<div style='background-color: none transparent;'></div>

သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Thursday, January 15, 2015

အလိုအလျောက် မောင်းနှင်သည့် မော်တော်ကား နည်းပညာအတွက် Google နှင့် ပူးပေါင်းရန် GM လမ်းဖွင့်ပေး

အလိုအလျောက် မောင်းနှင်သည့် မော်တော်ကားများ တီထွင်နေသည့် နည်းပညာ ကဏ္ဍတွင် Google နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားကြောင်း GM မော်တော်ယာဉ် ကုမ္ပဏီက အရိပ်အမြွက် ပြောကြားခဲ့သည်။

Goolgeရော၊ GM ကုမ္ပဏီတို့ပါ လူကိုယ်တိုင် မောင်းနှင်စရာ မလိုသည့် အလိုအလျောက် မောင်းနှင်စနစ် မော်တော်ကားများ ထုတ်လုပ်ရေးအတွက် အသီးသီး ကြိုးပမ်း အကောင်အထည် ဖော်နေကြသည်။ အဆိုပါ နည်းပညာ အောင်မြင်တိုးတက်ရေးအတွက် လိုအပ်လျှင် Google နှင့် ပူးပေါင်းသွားလိုကြောင်း GM ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဒက်ထရိုက်တွင် ကျင်းပသော မော်တော်ယာဉ် လုပ်ငန်းရှင်များ ညီလာခံ တစ်ခု၌ မှတ်ချက်ပေးခဲ့သည်။

“ကိစ္စ တော်တော်များများအတွက် ကျွန်တော်တို့ Google နဲ့ ပြောဆိုခဲ့ဖူးတာတွေ ရှိတယ်။ အရင်တုန်းက သူတို့နဲ့ အတူလက်တွဲ အလုပ်လုပ်ဖူးတဲ့ ပရောဂျက်တွေ ရှိခဲ့တယ်။ တကယ်လို့ အနာဂတ်မှာရော သူတို့နဲ့ လက်တွဲဖို့ အစီအစဉ် မရှိဘူးလားလို့ မေးလာရင် ဘာကြောင့် မရှိရမှာလဲလို့ ဖြေရမှာပါ။ GM အနေနဲ့ နည်းပညာ နယ်ပယ်က အလားအလာ ကောင်းမွန်တဲ့ ကုမ္ပဏီတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ စိတ်ကူးရှိပါတယ်”ဟု GM ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဒန်ဖလောရက်စ်က ပြောကြားခဲ့သည်။

အွန်လိုင်း ရှာဖွေရေး ဝန်ဆောင်မှုများ၊ စမတ်ဖုန်းများတွင် အသုံးပြုသည့် Android OS၊ မြေပုံစနစ်များကြောင့် ထင်ရှားသည့် Google ကုမ္ပဏီသည် ကိုယ်တိုင် အားထုတ်စရာ မလိုဘဲ အလိုအလျောက် အာရုံခံ မောင်းနှင်နိုင်သည့် မော်တော်ယာဉ် နည်းပညာကို စမ်းသပ် အကောင်အထည်ဖော်ရာတွင် အထိုက်အလျောက် အောင်မြင်မှုများ ရရှိနေသည်။

Google နှင့် လက်မတွဲနိုင်ခဲ့လျှင်ပင် GM အနေဖြင့် အလိုအလျောက် မောင်းနှင်နိုင်သော မော်တော်ကားများကို (၁၅)နှစ်အတွင်း လက်တွေ့ထုတ်လုပ် ရောင်းချသွားနိုင်မည်ဟုလည်း ဖလောရက်စ်က ဆိုသည်။ “တိတိကျကျ ရက်သတ်မှတ်ပေးဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နည်းပညာ တိုးတက်မှုတွေအရ (၅)နှစ်ကနေ (၁၅)နှစ်လောက် အတောအတွင်းမှာ ကိုယ်ပိုင် တွက်ချက်မှုတွေနဲ့ မောင်းနှင်နိုင်တဲ့ မော်တော်ကားတွေ လက်တွေ့ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

