<div style='background-color: none transparent;'></div>

Thursday, May 23, 2013

နတ်နှင့်နဂါး (ဇာတ်သိမ်း)


ဦးပေတိုးလည်း
သမီးကိုအိမ်ထောင်ပေးစားလိုက်ပြီးသည့် အချိန်ကစ၍ နဂိုကလူကြီးနာနှင့်
သယိုသရီမမာလာသော ဝေဒနာအခံမှာ တနေ့တခြား တလတပါးဆိုသလို တိုး၍လာခဲ့လေ၏။
သမီးဖြစ်သူမယ်ဒွေးမှာ အရူးအပေါဖြစ်ရှာသည့်အလျောက် အဘေဖြစ်သူအတွက်
တခွန်းတစက်မျှ ပူရကောင်းစေမသိ မိမိဝါသနာပါလှသည့် အရှင်ကြီးများကိစ္စနှင့်သာ
အချိန်ကုန်ခဲ့သလောက် ဘိုးချစ်ဦးမှာ ဆရာတပိုင်း အဘတပိုင်းဖြစ်နေရှာသော
ဦးပေတိုးအား ကြိုးကြိုးစားစား ခြေဆုပ်လက်နယ် ပြုစုယုယနေလေတော့၏။
"ငါ့သားကြီး အဘတော့မနေရဘူး။ ဒီဝေဒနာနဲ့သေရတော့မယ်။ အဘမရှိတဲ့နောက်
အဘရဲ့အလုပ်ကြီးကို ငါ့သားအုပ်စီးပြီး အဘလက်ထက်ကလို
ဆက်လက်လုပ်ကိုင်ရလိမ့်မယ်နော်"
"ဟုတ်ကဲ့အဘ ကျွန်တော်တို့ဟာ ဒီအလုပ်ကို သားစဉ်မြေးဆက်ဆိုတာလို
အားထားလုပ်ကိုင်သွားကြရမှာဘဲ အဘရဲ့"
"အေး-ဒီအတွက်တော့ ဟုတ်ပါပြီ။ ငါ့သားကိုအဘေ မသေခင်အရေးကြီးတဲ့ အချက်အလက်ကလေးတွေ မှာချင်သေးတယ်ကွဲ့"
"မှာပါ အဘရဲ့-မှာပါ"
"အေးအေး သေသေချာချာနားထောင်နော်။ အဘတို့အလုပ်ဟာ စုန်း နတ် တစ္ဆေဆိုတဲ့ဟာတွေကို အတော်ရင်းနှီးဆက်ဆန်ရတယ်ဆိုတာ ငါ့သားအသိဘဲမဟုတ်လား။ အဲဒီလို ရင်းနှီးဆက်ဆန်တာမှာလဲ ဒီစုန်း နတ် တစ္ဆေတွေရဲ့အပေါ်မှာ အဘတို့က ခပ်စွာစွာနဲ့အပေါ်ကစီးပြီး ဆက်ဆန်လာကြတယ်ဆိုတာလဲ မောင်အသိဘဲ"
"ဟုတ်ကဲ့ အဘ"
"နေအုံးကွဲ့။ အဲဒီ စုန်း နတ် တစ္ဆေတွေရဲ့ အပေါ်မှာ အဘတို့က ဘာကြောင့် အထက်ကနေပြီး စွာနိုင်သလဲဆိုတော့ အဘတို့မှာ သူတို့ထက်သာတဲ့ မန္တာန်ဆရာများဖြစ်တာတကြောင်း ကတိသစ္စာတည်ကြည်ခိုင်ခန့်တာတကြောင်း ဆိုပါတော့ကွယ်"
"ဟုတ်ကဲ့ ခင်ဗျာ"
"မန္တာန်တွေ မန္တရားတွေစွမ်းတာလဲ တမျိုးပေပေါ့။ သို့သော်လဲ မန္တာန်ဘယ်လောက်စွမ်းစွမ်း ကတိသစ္စာမတည်ရင်လဲ အလကားဘဲ မောင်ချစ်ဦးရဲ့"
"ဟုတ်ကဲ့ ခင်ဗျ"
"နတ်နဲ့ နဂါး-မလှည့်စားနဲ့"ဆိုတဲ့ စကားပုံလဲရှိတယ်။ သည်တော့ကာ ငါတို့အလုပ်ကိစ္စနဲ့ ပတ်သက်လာသမျှမှာ အမြဲကတိသစ္စာတည်ပါစေ။ အလုပ်နဲ့ပတ်သက်တဲ့ကတိကိုပြောတာနော်။ အပြင်ကတိကို မဆိုလိုဘူး။ ဥပမာကွယ်-အဘသမီးမယ်ဒွေးကို မင်းတသက်လုံးစောင့်ရှောက်ပါမယ်ဆိုတဲ့ကတိမျိုးက ကိုယ်ရေးကိစ္စနဲ့ပတ်သက်တဲ့အပြင်ကတိမျိုးခေါ်တယ်ကွဲ့။ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ကတိက ငါတို့အလမ္မာယ်ပြဘို့ မြွေဘမ်းကြတဲ့အခါ စုန်း နတ် တစ္ဆေတွေနဲ့တကွ မြွေကိုပါ တိုင်တည်သစ္စာပြုပြီး "ဘယ်အရပ်က ဘယ်မြွေကို ဘယ်နှစ်နှစ်ခိုင်းပြီးပြန်ပို့ပါ့မယ်ဆိုတဲ့ ကတိပေါ့။ အဲဒီကတိမျိုးကို အဘဆိုလိုတာဘဲ ကြားလား"
