘုရားပွဲကို မြင်းလှည်းငှားတဲ့သူ
များ ရှိမလားအတွေးနဲ့ မျှော်လင့်ပြီး သွားတာ ။ ဥပါလိသိမ်နားရောက်တော့ သစ်ပင်ရိပ်ကနေ မိန်းမပျိုတစ်ယောက်ထွက်
လာပြီး မြင်းလှည်းကို တားတယ် ။ ဘုရားပွဲကို လိုက်ပို့ပေးပါတဲ့ ။ ကောင်မလေးက ဖြူချောနေရော…။ အသားက ၀ါဝါ
ညက်ညက်နဲ့ တော်တော်ကို လှတာ ။ အစိမ်းဝမ်းဆက်ဝတ်ပြီး တစ်ကိုယ်လုံး ရွှေတွေဝတ်ထားတာလည်း ညွှတ်လို့…။ ဦး
လေးက ပြောတာပေါ့ ။ ဟဲ့…နှမ ဒီအချိန်ကြီး မိန်းကလေးတစ်ယောက်တည်းလည်း သွားသေး…ရွှေတွေလည်း ၀တ်လို့
စားလို့ ။ မသမာသူတွေနဲ့တွေ့ရင် နင် ဒုက္ခရောက်မယ်လို့ပြောမိတော့ သူက ဘာမှပြန်မပြောဘဲ ခပ်ပြုံးပြုံးပဲနေတယ် ။
ဘုရားပွဲ ရောက်တော့ ကျေးဇူးပါပဲ မောင်ကြီးရယ်ဆိုပြီး ငါးကျပ်တန်ကို ရက်ရက်ရောရောပေးသွားတယ် ။ ဦးလေးလည်း
ဈေးဦးပေါက်က တစ်ညလုံးစာမကတော့ ၀မ်းသာပြီး ပွဲလျှောက်ကြည့်မုန့်လျှောက်စားနဲ့ နှစ်ကျပ်ကျော်ကို သုံးလိုက်တာ
သုံးကျပ်ပဲ ကျန်တော့တယ် ။ မနက်မိုးလင်းတော့ ကြည့်လိုက်တော့ သုံးကျပ်မဟုတ်ဘဲ သစ်ရွက်တွေ ဖြစ်နေတယ် ။ ဦး
လေးလည်း နားမလည်နိုင်အောင်ပဲ ။ ကြည့်ရတာ သူတို့က ပိုက်ဆံကို တစ်ညပဲ ပေးသုံးတယ် ထင်ရဲ့ ။ ဦးလေးလည်း
ညက ပြောင်အောင်သုံးလိုက်ရကောင်းသားဆိုပြီး တနုံ့နုံ့ဖြစ်နေမိတာပေါ့ ။ ဒါက ပထမတစ်ခေါက် ။”
ဦးလေးကြီးက စကားကို ခဏရပ်ထားလိုက်ပြီး နောက်ကခရီးသွားကားကြီး ကျော်တက်ရန်အတွက် မြင်းလှည်းကို လမ်းဘေး ချပေးလိုက်သည် ။ ကားက နံပါတ်အပြာဖြစ်၍ နိုင်ငံခြားသားများ စီးနင်းလိုက်ပါလာသောကားဖြစ်၏ ။ ကားကြီးကျော်တက် သွားသောအခါ ကားပေါ်မှနိုင်ငံခြားသားများက ကျွန်မတို့ကို ငုံ့ကြည့်ကာ ပြုံးပြနှုတ်ဆက်သွားကြသည် ။
“ ဒီလိုပဲ နောက်တစ်ခေါက်လည်း ဟိုဘက်ရွာ ဘုရားပွဲသွားတာပဲ ။ ဘုရားပွဲကို လိုက်လာတဲ့ သူငယ်ချင်းမနှစ်ယောက်
လည်း ပါတယ် ။ ဥပါလိသိမ်နားရောက်တော့ အပင်အောက်ကနေ မိန်းကလေးတစ်ယောက် မြင်းလှည်းကို ထွက်တားပြီး
လမ်းကြုံလိုက်ပါရစေ…တဲ့ ။ ပိုက်ဆံလည်း ပေးပါ့မယ်…တဲ့ ။ ဦးလေးကတော့ သိလိုက်ပြီ ။ ဒါပေမဲ့လည်း လိုက်ပါစေဆို
ပြီး တက်တက်ဆိုတော့ နောက်ကသူငယ်ချင်းမတွေနဲ့အတူ ရောထိုင်ပြီး လိုက်လာတယ် ။ ဘုရားပွဲကိုရောက်တော့ ငွေ
ပေးသေးတယ် ။ ဦးလေးလည်း နေပါစေ နှမရယ်ဆိုလို့ သူလည်း ပြုံးပြနှုတ်ဆက်ပြီး လူအုပ်ထဲဝင်သွားပါရော ။ ဦးလေး