GMသည် အလိုအလျောက် မောင်းနှင်နိုင်သည့် မော်တော်ကား နည်းပညာကို စတင် စမ်းသပ်နေခဲ့သည်မှာ (၅)နှစ်မျှ  ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

_Ref: Computerworld
by 7daydaily

ထိုင်းကို ခိုးဝင်သူ မွတ်စလင်နှစ်ယောက် ထပ်မံသေဆုံး


ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကား ၅ စီးပေါ်ကနေ တွေ့ရှိ ဖမ်းမိခဲ့တဲ့ ခိုးဝင်လာသူ မြန်မာနိုင်ငံက မွတ်ဆလင်တွေ ထဲက အသက် နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မနေ့က ထပ်မံသေဆုံး သွားခဲ့ပါတယ်။

အစာအဟာရ နဲ့ ရေဓါတ်ခန်းခြောက်ပြီး ဆေးရုံမှာ သေ ဆုံးသွားခဲ့ကြတာလို့ ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းပင်လယ်ကွေ့ နခွန်ဆီ သမာရတ် ပြည်နယ်အတွင်း ရိုဟင်ဂျာလို့ ခေါ်ကြသူ ခိုး ၀င်လာသူ မွတ်ဆလင် တစ်ရာနီးပါးကို ရဲက ဖမ်းဆီး ခဲ့ပါတယ်။ အဲဒီနေ့က ကားပေါ်ပါ အမျိုးသမီးတစ်ဦး သေ ဆုံးနေတာ တွေ့ရပါတယ်။

မနေ့ကတော့ အမျိုးသားနှစ်ယောက် ထပ်မံသေဆုံးသွား ခဲ့ကြတာပါ။ဖမ်းမိသူတွေထဲမှာ တစ်ဝက်နီးပါးက အသက် ၁၄ နှစ်အောက် ကလေးတွေဖြစ်ကြပါတယ်။

သူတို့ကို မှောင်ခိုသွင်းယူလာတဲ့ လူမှောင်ခိုအဖွဲ့အစည်းနဲ့ အဆက်အစပ် ကွင်းဆက်တွေကို စုံစမ်းနေကြောင်း ထိုင်းရဲ တပ်ဖွဲ့က ပြောပါတယ်။

by RFA Burmese

Facebook က မဖွယ်မရာ ရုပ်သံဖိုင် နှင့် ဓာတ်ပုံများကို ကန့်သတ်တားမြစ်မည်

အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် လုပ်ဆောင်ထားမည်
ဝါရှင်တန် ၊ ၁၅-၁-၂၀၁၅

ကမ္ဘာပေါ်တွင် လူသုံး အများဆုံး လူမှုကွန်ရက် အင်တာနက် စာမျက်နှာအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့် Facebook က User များအနေဖြင့် ရုန့်ရင်း ကြမ်းတမ်းပြီး မဖွယ်မရာ ပြကွင်းပြကွက် နှင့် ပုံရိပ်များ ပါဝင်သော ရုပ်သံနှင့် ဓာတ်ပုံများ ကို တင်ထားခွင့် မပြုတော့ဘဲ ကန့်သတ်တားမြစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Facebook ၏ တားမြစ် ကန့်သတ်ချက် နှင့် ငြိစွန်းသည့် ရုပ်သံ၊ ရုပ်ပုံတက်လာလျှင် အထိတ်တလန့် ဖြစ်စေနိုင်သော ဟု အဓိပ္ပာယ် ရသည့် Shock ကို လည်းကောင်း၊ အရှက်ရ စေသောဟု အဓိပ္ပာယ် ရသည့် Offend ကို လည်းကောင်း၊ စိတ် အနှောင့်အယှက် ဖြစ်စေသောဟု အဓိပ္ပာယ် ရသည့် Upset ကို လည်းကောင်း ကွန်ပျူတာနှင့် ဖုန်းစကရင် များတွင် စာတန်းပြေး လေးဖြင့် တောက်လျှောက် ထိုးပြ သတိပေး နေမည်ဖြစ်ပြီး အဆိုပါ ရုပ်သံနှင့် ရုပ်ပုံများ ကိုလည်း အလိုအလျောက် ပွင့်လာစေမည် မဟုတ်တော့ဘဲ ကြည့်ရှု လိုသူက ကလစ်ခေါက် မှသာ ပွင့်လာ တော့မည်ဖြစ်သည်။