"ဟုတ်ကဲ့ အဘ-ကျွန်တော် နားလယ်ပါတယ်"
"နတ်နဲ့နဂါး-မလှည့်စားနဲ့"ဆိုတဲ့ စကားထဲမှာ မိစ္ဆာနတ်ဆိုတာတွေဟာလဲ ကောင်းကျိုးကိုသာမပေးနိုင်ရှိရမယ်။ ဆိုးကျိုးပေးဘို့တော့ အင်မတန်လွယ်ကြတယ်။ စုန်း ကဝေဆိုတာတွေကတော့ သာဆိုးသေးတာပေါ့။ သူတို့ထက်စာရင် တစ္ဆေ သူရဲတွေက စိတ်ပြော့ကြသေးတယ်။ အဲဒီသတ္တ၀ါတွေနဲ့ နဂါးမျိုးနွယ်အဆက်ဖြစ်တဲ့ မြွေများဟာလည်း အမြဲတန်းအပမှီပြီး တဦးနဲ့တဦး အထူးဆက်သွယ်တတ်တဲ့ ဓလေ့ရှိတယ်။ တကဲ့နဂါးမျိုး တန်ခိုးက္ကုဒ္ဓိနဲ့ပြည့်စုံတဲ့ဟာတွေဆိုတာမှာတော့ ပြောစရာမရှိတော့ဘူးကွယ်။ အဲဒါကြောင့် သူတို့ကို ငါတို့ကလက်ကိုင်ပြုပြီး ပစ္စည်းရှာဖွေနေရတဲ့ လူတွေဆိုတော့ "ကျီးဘုတ်ရိုသေမှ-ဘုတ်ကျီးရိုသေ"ဆိုတာလို သူတို့အပေါ်မှာ စွာချင်သရွေ့စွာပြီး ဆရာလုပ်ချင်သရွေ့လုပ်နေနိုင်အောင်ဟာ မန္တာန်ကောင်း မန္တယားကောင်းတွေနဲ့ အားထားရုံ အားထားမနေဘဲ ကတိသစ္စာကိုလဲ မြဲရလိမ့်မယ်နော်"
"ဟုတ်ကဲ့အဘ"
"ကဲ-ကဲ ဒါဖြင့် အဘလဲ နေ့ ည သေရတော့မယ်။ ဒီတော့ကာ အဘကတိသစ္စာခံပြီး ဘမ်းထားတဲ့ မြွေများရဲ့ကတိတာဝန်ကို ငါ့သားကိုလွှဲရတော့မယ်။ ဒီလိုမလွှဲခဲ့ဘဲနဲ့ အဘသေသွားရှိရင် ဒီမြွေတွေကို ငါ့သားသြဇာမပေးနိုင်ဘူး။ သြဇာအာဏာပေးလို့လဲ သူတို့က ခံကြမှာမဟုတ်ဘူး။ ဒါကြောင့် ငါ့သားကို အဘမသေခင် စုန်း နတ် တစ္ဆေအများနဲ့ ဘမ်းထားတဲ့မြွေများကို အာဏာလွှဲဘို့ကတိသစ္စာပြောင်းပေးစရာ နက်ဖြန်ကို ကန်တော့ပွဲ အုန်းပွဲ ရှာနီအုတ် ဆန် ပန်း ပေါက်ပေါက်မှစပြီး အစစအသင့်ပြင်ဆင်ထားပေတော့ကွဲ့"
"ဟုတ်ကဲ့အဘ"
"ဟို-ပချုပ်အနက်ထဲက ငန်းဝါကြားကြီးဟာ အကြီးလဲအကြီးဆုံး အဆိုးလဲအဆိုးဆုံးနော်။ သူ့ကိုကြပ်ကြပ်သတိထားနေစမ်း။ နေစမ်း- အဲဒီအကောင်းကြီးဘမ်းတုန်းက သုံးနှစ်ထဲခိုင်းပါမယ်လို့ ကတိထားခဲ့သနော် မှတ်ထားမောင်ချစ်ဦး။ အခုသူ့ကိုခိုင်းခဲ့တာ နှစ်နှစ်နဲ့ သုံးလရှိပြီ။ သူ့ပြန်ပို့ဘို့ ကိုးလထဲလိုတော့တယ် မှတ်ထား"
"ဟုတ်ကဲ့ အဘမှတ်ပြီးပါပြီ"
"အေး-အေး ဟုတ်ပြီ။ နောက်ပြီး ပချုပ်နီထဲကစပါးအုန်းကြီးလဲ သုံးနှစ်ဘဲ သူလဲငန်းဝါကြားကြီးနဲ့ တလသာနောက်ကျတယ်။ ဟို-ငန်းစောင်းညီအစ်ကိုနှစ်ကောင်နဲ့ မပွေးမီးတိုကြီးကတော့ နှစ်နှစ်လောက်လိုပါသေးတယ်။ ပချုပ်ဖြူထဲကမြွေဟောက်သုံးကောင်ကိုလဲ ကောင်းကောင်းမွေးဟေ့။ သူတို့ကရှေ့အလားအလာအများကြီး မျှော်လင့်စရာတွေရှိနေတယ်။ သူတို့အတွက် သုံးနှစ်တောင်လိုပါသေးတယ်။ ကဲ-ဒါတွေ သေသေချာချာ ရေးမှတ်ထားနော်"
"ဟုတ်ကဲ့ အဘရေပြီးပါပြီ"
"အေး-အေး နက်ဖြန်ကတိလွဲပွဲမှာ ကန်တော့ပွဲတွေပြင်ပြီးရင် ဒီမြွေပချုပ်တွေကိုလဲ အားလုံးထုတ်ပြီး ကန်တော့ပွဲနဲ့ အတူပြင်ထားရလိမ့်မယ်။ ဟေ့-ကတိယူပြီးတဲ့အခါ ငါ့သားကိုယ်တိုင် မြွေပချုပ်တွေကို စေ့အောင်ကတိပေးရလိမ့်အုံးမယ် ကြားလား။ ကဲ-ကဲ သွား-သွား ညဥ့်နက်ပြီ အိပ်ချေတော့"