လည်း သူငယ်ချင်းမနှစ်ယောက်နဲ့ ဘုရားဈေး ပတ် ၊ အကြော်ဆိုင်ထိုင်တော့ သူတို့က ဦးလေးကို ရှင်းခိုင်းတာပေါ့ ။ ဦး
လေးက ဟဲ့ ဒီမှာ ငါ ပိုက်ဆံမပါဘူးဆိုပြီး အိတ်ကို ပြလိုက်တော့ အိတ်ထဲမှာ ငါးကျပ်တန်တစ်ရွက် ရောက်နေလေရဲ့ ။
မထူးဆန်းဘူးလား သမီးရယ် ။ ဥစ္စာစောင့်တွေက သူတို့အပေါ်ကောင်းရင် ကောင်းရှာပါတယ် ။ ဒါပေမဲ့ တချို့ကတော့
ရိသဲ့သဲ့လုပ်ပြီး ပိုးကြပန်းကြရင်တော့ သူတို့တုံ့ပြန်ပုံက နည်းနည်းကြောက်ဖို့ကောင်းတယ် ။ ဦးလေး သူငယ်ချင်းပဲ ။
ဖိုးထိန်…တဲ့ ။ သူက ဒီလိုပါပဲကွယ် ။ ဘာရယ်တော့ မဟုတ်ပါဘူး ။ မိန်းကလေးမြင်ရင် ရိသဲ့သဲ့လုပ်ချင် ပိုးချင်ပန်းချင်
တာပါ ။ တစ်နေ့ ဘုရားပွဲကို စက်ဘီးလေးနဲ့သွားရင် ဥပါလိသိမ်နားမှာ ဥစ္စာစောင့်နဲ့ တွေ့ပါရော ။ သူကတော့ ဥစ္စာစောင့်
ရယ်လို့ ဘယ်သိပါ့မလဲ ။ မိန်းမချောချောမြင်ရင် ပိုးချင်ပန်းချင်တဲ့စိတ်က ရှိတော့ အတင်းသွားပြီး လက်ဆွဲခေါ်တယ် ။
သူနဲ့ ဘုရားပွဲကို လမ်းကြုံလိုက်ခဲ့ပါ…တဲ့ ။ ကောင်မလေးကလည်း ငြင်းမရတော့ လိုက်လာရတာပေါ့ ။ အဲ…လမ်းရောက်
တော့ ချစ်စကားကြိုက်စကားတွေ ပြောရော ။ တော်တော်နဲ့ ကောင်မလေးက မတုံ့ပြန်လို့ နောက်လှည့်ကြည့်မိတော့
အမွေးအမျှင်တွေနဲ့ မည်းမည်းအကောင်ကြီးက သူ့စက်ဘီးနောက်မှာ ငုတ်တုတ်ထိုင်နေတာ…တဲ့ ။ သူလည်း စက်ဘီးကို
ပစ်ချပြီး ငယ်သံပါအောင် အော်ပြေးတာ ဟိုဘက်ရွာရောက်တဲ့အထိပဲ ။ ဟိုဘက်ရွာရောက်တော့ ဘာဖြစ်လာလဲ ဘာလဲ
လုံးဝ မေးမရတော့ဘူး ။ ငေါင်တောင်တောင်ကြီးဖြစ်နေတာ အထက်ဆရာ အောက်ဆရာ ဆေးဆရာအစုံနဲ့ တစ်လနီးပါး
လောက် ကုလိုက်မှပဲ ပျောက်သွားတော့တယ် ။ ရောဂါလည်းပျောက်ရော သူလည်း ကြောက်တာနဲ့ ဘုန်းကြီးဝတ်သွား
တာ ခုထက်ထိပဲ ။ ဘုန်းကြီးဘ၀မှာ ပြောပြလို့သာ ဦးလေး သိခဲ့ရတာ ။ ဟော…ရှေ့မှာ ပြောရင်းဆိုရင်းနဲ့ လောကနန္ဒာ
ဘုရား ရောက်တော့မယ် ။”
ဦးလေးကြီးစကားဆုံးတော့ မြင်းလှည်းလေးက လောကနန္ဒာစေတီတော်ကြီးရှိရာ ဧရာဝတီမြစ်ဘေးလမ်းကလေးအတိုင်း တရွေ့ရွေ့သွားနေ၏ ။ အပြန်ကျ မဇီးကွက်အမှတ်တရကျောက်တိုင်တွင် အရပ် ဆင်းတိုင်းမည်ဟုဆို၍ အားလုံးက ရယ်ကြ သည် ။ အစ်မလတ်က နင်က မဇီးကွက်လောက်တော့ အရပ်မရှည်ပါဘူးဟယ်ဟု အရွှန်းဖောက်လိုက်၏ ။