ထို့ပြင် Facebook သည် အသက် ၁၈ နှစ်အောက် User များထံ၌ အဆိုပါ မဖွယ်မရာ ရုပ်သံ၊ ရုပ်ပုံနှင့် အခြား ဂရပ်ဖစ်ပုံရိပ်များ မပွင့်အောင် ပိတ်ပင် ထားမည် ဖြစ်သည်။

'' Facebook ကို အသုံးပြုလို့ အန္တရာယ်နဲ့ ကြုံတွေ့ရတယ် ဆိုတာမျိုး မဖြစ်စေချင်လို့ အခုလို စတင် ကန့်သတ်ရတာ ဖြစ်ပါတယ်။ ငယ်ရွယ်နုနယ် အသိမကြွယ် သေးတဲ့ ကလေးငယ် တွေဟာ Facebook ကို အသုံးပြုပြီး အမဲလိုက် နေတဲ့ မနုဿမုဆိုး တွေရဲ့သားကောင် အချိန်မရွေး ဖြစ်သွား နိုင်ပါတယ်။ ဒါကို ထိရောက်စွာ ဟန့်တားချင်လို့ အခုလို ကန့်သတ် ပိတ်ပင် တားမြစ်ချက် တွေကို အကောင် အထည်ဖော် ဆောင်ရွက် ရတာ ဖြစ်ပါတယ် '' ဟု Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Facebook သည် ရုန့်ရင်း ကြမ်းတမ်းသော လူသတ်၊ မုဒိမ်းကျင့်၊ လိင်စိတ်နှိုးဆွ ပေးသော ရုပ်သံဖိုင် နှင့် ရုပ်ပုံဖိုင်များကို ထိန်းချုပ်ရာတွင် အားနည်းသည် ဟု နိုင်ငံတကာ၏ ဝေဖန်ပြစ်တင် မှုကို လွန်ခဲ့သော နှစ်ပိုင်းကပင် စတင်ခံစား ခဲ့ရသည့် အတွက် ယခုဖော်ပြပါ အတိုင်း စတင် အရေးယူ ဆောင်ရွက်ခြင်း လည်း ဖြစ်နိုင်ကြောင်း လေ့လာ စောင့်ကြည့်သူ များက သုံးသပ် ထားသည်။

ပထမဆုံး အနေဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ ချာလီဟက်ဗဒို ဂျာနယ်တိုက် အရေးတွင် အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် ပိတ်ချ ထားတော့မည် ဖြစ်ကြောင်း သိရသည်။