++++++++++++++++ +++++++++++++++++++ +++++++++++++++



ဘိုးချစ်ဦးသစ္စာကတိ အလွှဲခံပြီးသော အချိန်မှစ၍ နောက်ဆယ့်ငါးရက်ခန့်မျှအကြာတွင် အလမ္မာယ်ဆရာကြီး ဦးပေတိုးမှာ စွဲကပ်ရင်း လူကြီးနာနှင့်ပင် ကွယ်လွန်သွားရှာပြီဖြစ်ရာ ဘိုးချစ်ဦးသာလျှင် ဆရာကြီးခြေရာနင်း၍ အရပ်ရပ်ကိစ္စမှန်သမျှ တာဝန်ယူရတော့လေ၏။
အရူးအပေါကြီး မယ်ဒွေးကား ထူးမခြားနားဆိုသလို နဂိုဝါသနာအတိုင်း နတ်ရူးမကြီးတပိုင်းဖြစ်ခါ နတ်ကတော်ကြီးမဆီဘူးထံသို့သာ သွားလာဝင်ထွက်မြဲ သွားလာဝင်ထွက်၍နေပြီး လက်ထည်းရှိသမျှ ပိုက်ဆံကြေးငွေများကိုလည်း တပြားမကျန် မဆီဘူးလက်သို့ အပ်နှံကာ နတ်ကန္နားပွဲအတွက် အားတက်သရော စုဆောင်းနေလေ၏။
မယ်သွဲ့မှာလည်း မိမိချစ်ရည်းစားအတွက် နီးကွက်ပေါ်သည်ထက်ပေါ်လာပြီဖြစ်သောကြောင့် ဘိုးချစ်ဦးမြန်မြန်ငွေရှာရလျှင် မယ်ဒွေးပခန်းမင်းကလေးနှင့် လက်ထပ်နိုင်မည်။ မယ်ဒွေးနတ်ကတော်အထင်ကရဖြစ်သွားမှ မိမိနှင့်ဘိုးချစ်ဦးတို့လည်း အတင့်အတယ်နေနိုင်ရန် အခွင့်အလမ်းသာမည်ဟု ဘိုးချစ်ဦးနှင့် နှစ်ကိုယ်ကြား တိုင်ပင်ထားသည့်အတိုင်း သိနေပြီဖြစ်ရုံမက တခါကမူ ဘိုးချစ်ဦးကိုယ်တိုင်ပင်-
"ဒါနဲ့ မမယ်ဒွေးရာ ခင်ဗျားကတော့ နတ်ကတော်ကြီးဖြစ်ရမှာကြောင့် ၀မ်းသာနေတယ်။ ကျုပ်တော့ ခင်ဗျားနဲ့မင်္ဂလာဆောင်ထားရတာနဲ့ ဘယ်သူ့မှလဲမယူရတော့ဘူး။ ဘယ်သူကမှလဲမကြိုက်ဝံ့တော့ဘူး။ ကျုပ်မှာအလကားနေရင်း ကြားထဲက ထားစာခံလုပ်နေရတယ်။ ကျုပ်လဲမိန်းမလေးဘာလေး ယူချင်သေးတယ်ဗျ"
ဟု တမင်တကာ စကားအောက်နှင့် ငါးခြောက်ဝယ်လေရာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသောစကားအတိုင်း မိမိနတ်ကတော်ဖြစ်ရလျှင် ကြေနပ်နေသော မယ်ဒွေးက ခပ်အေးအေးပင်.......
"အေးဟာ- နင်မယားယူချင်လည်းယူလေ ပခန်းမင်းကလေးကလဲ နင်နဲ့ငါနဲ့အတူနေတာမကြိုက်ဘူးဆိုတော့ နင်လဲနင်ယူချင်တဲ့မိန်းမယူပေါ့။ ဒါပေတဲ့ ငါ့ကို နင်ရှာရတဲ့ပိုက်ဆံတွေ အကုန်ပေးရမှာတော့ သိလား..........."
"ပေးပါ့မယ်ဗျာ။ ဒါတော့မပြောတောင်ပေးမှာပါ။ ဒါပေတဲ့ ကျုပ်ကိုခင်ဗျားနဲ့ ရပ်သိရွာသိဖြစ်နေတော့ ဘယ်သူကယူဝံ့မှာလဲဗျ။ ကျုပ်ကကြိုက်ပါတယ် သွားပြောရင် အကြောင်းမသိတော့ ပါးချလွှတ်မှာပေါ့။ ဒီတော့ ကိုယ်နိုင်တဲ့အထဲက တယောက်တယောက်နဲ့ ခင်ဗျားပဲကြည့်ပြောပေးပါလားဗျ"
ဟု အသားလို၍ အရိုးတောင်းလိုက်ခြင်းကြောင့် မယ်ဒွေးကလည်း မိမိနိုင်သူဆို၍ မယ်သွဲ့တဦးကိုသာ ကြည့်၍မြင်သည့်အလျှောက်....."
"အေးကွာ-ငါလဲတခြားတော့ သွားရှာမပေးတတ်ဘူး။ နင်လိုချင်တယ်ဆိုရင် မယ်သွဲ့လေးကို ငါပြောပေးမယ်လေ။ ယူမလား........."