ထိုနေ့က မြင်းလှည်းနှင့် လောကနန္ဒာ ၊ မနူဟာ ၊ ကန်တော့ပလ္လင် ၊ မဟာဗောဓိ ၊ အာနန္ဒာ ၊ သဗ္ဗညု ၊ ဓမ္မရံကြီး ၊ မြစေတီ ၊ ဂူပြောက်ကြီး စသည့်ဘုရားအစုံကို ၀င်ရောက်ဖူးမျှော်ခဲ့ကြသည် ။ ပုဂံဘုရားများတွင် ဂါဝန်အဖြူ မျက်မှန်အနက် နှင့်ဂျပန်မလေးများကိုတွေ့တိုင်း ဆရာမဂျာနယ်ကျော်မမလေး၏ သွေးဝတ္ထု၏ဇာတ်ကောင်ယုမိစံကို သွား၍ သတိရမိသည် ။ ဘုရားစေတီတွေကို မတ်တပ်ရပ်လေးနှင့် ဖူးမျှော်နေကြသည့် ဂျပန် ကိုရီးယားအမျိုးသမီးလေးများကိုတွေ့တိုင်း စိတ်ထဲတွင် ကြည်နူးသွားမိသည် ။ အနောက်တိုင်းသားအများစုကတော့ လေ့လာရုံ ဓါတ်ပုံရိုက်ရုံသာ များ၏ ။
မြင်းလှည်းမောင်းဦးလေးကြီး၏ပြောပြချက်အရ ပုပ္ပါးအဘထွက်ပွဲပြီး၍ တစ်ပတ်နှစ်ပတ်လောက်အကြာ ယခုချိန်ခါတွင် မြန်မာလူမျိုးဘုရားဖူးများ အလာကျဲသွားပြီး နိုင်ငံခြားခရီးသွားများ အလာများသည်ဟု ဆို၏ ။ ဟုတ်လည်း ဟုတ်သည် ။ မြန် မာဘုရားဖူးများကို သိပ်မတွေ့ရ…။ ထိုင်း ၊ ကိုရီးယား ၊ ဂျပန်နှင့် အနောက်တိုင်းခရီးသည်များကိုသာ အများဆုံးတွေ့နေရ သည် ။ နောက်ဆုံးပိတ် ရွှေစည်းခုံစေတီတော်ကြီးကို ၀င်ဖူးပြီးနောက် မြင်းလှည်းဖြင့် ခရီးထွက်ခြင်းဇာတ်လမ်း တစ်ခန်းရပ် သွားတော့သည် ။ မိုးလည်း ချုပ်လေပြီ မဟုတ်လား ။
ညကျ မေမေ ဖျားသေးသည် ။ တစ်နေ့လုံး နေပူလူပန်းရသည့်အထဲ ညနေစာကို အစုံသုပ် ရှောက်သီးသုပ် ကြက် တက်ရွက်သုပ် မုန်လာဥနီသုပ်တွေကို ဆတ်သားခြောက်ကြော် ပဲပင်ပေါက်ဟင်းချိုပူပူနှင့် အားပါးတရစားခဲ့မိ၍ မေမေ ဗိုက်ပွ ကာ နေမကောင်းဖြစ်ခြင်းဖြစ်မည် ။ ထိုညကတော့ မေမေ့ကို ပြုစုပေးနေရ၍ ကျွန်မတို့ ရွှေစည်းခုံဘုရားသို့ မသွားဖြစ်တော့ ဘဲ တည်းခိုခန်းတွင်သာ နားနေလိုက်ရသည် ။
ပုဂံသို့ ကျွန်မ ငါးခေါက်ထက်မနည်း ရောက်ခဲ့ဖူးပါ၏ ။ သို့သော်လည်း ယခုတစ်ခေါက်ခရီးစဉ်လောက် စိတ်ပျော်ရွှင်ကြည် နူးခြင်း မရှိခဲ့ ။ ယခင်အခေါက်တွေတုန်းက ကားနှင့်သာ လည်ခဲ့ဖူးသည် ။ ကားခဏရပ် ကားပေါ်ကဆင်း ဘုရား ခပ်သုတ် သုတ်ဖူး ဓါတ်ပုံ ခပ်မြန်မြန်ရိုက် ကားပေါ် ပြန်တက်နှင့် သည်လောက်ပျော်စရာမကောင်း ။ ယခုတော့ မနေ့က မြင်းလှည်းနှင့် လည်ရသည် ။ ယနေ့လည်း စက်ဘီးလေးနှင့် လည်ရဦးမည် ။