ဟု စကားစထွက်လာလျှင်ပင်-
"ဟင်-ဒါတော့ ကျွန်တော်ဘယ်ပြောတတ်မလဲ မမယ်ဒွေးရ။ ခင်ဗျားက သူ့ကိုယူဆိုရင် ယူရမှာဘဲလေ"
ဟု ဘိုးချစ်ဦးက ပြောလိုက်၍-
"အေးပါဟာ သူ့ကိုဘဲယူပါ ငါပြောပေးပါ့မယ်"
ဟု တာဝန်ခံသည်တွင်
"ဒီလိုဆို ခင်ဗျားဘဲမယ်သွဲ့ကိုပြောပေးလေ။ ကျုပ်တော့မပြောချင်ဘူး"
ဟု စူဠလိပ်မာယာမျိုး လုပ်နေပြန်သောကြောင့် အရူးအပေါကြီးမယ်ဒွေးမှာ မယ်သွဲ့အားဘိုးချစ်ဦးကိုယူရန် နားချပေးသဖြင့် မယ်သွဲ့ကလည်း အတွင်းကြိတ်ပြုံးကာ-
"ကျမတော့ ဘာသိမလဲလေ။ မမဒွေးကြေနပ်သလိုစီမံတာခံရမှာပေါ့"
ဟု ပြောလိုက်သောကြောင့် ဘိုးချစ်ဦးနှင့်မယ်သွဲ့တို့မှာ မယ်ဒွေးအသိအမြင် ချစ်ခင်စုံမက်သူများ ဖြစ်လာကြပြန်လေတော့၏။
သို့နှင့် မယ်သွဲ့၏မိခင်မကြီးမှုန် မယ်သွဲ့၊ ဘိုးချစ်ဦးတို့မှာ မယ်ဒွေးကိုလည်း ကြင်ကြင်နာနာစောင့်ရှောက်ခါနှင့် သူ့အလိုလိုက်၍ သူ့စိတ်ကြိုက်ကိုဆောင်ရွက်နေကြရှာလေရာ မယ်ဒွေးမှာလည်း နတ်ကတော်ကြီးဒေါ်ဆီဘူးလှည့်စားသည့် ပိုက်ကွန်တွင် အမိကြီးမိ၍ အငြိကြီးငြိကာ ဘိုးချစ်ဦးရှာစာ ဖွေစာထည်းမှ နှစ်ကြိမ်တိတိ နတ်ကန္နားပေးပြီးသည့်အချိန်အခါသို့ ရောက်လာလေ၏။
ဘိုးချစ်ဦးမှာ မိမိနှင့်မယ်သွဲ့တို့ လူသိရှင်ကြား အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ရန်မှာ မယ်ဒွေးအားနတ်ကြိုက်အောင် နတ်ကပ်ဆေးတိုက်ရန် သုံးကြိမ်နတ်ကန္နားပေးပြီးမှ ကိစ္စပြီးနိုင်မည်ဖြစ်သောကြောင့် ဒေါ်ဆီဘူးလိမ်လည်လှည့်ဖြား ညာလှိုင်းစားနေမှန်းသိလျှက်နှင့်ပင် မယ်ဒွေးအလိုအတိုင်း သုံးကြိမ် သုံးခါ နတ်ကန္နားပေးစရာငွေများကို ကြိုးကြိုးစားစားရှာဖွေလျှက် အထက်အခါများကထက် နယ်တွေသို့ထွက်၍ မြွေပြပွဲများကို မရပ်မနားလှည့်လည်ပြသလာရသည်အလျှောက် အိမ်သို့တစ်ကြိမ်တစ်ခေါက် ခေတ္တပြန်ရောက်သည်တိုင်အောင် ရက်ကြာကြာမနားဘဲ တသွားထဲသွား၍နေလေတော့၏။
ယင်းသို့ ဘိုးချစ်ဦးမှာ ငွေရဘို့အတွက်ကိုသာ အရေးတကြီးလုံးပမ်း၍နေရရှာသောကြောင့် ဦးပေတိုးမှာသော အလုပ်နှင့်ပတ်သက်သမျှ ကတိစကားများကိုပင် သတိမထားနိုင်အောင်ရှိလေ၏။ ပွဲပြသသော လက်ရှိမြွေများအနက် အလှဆုံး အကြီးဆုံး အဆိုးဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သော "ငန်းဝါကြား"ကြီးမှာ ရက်စေ့မှန်းမသိစေ့လာလေ၏။ ဘိုးချစ်ဦးကား လူကြိုက်အများဆုံးဖြစ်သော ထိုမြွေကြီးကို ရက်စေ့တော့မည်ဟု သတိမထားမိဘဲ မြွေပွဲများတွင် အထူးစိတ်ဝင်စားစွာ ပြသလာခဲ့သလောက် ပရိသတ်များကလည်း အခြားသောမြွေများထက် အဆိုပါ ငန်းဝါကြားကြီးကိုသာ တမ်းတမ်းစွဲဖြစ်နေပြီး ငန်းဝါကြားကြီးမပါလျှင်ပင် ဘိုးချစ်ဦး၏မြွေပြပွဲကြီး ပျက်စီးရတော့မည်ကဲ့သို့ရှိနေလေ၏။
သို့နှင့် ဘိုးချစ်ဦးမှာ ငွေရဘို့လောဘဇောနှင့် အဆက်မပြတ် ပြသလာခဲ့လေရာမှ တနေ့သောည ဘိုးချစ်ဦးအိပ်ပျော်နေစဉ် ငန်းဝါကြားကြီးသည် သူ၏ပချုပ်ထဲမှ တလှုပ်လှုပ်တရွရွနှင့် ထွက်လာပြီး ဘိုးချစ်ဦးအနီးသို့ လျှောတိုက်ခါရောက်၍လာပြီး အနီးသို့ရောက်သည်နှင့်တပြိုင်နက် လူတရပ်စာမျှမြင့်သော ပါးပျဉ်းကြီးကိုထောင်ခါ ဘိုးချစ်ဦးကို စိမ်းစိမ်းပါအောင်ကြည့်နေရာမှ မြွေကြီးပါးပျဉ်းနေရာတွင် လူကဲ့သို့သဏ္ဍန်ပေါ်လွင်ပြီး စောစောကမြွေခေါင်းကြီးမှာလည်း မျက်ထောက်နီနီနှုတ်ခမ်းပြဲပြဲ လူတဦး၏ဦးခေါင်းပုံဖြစ်သွားကာ ခေါင်းတွင်လည်း ရှာနီစကို နှစ်ဘက်မိတ်ချ၍ပေါင်းလျှက် လက်နှစ်ဘက်တွင် သစ်ရွက်စိမ်းများကိုင်ကာ ဘိုးချစ်ဦးကို ခက်ထန်စွာ စူးစိုက်ကြည့်လျှက်ရှိလေ၏။
ဘိုးချစ်ဦးသည်လည်း အရိပ်မြင်သဖြင့် ထိုဏ္ဍန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိရာ အဆိုပါ အပေါ်ပိုင်းနတ်စိမ်းလိုလို အောက်ပိုင်းကမြွေ၏ကိုယ်နှင့်ပြောင်းလဲနေသော ငန်းဝါကြားကြီးသည် အသံနက်ကြီးကိုထုတ်ခါ-
"ဟေ့-ဆရာ ငါရက်စေ့တော့မယ်။ မေ့နေသလား"
ဟု တခွန်းထည်း ခပ်ထန်ထန်ကြီးပြောပြီးနောက် နတ်စိမ်းလိုလိုအသွင်သဏ္ဍန်ပျောက်ခါ ငန်းဝါကြားကြီးအဖြစ်သို့်ပြောင်းလဲလျှက် သူ၏ပချုပ်ထည်းသို့ ပြန်ဝင်သွားသည်ကို တွေ့မြင်ရလေ၏။ ဘိုးချစ်ဦးလည်း ဤတွင်မှ အိပ်ရာကဖျပ်ခနဲလန့်နိုးပြီး ငန်းဝါကြားကြီးအတွက် လွှတ်ရန်ရက်နီးတော့ကြောင်း သတိရလေတော့၏။ "အင်း-ငါမေ့နေလို့သတိပေးတာဘဲ။ ဟုတ်ပါရဲ့ ငါကလဲခုမှဘဲသတိရတော့တယ်။ သြော် ဒီအကာင်ကြီးနဲ့ အင်မတန်စီးပွားဖြစ်နေတာ လွှတ်ရမှာနှစ်မြော-မြောဘဲလေ။ သူမရှိရင် ဒါလောက်လူကြိုက်များတော့မှာမဟုတ်ဘူး။ ရှိတဲ့မြွေသုံးကောင်နဲ့ စပါးအုံးကြီးဟာလဲ သင်လို့ပြလို့တော်တော်တိုးနေတာပဲ။ ဒါပေမဲ့လဲ သူတို့ကို လူကြိုက်နည်နေတော့ အခက်သားဘဲ" ဟု တယောက်ထဲတွေး၍ နှစ်မြောနေမိလေ၏။
ထို့နောက် ငန်းဝါကြားကြီး၏ ရက်များကိုရေတွက်ကြည့်ရှုရာ နောက်ထပ်လေးရက်သာ ကျန်တော့သည်ကိုတွေ့ရလေ၏။ ဤတွင်မှအခက်ကြုံချေပြီ။ ဤမြို့ဤဇာတ်ရုံတွင် ကပြရန်ကြော်ငြာထားသည်မှာ ငါးညတိတိဖြစ်လေရာ ထိုငါးညအနက်မှ နောက်ဆုံးတညမှာ အထူးပြသရန်ကြော်ငြာထားမိရုံမက ထိုညအဘို့မှာ ရုံဝင်ခကိုလည်း လေးပဲကတကျပ်အထိ သုံးစားထားကာ တတ်သမျှပညာကို အိတ်သွန်ဖာမှောက် ပြသမည့် အထူးပွဲကြီးဖြစ်၍ မြို့ပေါ်တွင်မက တနယ်လုံးက လူကြီးလူကောင်းများကိုပါဘိတ်ကြားပြသရန် လက်မှတ်များ ရောင်းချထားပြီဖြစ်ရကား ထိုညအဘို့ရရမည့် ၀င်ငွေမှာလည်း အနည်းဆုံးငါးရာလောက်ရှိမည်ဖြစ်လျှက် လူကြီးလူကောင်းများ အရာရှိများထံမှလည်း ဂုဏ်ထူးဆောင်လက်မှတ်များ ဆုတံဆိပ်များရရှိဦးမည်ဖြစ်သောကြောင့် ထိုညပြရက်ကို မစွန့်ပစ်ရက်နိုင်အောင် ရှိလေ၏။
ဤတကြိမ် နယ်ထွက်လာမှလည်း မိုးလေဖျက်၍ ကပြရက်ကောင်းစွာမရခဲ့သည်နှင့် မိမိထံတွင် ငွေနှစ်ရာလောက်မျှသာရသေးသည်ဖြစ်ရာ မိမိပြန်သွား၍ အသုံးလိုသည့်ငွေများမှာ မယ်ဒွေးနောက်ဆုံး နတ်ကန္နားပေးရေးအတွက်နှင့် နတ်နှင့်လက်ထပ်ဘို့ အခြားသူသုံးဖြုန်းလိုရာသုံးဖြုန်းဘို့ စုစုရရငွေငါးရာလောက် မှန်းထားပြီး မယ်သွဲ့နှင့်မိမိတို့လူသိရှင်ကြားညားကြပြီး အေးအေးအနားယူကာ စားသောက်နေထိုင်ကြရာက ငါးရာနှစ်ခုပေါင်းတထောင်လောက်ရမှသာဖြစ်မည်ကြောင့် နောက်ဆုံးပွဲကို အထူးအားခဲထားရခြင်းဖြစ်လေ၏။