မိုးလင်းတော့ မေမေ နေကောင်းသွားပြီ ။ ကျွန်မတို့ တည်းခိုခန်းရှေ့မှလက်ဖက်ရည်ဆိုင်တွင်ပင် မနက်စာစားပြီး ရွှေစည်း ခုံစေတီတော်ဆီသို့ ထွက်ခဲ့ကြ၏ ။ ယခင်က ကားနှင့်သွားလျှင် ရွှေစည်းခုံမုဒ်ဦးနားအရောက် ကားနှင့်သွားရ၍ ရွှေစည်းခုံစေ တီကြီးသည် တောင်ပေါ်တွင် တည်နေသည်မှန်း သိသော်လည်း သိသာ သိ၏ ။ မခံစားမိ ။ ယခုတော့ တည်းခိုခန်းဘေးမှ လမ်းကလေးအတိုင်း လမ်းလျှောက်တက်ခဲ့ကြသည် ။ ရှေးကတည်ဆောက်ခဲ့သော ဆောင်းတန်းဟောင်းလေးကိုမြင်၍ ကား လမ်းမအတိုင်းသွား၍ရသော်လည်း မသွားဘဲ ထိုဆောင်းတန်းအတိုင်း တက်လာခဲ့သည် ။ ဆောင်းတန်းသည် ဘုရားတည်စဉ် ကတည်းက ရှိခဲ့လေသလား…အင်္ဂလိပ်မင်းလက်ထက်တွင် ပြုပြင်ထားခြင်းလား အသေအချာတော့မသိ ။ ဆောင်းတန်းဘေး အုတ်ချပ်များတွင် ရေးထိုးထားသော ကမ္ဗည်းမှတ်တမ်းများ၌ အလှူရှင်၏နာမည် နေရပ်လိပ်စာနှင့် လှူဒါန်းငွေများကို ဖော်ပြ ထားသည် ။ ၁၅ကျပ်ဟူ၍ တွေ့မြင်ခဲ့ရသဖြင့် ညီအစ်မ နှစ်ယောက် အံ့သြကြသေးသည် ။
ရွှေစည်းခုံစေတီတော်ကြီးသည် နံနက်ခင်းနေရောင်ခြည်အောက်တွင် ရွှေရောင်တဖိတ်ဖိတ်တောက်ပလျက်ရှိ၏ ။ နိုင်ငံ ခြားသားဧည့်သည်များဖြင့်လည်း အတော်စည်ကားလျက်ရှိသည် ။ မှတ်မှတ်ရရအနေနှင့် ကိုရီးယားခရီးသွားအုပ်စုထဲမှ ကိုရီး ယားသူတစ်ယောက်ကို “အညာဆေးရိုး(အညဆယ်ရော)” သွားလုပ်မိ၍ သူကလည်း “မင်းဂလော်ဘော်(မင်္ဂလာပါ)ဟု ပြန် ပြောသောအဖြစ်အပျက်လေးဖြစ်၏ ။ ကျွန်မအရွယ် ဂျပန်အမျိုးသားတစ်ယောက်ကလည်း ပုဂံဒေသအကြောင်းကို စာတမ်း ပြုစုဖို့လား မပြောတတ် ။ ဧည့်လမ်းညွှန်ကို အသေးစိတ်မေးမြန်းကာ စေတီတော် ၊ ကြာမှောက်ကြာလှန် ၊ ဘီလူးရုပ်…စတာ တွေကို အသေအချာမှတ်တမ်းတင်ဓါတ်ပုံရိုက်ယူနေသည်ကိုလည်း တွေ့ခဲ့ရ၏ ။ စိတ်မကောင်းစရာတစ်ခုက ပိုက်ဆံလိုက် တောင်းနေသော ကျောင်းစိမ်းဝတ်စုံနှင့်ကလေးများကို ဘုရားပေါ်တွင် တွေ့မြင်ရ၍ဖြစ်သည် ။
စေတီတော်ကို ဖူးမြော်ကြည်ညိုကာ လိုရာဆုတောင်းပြီးနောက် သားအမိတစ်စု ဟိုဟိုသည်သည်လျှောက်ကြည့်ကြရာ ကျောက်နဂါးသို့ဟူသောဆိုင်းပုဒ်ကိုတွေ့၍ ထိုဆိုင်းပုဒ်ညွှန်ရာဘက်သို့ ထွက်လာခဲ့သည် ။ အဆောင်ငယ်လေးတစ်ခုထဲတွင် ရွှေရည်သုတ်ထားသော ကျောက်ဆစ်ထုနဂါးကိုယ်ထည်ပိုင်းသဏ္ဍာန်တစ်ခုကို တွေ့ရ၍ အနီးအနားမှမိန်းမတစ်ယောက်ကို မေးမြန်းမိတော့ မကြာသေးသည့် ၂၀၀၉ခုနစ်ကပင် ပြန်လည်ပြုပြင်ထားကြောင်း ၊ ဆရာတော်ကို မြေအောက်တွင် နှစ်များစွာ နေရသောကြောင့် အသက်ရှူမွန်းကျပ်လှ၍ တူးဖော်ပေးပါရန် ၊ ခုနစ်ရက်သားသမီးများကို ကယ်တင်စောင့်ရှောက်ပါမည်ဟူ သောကြောင့် အိပ်မက်အတိုင်း တူးဖော်ရာမှ ဤကျောက်နဂါးကို တွေ့ရှိခဲ့ကြောင်း ၊ လူငယ်အချို့က မယုံမကြည်ပြောဆို သဖြင့် လွန်ခဲ့သောသုံးလေးလကပင် နိုင်ငံခြားသားတစ်ဦး၏ဓါတ်ပုံတွင်း၌ စေတီတော်ကို လှည့်ကာဖူးမြော်နေသဏ္ဍာန် အဖြူ ရောင်အငွေ့တန်းကြီးအား တွေ့ရကြောင်း…စသည်ဖြင့် စီကာပတ်ကုံး ပြောပြလေသည် ။ ဖေဖေက ကျွန်မ့ကို နဂါးစာကျွေး ခိုင်းသဖြင့် နဂါးစာဟူ၍ရောင်းနေသော နွားနို့ထဲ ပေါက်ပေါက်ဆုပ်ထည့်ထားတဲ့ပန်းကန်တစ်ချပ်ကို သွားဝယ်ကာ နဂါးမင်း ကြီးသို့ ရည်စူးလျက် ကျွေးလိုက်မိသည် ။ ထိုဘက်ခြမ်းသို့ ကျွန်မတို့တစ်ခါမျှ မရောက်ဖူးသေး၍ အုတ်ခင်းလမ်းကလေး အတိုင်း ဆက်သွားမိတော့ ဧရာဝတီမြစ်ကြီးကို တွေ့ရ၏ ။ မြစ်ကမ်းနားတွင် စက်လှေတစ်စင်း ဆိုက်နေပြီး လှေပေါ်မှ ရွာသူ တချို့ အထုပ်တွေအပိုးတွေနှင့် ဆင်းလာကာ လှေကားအတိုင်း တက်လာကြသည် ။ ဈေးသည်များ ဖြစ်မည် ထင်၏ ။
“ နောင်ကြီးတို့က ဘယ်ကလာလဲ ။”
လှေသမားက မေး၍ ကျွန်မ့ဖေဖေက ရန်ကုန်မှလာကြောင်းဖြေရင်း လှေကားထိပ်တွင် ခြင်္သေ့တစ်ကောင်သာ ရှိပြီး မြစ်ဘက် ခြမ်းတွင် ခြင်္သေ့မရှိသဖြင့် ထိုအကြောင်းကို ရွာခံလှေသမားအား မေးလေရာ…
“ သြော်…ကျွန်တော်တို့ငယ်ငယ်လေးကတည်းက ဒီခြင်္သေ့ရုပ်ကြီးက တစ်ကောင်တည်းဗျ ။ ကျန်တဲ့တစ်ကောင်က ရေထဲ
ကျသွားတယ်နဲ့ တူပါရဲ့ ။ ဧရာဝတီမြစ်က မိုးတွင်းဆို ဒီခြင်္သေ့ကြီးနားအထိတောင် ရေက တက်ချင်ချင် ။ နောက်ထပ်ပုံတူ
ထပ်လုပ်သေးတယ် ။ ဒီလိုပဲ ပါပါသွားတော့ နောက်ဆုံး ခြင်္သေ့ကြီးက တစ်ကောင်တည်းဖြစ်နေတာပေါ့ ။ အထီးကျန်ခြ
င်္သေ့ကြီးပေါ့ဗျာ ဟဲဟဲ ။”
“ ဦးလေးတို့က ဟိုဘက်ကမ်းက လာကြတာလား ။”
“ ဟုတ်တယ် တူမကြီး ။ ဟိုဘက်မှာ ရွာတွေ အများကြီးရှိတယ် ။ ဒီကိုတော့ ဈေးသမတွေ ဈေးလာရောင်းကြတာများရဲ့ ။”
ဦးလေးကြီး၏အဖြေကြောင့် မှုန်ပြပြသာမြင်ရသောတစ်ဖက်ကမ်းကို ငေးကြည့်လိုက်မိသည် ။ ညနေစောင်းအချိန် နီကျင် ကျင်နေရောင်အောက်တွင် တစ်ကိုယ်တည်းအထီးကျန်နေရှာတဲ့ခြင်္သေ့ကြီးအနီး လှေကားထစ်လေးတွင်ထိုင်ရင်း ဧရာဝတီ မြစ်ကြီးကို ငေးကြည့်ရလျှင် အတော်လွမ်းစရာကောင်းမှာပဲဟု ကျွန်မ စိတ်ကူးယဉ်နေမိသည် ။ သို့ပေမဲ့ ကြာကြာစိတ်မကူး လိုက်ရ ။ ကိုးနာရီခွဲနေပြီဖြစ်တာကြောင့် ကျွန်မတို့ တည်းခိုခန်းသို့ ပြန်ခဲ့ကြသည် ။
တစ်နာရီတွင် ကျွန်မတို့ပြန်ကြရမည်ဖြစ်၏ ။ မပြန်ခင် ရရှိသောအချိန်နှစ်နာရီကျော်ကျော်တွင် ဖေဖေက ငှက်ပစ် တောင်နှင့် မဟာဓမ္မရာဇကသို့ ဆိုင်ကယ်နှင့်သွားမည်ဖြစ်ပြီး ကျွန်မတို့ညီအစ်မနှစ်ယောက်ကတော့ စက်ဘီးနှစ်စီးနှင့် လမ်းမ တစ်လျှောက်ရှိ စေတီပုထိုးမှန်သမျှ ၀င်ဖူးသွားကြမယ်ဟဲ့ဟုရည်သန်ကာ ဘီးကလေးကိုယ်စီနှင့် ထွက်ခဲ့ကြသည် ။
နှစ်နာရီသာအချိန်ရ၍ နင်းနိုင်သမျှ နင်းကြသည် ။ မနေ့က နာမည်ကြီးဘုရားများသာ ၀င်ဖူးခဲ့ရ၍ ယခုလမ်းတွင်တွေ့ သမျှ ဘုရားအစုံကို ၀င်ဖူးကြသည် ။ ၀င်လေ့လာကြသည် ။ နင်းရင်း ၀င်ဖူးရင်း နင်းရင်း ၀င်ဖူးရင်းနှင့် သွားလိုက်ကြတာ မင်း အိုချမ်းသာဘုရားသို့ ရောက်သွား၏ ။ ဆယ့်တစ်နာရီကျော်နေပြီ ။ လူကတော့ သိပ်မမောသေးသလိုပင်…။ တစ်လမ်းလုံး လည်း ရယ်စရာများနှင့် တွေ့ကြုံခဲ့ရသည် ။ ကျွန်မ့အစ်မက အသားညိုသည် ။ ကျွန်မက အသားဖြူသည် ။ ကျွန်မ့အစ်မက ၀ယ်လာသောနေကာမျက်မှန်ကြီး မသုံးလိုက်ရမည်စိုးသောကြောင့် ထုတ်တပ်ထားသည် ။ ကျွန်မက မှန်ကြောင်သမားမို့ ပါဝါ မျက်မှန်သာ တပ်ထား၏ ။ ရန်ကုန်သူတို့ထုံးစံအတိုင်း ဆံပင်ကတော့ အော်ရဂျင်နယ်များ မဟုတ်ကြ ။ သို့ပေမဲ့ ဤအခြေ အနေလောက်နှင့် ရန်ကုန်မြို့တစ်ပတ်ပတ်ဦး…ဘာမျှ မဆန်းလှ ။ ဘယ်သူမှလည်း foreigner(နိုင်ငံခြားသား)ဟု ထင်မည် မဟုတ် ။ သို့ပေမဲ့ ပုဂံတွင်က စက်ဘီးစီးသောမြန်မာဘုရားဖူး ခပ်ရှားရှားထင်၏ ။ နိုင်ငံခြားသားတွေကလည်း အချင်းချင်းဟု ထင်ကာ ကျွန်မတို့ကို နှုတ်ဆက်ကြ၏ ။ မြန်မာတွေကလည်း နိုင်ငံခြားသားဟု ထင်ကာ နှုတ်ဆက်ကြ၏ ။ ကျွန်မတို့လည်း အထင်ခံရနည်းလာဟု တွေးကာ ရုပ်တည်ကြီးနှင့် ပြန်နှုတ်ဆက်ကြသည် ။ ပြန်တွေးကြည့်လျှင် ရယ်ချင်စရာကြီး ။ တစ်ခါ ဆို…
“ Where are u from ? ”(မင်း ဘယ်ကလာလဲ ။ ဘယ်နိုင်ငံက လာလဲ ။)
ဟု မေးတော့ ကျွန်မ့အစ်မက …
“ From Burma .” ( မြန်မာက )
ဟုပြန်အော်ကာ စက်ဘီးကို နင်းပြေးရင်း ရယ်ကြသည် ။ ပျော်ဖို့ အလွန်ကောင်း၏ ။ မင်းအိုချမ်းသာဘုရားရောက်တော့ ဖရွန် ဘားမမားနိုင်တော့ ။
“ တင်ပါ့ဘုရား…တပည့်တော်တို့ ဗမာတွေပါဘုရား ။”
…ဟု ပြန်လျှောက်ရသည် ။ ဘုန်းကြီးတစ်ပါးက လျှောက်လာရင်း လှမ်းမေးသောကြောင့်ဖြစ်၏ ။ ဘုန်းဘုန်းက
“ ခုချိန် နိုင်ငံခြားသားတွေ လာတာ များတော့ စက်ဘီးနဲ့လာရင် နိုင်ငံခြားသားပဲ မှတ်နေတာ ။ ယိုးဒယားတွေထင်လို့ ။”
ဟု ပြန်မိန့်၏ ။ ကျွန်မတို့ခရီးဆက်ကြပြန်သည် ။
“ အစ်မလတ် ရေဘူးထဲမှာ ရေကုန်သွားပြီ ။”