ပြရသော် တော်လေမလား မတော်လားဟု အခါများစွာ ချင့်ချိန်ရင်းနှင့်ပင် ပွဲလေးရက်က ကုန်မှန်းမသိကုန်လာခဲ့ကြပြီး နောက်ဆုံးညသို့ ဗြုံးကနဲ ရောက်လာတော့သည်တိုင်အောင် ဘိုးချစ်ဦးမှာ မဆုံးဖြတ်နိုင်သေးဘဲရှိလေ၏။ သို့နှင့် နေ၀င်မိုးချုပ်၍ ဇာတ်ရုံတွင်ဓာတ်မီးများ လင်းထိန်ပြီး ရုံထဲသို့လူတွေဝင်စပြုနေသည်တိုင်အောင်လည်း ငန်းဝါကြားကြီးပြရေးမပြရေး ဆုံးဖြတ်ခြင်းမပြုနိုင်သေး။ သို့နှင့် နောက်ဆုံးပြပွဲချိန်စေ့၍ ဇာတ်ခုံရှေ့သို့ထွက်ခဲ့ရသောအချိန်အထိ ဘိုးချစ်ဦးစိတ်ဒွိဟဖြစ်နေလျှက်သာ လက်ရှိမြွေကြီး မြွေငယ် အသွယ်သွယ်တို့နှင့် အဆက်မပြတ်ကစားပြသနေလေသေးရာ ပရိသတ်အများလည်း အထူးသဖြင့် ကြိုးစားအသုံးတော်ခံသလောက် တဖျောက်ဖျောက်လက်ခုတ်တီး၍ သြဘာကြီးပေးလျှက်ရှိကြလေ၏။ သို့နှင့်ပြနေကြမြွေများနှင့် တခါတရံမှ ပွဲထုတ်ဘူးသည့်မြွေများကိုပါ တကောင်ပြီးတကောင် ဆက်ခါဆက်ခါ ကစားပြနေရာက အချိန်တ၀က်ကျိုးလာသောအခါ တထောင့်က ပရိသတ်များမှာ"ငန်းဝါကြားကြီး မပြသေးဘူးလား။ ခါတိုင်းဆိုရင် ငန်းဝါကြားကြီးကို များများပြတယ်။ ဒီညဘာပြုလို့ မထုတ်သေးသလဲ" ဟု တယောက်တပေါက် ပါးစပ်ဆူစ ပူစ ပြုလာကြလေ၏။
ဘိုးချစ်ဦးကား မပြဘဲဖြစ်လျှင်လည်းဖြစ်စေတော့ဟု ငန်းဝါကြားကြီးကို ပေကပ်ချန်ထားခဲ့သည်ဖြစ်ရာ ယခုမှာမူမပြလျှင် မနေသာတော့သောအခြေသို့ ရောက်လာကြောင်းသိရသဖြင့် ပရိသတ်များအဆူငြိမ်သွားစေခြင်းငှာ-
"တဆိတ်သည်းခံကြပါခင်ဗျာ။ ငန်းဝါကြားကြီးကို ဒီညအတွက် အထူးပြရမှာဖြစ်လို့ နောက်ဆုံးချန်ပြီးမှ အားရပါးရကြီးပြမယ်လို့ပါ။ မပြမှီဆုတံဆိပ်များလဲ ခံယူထားချင်ပါသေးတယ်ခင်ဗျာ"
ဟု ပြောလိုက်မှ ပရိသတ်များ ငြိမ်သွားလေ၏။ ထိုခဏ၌ဇာတ်ခုံအတွင်းဘက်ရှိ ပချုပ်နက်အတွင်းမှ ငန်းဝါကြားကြီးသည် ရွှီကနဲ ရွှီကနဲ နှစ်ချက်သုံးချက်ဆက်ခါ မတွန်စဘူးတွန်သံပေးလိုက်လျှင် ဘိုးချစ်ဦးမှာ အထူးသဖြင့် စိတ်လေးလျှက် မျက်နှာအနည်းငယ် ပျက်သလိုလိုဖြစ်သွားသည်ကို ဘိုးချစ်ဦး၏တပည့်ကလေးမောင်အေးသည် ဇာတ်ခုံဘေး ကားလိပ်ကြားမှနေ၍မြင်လိုက်ရသောကြောင့် မိမိဆရာဘိုးချစ်ဦးအတွက် အကြောင်းမဲ့ စိတ်လေးသွားမိလေ၏။
ထို့နောက်ကား ကြွလာသောမင်းပရိသတ်များထံမှ ဆုတံဆိပ်ဂုဏ်ထူးဆောင်လက်မှတ်များကိုခံယူပြီး ငန်းဝါကြားကြီးကိုပြသရန် ပြင်ဆင်ရလေ၏။ ဘိုးချစ်ဦးမှာ လက်မှတ်ရောင်းခငွေများ ဆုတံဆိပ်မှစ၍ အဘိုးတန်ပစ္စည်းများထည့်ထားသော သေတ္တာကလေးကို တပည့်မောင်အေးလက်သို့အပ်ခါ-
"ကဲ-တပည့်ရေ။ ဒီဟာကလေး ကောင်းကောင်းသိမ်းထားကွာ တကယ်လို့ ငါတစုံတခုဖြစ်တောင်မှ ဒီသေတ္တာကလေးကို မယ်သွဲ့နဲ့မမယ်ဒွေးတို့ဆီရောက်အောင်ပို့ပေးပါ။ ဟောဒီလွယ်အိတ်ထဲကဟာတွေကတော့ မင်းသိတဲ့အတိုင်း မြွေဆိပ်ဖြေဆေး မြွေနိုင်ဆေးတွေနော်။ ငါ့တပည့်လဲ ဆရာ့နည်းတွေအတော်ရနေမှဘဲ အထူးမှာစရာမလိုပါဘူး။ အရေးဆိုရင်ဘယ်လိုလုပ်ရမယ်ဆိုတာတွေ အသိဘဲမဟုတ်လား"
ဟု မှာကြားနေလေရာ တပည့်မောင်အေးမှာ မိမိဆရာအတွက် စိတ်လေးသည်ထက်လေးလာရှာတော့၏။"ဆရာ-ဆရာ ဒီညဘာဖြစ်ချင်လို့ပါလိမ့်နော်" ဟု ရင်တထိတ်ထိတ်နှင့်စဉ်းစားမိကာ အရေးရှိလျှင် မိမိဆရာအတွက် အသက်ကိုစွန့်ရန် သန္နိဌာန်ချထားမိလေ၏။