ကျွန်မက ရေဘူးကို ခါပြရင်း ပြောလိုက်သည် ။ နာရီက ဆယ့်တစ်နာရီကျော်နေပြီမို့ ကျွန်မတို့ လာလမ်းအတိုင်း ပြန်လှည့်ရန် ပြင်စဉ် နောက်ဆုံးလက်ကျန်ရေကို ကျွန်မ သောက်ပစ်လိုက်၍ ကုန်သွားခြင်းဖြစ်၏ ။ ကျွန်မက ရေအလွန်သောက်သူမို့ လမ်း မှာ ရေဆာမှာကို စိုးရိမ်နေမိသည် ။
“ အေးပါ ။ စိတ်မပူပါနဲ့ ။ လမ်းမှာ ၀ယ်တာပေါ့ ။”
ဟု အစ်မလတ်က အားပေးသော်လည်း တကယ့်တကယ်တမ်းကျ တစ်လမ်းလုံး ဆိုင်လုံးဝမရှိ ။ ရွှေလိပ်တူးဟူသောဘုရားသို့ အသွားက မ၀င်ခဲ့ရ၍ ခဏ၀င်တော့ ကျွန်မ ရေအတော် ဆာနေပြီ ။ သိကြားပုန်းဘုရားသို့ ၀င်ဖူးတော့လည်း ရေရောင်းတာ မရှိ ။ ကားလမ်းမဘေးတစ်လျှောက်တွင်လည်း ဆိုင်သေးလေးတစ်ဆိုင်တွေ့လို့ ၀င်ကြည့်မိရာ ဓါတ်ဆီဆိုင်ဖြစ်နေသည် ။
ဥပါလိသိမ်ရှေ့ရောက်တော့ နိုင်ငံခြားခရီးသွားသုံးယောက်လောက် တွေ့ရသည် ။ မြင်းလှည်းနှစ်စီး ရပ်ထားသည် ။ ထို အနားတွင်တော့ ဘယ်ကဘယ်လို လမ်းမှားရောက်နေသလဲမသိသော ဖော့ပုံး(ရေခဲပုံး)နှင့် အသည်တစ်သည်ကို တွေ့၏ ။ ရေတစ်ပူးဝယ်ကာ ဖြည်းဖြည်းချင်း သောက်ချလိုက်သည် ။ ပါးစပ်ထဲတွင် ဘာအချိုရည်နှင့်မှမလဲနိုင်အောင် အရသာရှိလှ၏ ။ ဆယ့်တစ်ခွဲနေပြီဖြစ်၍ ကြာကြာမနားတော့ဘဲ ခရီးဆက်ကြတော့ ကျွန်မစက်ဘီးက ရှေ့က ၊ အစ်မက နောက်က ။ အသွား ကုန်းဆင်းလေးတုန်းက ၀ီခနဲဝီခနဲဖရီး(free)ရိုက်ဆင်းခဲ့တဲ့စက်ဘီး ခုကုန်းဆင်း ဖရီးရိုက်မိတော့ ယောင်ယောင်သာ ရွေ့သ ဖြင့် ကျွန်မ အံ့သြသွားမိသည် ။ အနောက်မှလိုက်လာသည့်အစ်မကပင်…
“ ဟဲ့…ဘာဖြစ်လို့လဲ ။ ရပ်မလို့လား ။”
…ဟု နဘေးသို့ ကျော်တက်ကာ နင်းစရာမလိုဘဲ ဘရိတ်ညှစ်၍ပင် မေးလိုက်သည် ။ ကျွန်မ နည်းနည်း အံ့သြသွားရသည် ။
တစ်လမ်းလုံး ထိုအတိုင်း…။ မြေညီတွင် အားစိုက်နင်းရပြီး ကုန်းတက်များဆိုလျှင် အသက်ထွက်မတပ် နင်းယူရသည် ။ ဘာဖြစ်နေမှန်း ကျွန်မ မသိ…။ စက်ဘီး မကောင်းတော့တာလား ။ ကျွန်မပဲ အားပျက်နေလို့လား ။ ဒါမှမဟုတ်…
“ အစ်မလတ်ရေ…ပြောစရာရှိလို့ ။”
သူက နောက်က ၊ ကျွန်မက ရှေ့က…ရှေ့ဆင့်နောက်ဆင့်ဖြစ်၍ ကျွန်မ ခပ်ကျယ်ကျယ်အော်ပြောလိုက်တော့…
“ အေး…ပြောလေ ။”
ဟု အစ်မက စကားထောက်သည် ။
“ သမီးဘီးကို နောက်က တစ်ယောက်ယောက် ဆွဲထားသလိုပဲ ။ သိပ်မရွေ့ဘူးဖြစ်နေတယ် ။”
“ အေး…ငါလည်း နောက်က သတိထားမိသားပဲ ။ စက်ဘီး သိပ်မကောင်းတာ နေမှာပေါ့ ။”
“ အသွားတုန်းက အကောင်းကြီး ။ ရှင်းရှင်းပြောရရင် ဥပါလိသိမ်နားရောက်တဲ့အထိ အကောင်းကြီး ။ အဲ့ဒီ့ကထွက်မှ
ကောက်ခါငင်ခါ ခုလိုဖြစ်သွားတာ ။ သမီး လုံးဝမကျေနပ်ဘူး ။ ဘုရားတိုင်းမှာလည်း အမျှဝေခဲ့ရဲ့သားနဲ့ ။ ဒီလိုနှောင့်
ယှက်စရာလား ။”
“ နင်ကလည်းဟယ်…။ စက်ဘီး ချို့ယွင်းတာနေမှာပါ ။ စမုတ်တံတွေဘာတွေ မကောင်းလို့လားမှ မသိတာ ။”
“ မလတ် ကြည့်နေနော် ။ ရှေ့ကဘုရားမှာ ၀င်ပြီး သမီး ၂၄ပစ္စည်း ရွတ်မယ် ။ နှောင့်ယှက်နိုင်သေးလား ကြည့်ရဦးမှာ
ပေါ့ ။”
ဟု ကျွန်မ ကြုံးဝါးပစ်လိုက်သည် ။ တကယ် ဟုတ်မဟုတ်ကိုတော့ ကျွန်မလည်း သေချာ မသိ ။ စက်ဘီးက နောက်ကတစ် ယောက်ယောက်ဆွဲထားသလို လေးနေတာတော့ အမှန် ။
ကျွန်မ အမှန်ပင် ရှေ့ကဘုရားတစ်ဆူတွင် ၂၄ပစ္စည်းပဋ္ဌာန်းအကျဉ်းကို ၀င်ရွတ်သည် ။ ဘုရားတွင် သမ္မာဒေ၀နတ်မြတ် နတ်ကောင်းများကို မေတ္တာပို့တိုင်တည်ကာ အနှောင့်အယှက်ကင်းဝေးရပါလို၏ဟု ဆုတောင်းပြီး စက်ဘီးပြန်စီးသည် ။ စိတ် ထင်လားတော့ မပြောတတ် ။ okသွားသည် ။ အစ်မကပင် …
“ အေးဟဲ့ ။ စက်ဘီးက သွက်နေတာပဲ ။ ဂမ္ဘီရဆရာမကြီးပြောတာ ငါတော့ ယုံချင်သွားပြီတော့ အဟစ်ဟစ်…”
ဟု နောက်သလိုလိုပြောင်သလိုလိုပြောသည် ။ ဘာပဲပြောပြော ကျွန်မ စက်ဘီးကို ပင်ပင်ပန်းပန်းမနင်းရတော့ဘဲ တည်းခို ခန်းသို့ ပြန်ရောက်သွားခဲ့သည် ။
တစ်ခါတစ်ရံ ထိုသို့သောအဖြစ်အပျက်မျိုးတွေကို ကြုံကြိုက်ကြလျှင် အမလေးဟယ်…ဆန်းလိုက်တာ လွန်ရောဟု ထင် မှတ်ယူဆကြ၏ ။ အမှန်တော့ ထိုသတ္တ၀ါတို့သည် သုံးဆယ့်တစ်ဘုံမှ ပြိတ္တာအုပ်စုထဲကဖြစ်၍ အဆန်းတကြယ် မဟုတ်သလို မယုံကြည်ဖြစ်စရာလည်း မလိုပေ ။ ၀ိညာဉ်ပရလောကနှင့်ပတ်သက်၍ ငယ်ခဲ့စဉ်က ကျွန်မ သူငယ်ချင်းများနှင့် ငြင်းခုံခဲ့ ဖူးသည် ။ ယခုတော့ မည်သူနှင့်မျှ ကျွန်မ မငြင်းခုံလိုတော့ ။ ပရလောကသားဟု ယူဆလို့ ရသလို စက်၏ချို့ယွင်းခြင်းဟူ၍ လည်း ယူဆလိုက ယူဆနိုင်ပါသည် ။ ပြောရလျှင် ပုဂံကိုရောက်ဖူးခဲ့သမျှထဲတွင် ဤခရီးစဉ်လေးသည် ကျွန်မအတွက် ရင် အခုန်ရဆုံး ၊ အပျော်ရွှင်ရဆုံး ၊ စိတ်ကြည်နူးချမ်းမြေ့ဆုံးဆိုသောအမှတ်တရများနှင့် ပြည့်နှက်နေခဲ့သည် ခရီးစဉ်လေးတစ်ခု အဖြစ် မှတ်တမ်းတင်လိုက်ရပါတော့သည် ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
by သရဲအကြောင်းပြောကြမယ်
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...