ထိုညအဘို့မြွေများကား အတော်ထူးခြားနေလေ၏။ တကြိမ်မျှမတွန်ဘူးသော ငန်းဝါကြားကြီးမှာ သုံးခါတိတိတွန်သံပေးလျက် အခြားသောမြွေကလေး မြွေကြီးအသီးသီးတို့မှာလည်း မကြာခဏတပြစ်ပြစ်နှုင့် ချေးပါချနေသည်ကိုတွေ့မြင်လေ၏။ အလမ္ပါယ်ဆရာတို့၏အရေးအကြီးဆုံးသော အထိမ်းအမှတ်တခုမှာ ပြသနေစဉ် မြွေချေးပါမူ ရွာသူနှင့်အပမှီကာ မိစ္ဆာနတ်များအနှောက်အရှက်ပြုလိုကြောင်း သိနိုင်သည်ဖြစ်ရာ ဘိုးချစ်ဦးမှာ အထူးစိတ်လေးနေရှာ၏။ သို့ရာတွင် မိမိမှာ သာမာန်မြွေဆရာမျိုးတို့ထက် ထက်မြတ်စွမ်းဆောင်နိုင်သူဖြစ်သည်ဟု ယုံကြည်သူဖြစ်သည်တကြောင်း မန္တာန်ကောင်း မန္တယားကောင်း ဆေးဝါးအဆောင် လက်ဖွဲ့ကောင်းများကို လက်ကိုင်ရထားသူဖြစ်သည်တကြောင်း ထိုညအဘို့ ငန်းဝါကြားကြီးကို ပွဲမထုတ်၍လည်း မဖြစ်တော့သည့်အပြင် မယ်သွဲ့နှင့်မယ်ဒွေးတို့၏ အရေးကိုလည်း အမြန်ပြီးပြတ်စေခြင်းငှာ ဤတကြိမ်အိမ်အပြန်တွင် ငွေသားတထောင်နီးပါး ပါမှဖြစ်တော့မည်ကြောင့်တကြောင်း ငန်းဝါကြားကြီးလွှတ်ရက်စေ့သော်လည်း ဤနေ့တနေ့နှင့်တော့ အကြောင်းမထူးတန်ရာ ဟု စိတ်ပိုင်းဖြတ်လိုက်သည်တကြောင်းတို့ကြောင့် ပရိသတ်ပွဲတောင်းသည့်အလျောက် နောက်ဆုံးအကြိမ်တွင် မြွေပချုပ်ကြီးကို ဇာတ်ခုံရှေ့သို့ဆွဲထုတ်လာလေရာ တပည့်မောင်အေးမှာလည်း အရေးကြီးသော ဆေးဝါးလက်ဖွဲ့များကိုဆောင်ကာ ဆရာ့အနီးမှ ထက်ချပ်မကွာရပ်ကြည့်နေရှာလေ၏။
ဘိုးချစ်ဦးလည်း ထုံးစံအတိုင်း တီးဝိုင်းကို နတ်ဒိုးတီးစေပြီး ရွတ်နေကျ ဂါထာမန္တာန်များကို ဥုံ-ခံ၍ရွတ်ဘတ်မန်းမှုတ်ခါ မြွေပချုပ်ကိုဖွင့်လျက် တချက် နှစ်ချက်လက်နှင့်ပုတ်၍ဆွပေးလိုက်ရာ ပချုပ်တွင်းမှ ငန်းဝါကြားကြီးမှာ ရှူးကနဲဒေါထကာ လူတရပ်စာမျှရှိသော ပါးပျဉ်းကြီးဖြင့်ထောင်ပြပြီး လျှာနှစ်ခွကလေးကို မကြာခဏထုတ်ခါ စိမ်းစိမ်းကြည့်၍ နေလေ၏။ ဘိုးချစ်ဦးမှာ ခါတိုင်းလိုပင်မြွေကို ပါးပျဉ်းထောင်စေသည်တိုင်အောင် ယခုအကြိမ်မြင်ရပုံကား ပကတိငန်းဝါကြားကြီး ပါးပျဉ်းထောင်နေသည်ဟုမထင် အိမ်မက်တွင်တွေ့ရသည့်အတိုင်း ရှာနီစနှစ်ဘက်မိတ်ချပေါင်းထားသော နတ်စိမ်းနတ်ဝါးတစ်ဦးက စူးရှခက်ထန်စွာကြည့်နေသည်ဟု ထင်မိမြင်မိသဖြင့် ရုတ်တရက် ကျီးတိကြောင်တောင်ဖြစ်နေမိလေ၏။
နောက်မှ စိတ်ကိုအမြန်တင်းလိုက်ခါ ငန်းဝါကြားကြီးကို နှစ်ကြိမ်သုံးကြိမ်မျှ ဟန်မပျက် ပွေ့ယူမျှောက်ချီကစားလိုက်လျှင် ပရိသတ်များကား တအုံးအုံး တရုံးရုံးသဘောကျသွားပြီး လက်ခုပ်လက်ဝါးတီး၍ ကောင်းချီးပေးကြသည်တိုင်အောင် ဘိုးချစ်ဦးစိတ်တွင် ဤတစ်ကြိမ်မြွေကြီးကိုင်ရသည်မှာ ခါတိုင်းထက်ပိုမိုလေးလံနေသည်ထင်ရုံမက မြွေကြီးကိုမျှောက်ချီပွေ့ကိုင်လိုက်တိုင်းပင် ရှာနီစပေါင်းထားသော နတ်စိမ်းကောင်ကြီးကိုသာ ထိကိုင်နေသလိုထင်မိလျှက် လက်နေလက်ထားများပင် တခါတခါလွဲမှားသွားမိလေတော့၏။
ပရိသတ်တို့ကား သဘောကျသလောက် သြဘာလက်ခုပ်တွေ ချီးမြှောက်နေကြသည်တိုင်အောင် အနားကတပည့်မောင်အေးမှာ ဆရာဖြစ်သူ အတိမ်းအရှောင် လက်နေလက်ထား မကြာခဏမှားနေသည်ကိုမြင်ရသောကြောင့် နဂိုကစိတ်လေးရာတွင် ထပ်မံစိတ်မကောင်းစရာကြုံနေကာ အရေးဆိုလျှင် အဆင်သင့်ကူညီနိုင်အောင် အဆောင်ဆေးများကို တင်းကြပ်စွာဆုပ်ကိုင်ထားမိလေ၏။ ထိုခဏ၌ ဒုတိယအကြိမ် ဘိုးချစ်ဦးနှင့်ငန်းဝါကြားကြီးလှည့်ပတ်ကစားရာမှ-
"အောင်မယ်လေးဗျ"
ဟု အော်သော ဘိုးချစ်ဦးအသံနှင့် ခြေသလုံးကြားမှ လျှောခနဲဖြစ်သွားသော ငန်းဝါကြားကြီးကို မြင်ရသည်နှင့်တပြိုင်နက် မောင်အေးမှာ ( ဟိုက် ) ဟုအော်ပြီး မြွေကြီးကို ဆေးအင်းနှင့်ပေါက်လိုက်ပြီး အမြှီးဖျားကိုလည်း ဆေးကြော့ကွင်းနှင့်စွပ်ထားလိုက်ရာ မြွေကြီးမှာစူိးုင်မ၀ါးသောအသံနှင့် ဟစ်အော်ကာ လူးလှိမ့်နေရာက ဒေါသခက်ထန်စွာနှင့် အနီးတွင်ရုတ်တရက်လဲနေသော ဘိုးချစ်ဦးအား အညှိုးကြီးနှင့်လက်စားချေဘိအလား ခြေသလုံးနှစ်ဘက်ကို ဆက်ခါဆက်ခါ တအားပေါက်ပြီးမှ ပါးပျဉ်းကြီးသိမ်းကာ ဘိုးချစ်ဦးခြေရင်းမှာပင် အဆုံးစွန်ငြိမ်သက်သွားရှာလေ၏။ အမယလေးဗျဟု တခွန်းတည်း ခပ်အုပ်အုပ်အော်ပြီး လူးလှိမ့်နေသော ဘိုးချစ်ဦးမှာလည်း မြွေကြီးငြိမ်သွားသည်နှင့်တပြိုင်နက် တကိုယ်လုံးမှာ မီးသွေးတုံးတမျှ မဲမှောင်သွားပြီး တဟင်းတဟင်း ညည်းညူလျှက်ရှိတော့၏။
စက္ကန့်ပိုင်းမျှဖြစ်သော အချိန်ကလေးအတွင်းတွင် ဖြစ်ပျက်လိုက်သော ထိုအဖြစ်အပျက်မှာ ပွဲကြည့်ပရိသတ်များတွင် ရုတ်တရက်သော် ကြောင်တက်တက်ဖြစ်ပြီးမှ တရုံးရုံးတအုံးအုံးနှင့်ရုတ်ရုတ်ရက်ရက်ဖြစ်ခါ ထိတ်လန့်တကြားပြေးလွှားစပြုလာတော့၏။ တပည့်မောင်အေးကား ဆရာကိုပွေ့ထူထားပြီး အဖြေဆေးများနှင့် ကြိုးစားပြုစုလျှက်ရှိရာ တရုံလုံးရှိပရိသတ်များ ပြေးလွှားဆူပူနေကြသည်ကိုပင် သတိမထားနိုင်တော့ဘဲ ရှိလေ၏။
"ဆရာ-ဆရာ- ကျွန်တော်ဘာလုပ်ရမလဲဆရာရဲ့"
ဟု ဘိုးချစ်ဉ်ီးနားနားကပ်ခါမေး၍-
"မောင်အေး-မောင်အေး ဆရာ့အတွက်တော့ မမျှော်လင့်နဲ့တော့။ လက်လွန်ကုန်ပြီကွဲ့။ ကျန်တဲ့မြွေတွေကို ဆေးအင်းနဲ့ မြန်မြန်ချုပ်ထားလိုက်တော့ မောင်အေးရဲ့။ ဆရာ့အတွက် ငါ့တပည့် ဆောင်ရွက်ရမဲ့ ကိစ္စကတော့ ဆရာ့သေတ္တာကလေးကို မမယ်ဒွေးနဲ့မယ်သွဲ့တို့လက်ရောက်အောင်သွားပေးလိုက်ပေတော့ကွယ်။ အော် လောဘ လောဘ-လောဘကြောင့် မှားပြီအဘရေ။ အဘမှာစကား ကျွန်တော်သတိမထားမိဘဲ လောဘဇောဆွဲငင်မှုကြောင့် "နတ်နှင့်နဂါး မလှဲ့စားနဲ့" ဆိုတဲ့ အဘဆုံးမစကားကို နားမထောင်မိလို့ မှားပြီအဘရဲ့"
ဟု ပြောဆိုညည်းညူကာ နောက်ဆုံး၌ အငြိမ်ကြီးငြိမ်သွားတော့သဖြင့် တပည့်မောင်အေးမှာ ကျန်သောမြွေများကို ကဗျာကရာ ခြေချုပ်ဆေးနှင့် ချုပ်ထားလိုက်ရ၍ ဘိုးချစ်ဦး၏အလောင်းကို ကောင်းစွာ ပြင်ဆင်သဂြိုဟ်ပြီးနောက် တရွာတွင် ကျန်ရစ်ရှာသော မမယ်ဒွေးနှင့်မယ်သွဲ့တို့အား သွားရောက်အကြောင်းကြားကာ ပစ္စည်းသေတ္တာကလေးကို သစ္စာရှိသော တပည့်ကလေးဖြစ်သည့်အားလျှော်စွာ လက်ထိလက်ရောက် ပေးအပ်လိုက်ရရှာသည်တွင် ကျန်ရစ်သူ အရူးအပေါကြီးမယ်ဒွေးနှင့်ဘိုးချစ်ဦး၏ချစ်သူကလေးမယ်သွဲ့တို့မှာ ကံဆိုးရရှာသူ ဘိုးချစ်ဦးအတွက် မျက်ရေမစဲနိုင်အောင် ရှိရှာကြလေတော့သတည်း။
************************************************************************************
ပြီး၏။
by facebook page


0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...