by PyiChitThar

Friday, January 2, 2015

ခင်ပွန်း ဖြစ်သူ၏ အချက်အပြုတ် စွမ်းရည်ကို နောက်ပြောင် ကျီစယ်ခဲ့သည့် အမျိုးသမီး ဓားထိုးခံရ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရူဂျာရတ် ပြည်နယ် ဆူရတ်မြို့တွင် ခင်ပွန်းဖြစ်သူ ချက်ပြုတ် နေသည်ကို နောက်ပြောင် ကျီစယ် ခဲ့သည့် အမျိုးသမီးမှာ ဓားဖြင့် အထိုးခံ ခဲ့ရကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဂန်ပတ်ဗက်ဇ် အမည်ရှိ အသက် ၄ဝ နှစ်အရွယ် အမျိုးသား တစ်ဦးသည် မီးဖိုချောင်အတွင်း ဟင်းရွက်ကြော် တစ်ပွဲကို ပြင်ဆင်နေစဉ် ဆူမန် အမည်ရှိ အသက် ၃၈ နှစ်အရွယ် ဇနီး ဖြစ်သူသည် ခင်ပွန်း ဖြစ်သူ၏ အချက်အပြုတ် စွမ်းရည် ကို နောက်ပြောင် ကျီစယ်ခဲ့ရာမှ ခင်ပွန်း ဖြစ်သူက ဒေါသထွက်ပြီး ဇနီးသည်၏ ပခုံးအား အသွားငါးလက်မ အရှည်ရှိသော မီးဖိုချောင်သုံး ဓားဖြင့်ထိုး၍ အခင်းဖြစ်ပွား ရာနေရာမှ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆူမန်သည် အိမ်နီးချင်းများ ထံ ပခုံးဓားဒဏ်ရာ တန်းလန်းဖြင့် သွားရောက်ခဲ့ပြီး ဆေးရုံကား ခေါ်ပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။

ဆရာဝန်များက သူမ ပခုံးအတွင်း စိုက်ဝင်နေသော ဓားကို ဖယ်ရှား ပေးခဲ့ပြီး ဓားဒဏ်ရာကြောင့် အရေးကြီးသော အင်္ဂါ အစိတ်အပိုင်း သို့မဟုတ် သွေးလွှတ်ကြော တစ်စုံတစ်ရာ ပျက်စီးခဲ့ခြင်း မရှိကြောင်း၊ ယခုအခါတွင် သူမသည် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် ခင်ပွန်းဖြစ်သူ ဂန်ပတ်ဗက်ဇ် အား ဒေသတွင်း ပန်းခြံတစ်ခု၌ ဖမ်းဆီးရမိ ခဲ့ပြီး တရားစွဲဆို မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းအနေဖြင့် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ကျခံ ရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

by PyiChitThar

Wednesday, December 31, 2014

အဲအေးရှ လေယာဉ် ရှာဖွေမှုတွင် အလောင်းသုံးလောင်းသာ တွေ့ရှိထားသည်ဟု အင်ဒိုကယ်ဆယ်ရေး အေဂျင်စီပြော

ဂျာဗား ပင်လယ်ပြင်တွင် ပျောက်ဆုံး အဲအေးရှ လေယာဉ်ရှာ ဖွေမှုတွင် ယခု အချိန်ထိ လူသေအလောင်း သုံးလောင်းသာ တွေ့ရှိထားသည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေ ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ကပြောသည်။ အစောပိုင်းက အခြားသော တာဝန်ရှိသူတစ်ဦးက အလောင်း ၄၀ ကို တွေ့ရှိခဲ့သည်ဟု ပြောကြားထားခဲ့သည်။
“ ခုချိန်ထိ အလောင်း သုံးလောင်းကို ကျွန်တော်တို့ ဆယ်ယူထားပြီးပါပြီ၊ အလောင်းတွေက အခု စစ်သင်္ဘော ဘန်တိုမို ပေါ်မှာ ရှိပါတယ်” ဟု အေဂျင်စီ အကြီးအကဲ ဘန်ဘန်း ဆိုလစ်ယို က ဂျာကာတာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။ ရှာဖွေ တွေ့ရှိထားသည့် အလောင်းများသည် အမျိုးသမီး အလောင်း နှစ်လောင်းနှင့် အမျိုးသား အလောင်းနှစ်လောင်းဖြစ်သည်ဟု ပြောသည်။
အစောပိုင်းက ရေတပ်ရေဒီယိုမှတဆင့် အင်ဒိုရေတပ်သင်္ဘောတစ်စီးက ပင်လယ်ပြင်မှ အလောင်း ၄၀ ကို ဆယ်ယူထားသည်ဟု အင်ဒို ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ မာနာဟန်  စီမိုရန်ကီအာက ထုတ်ပြန်ပြောကြားထားခဲ့သည်။ သို့သော် ယင်းထုတ်ပြန်ချက်မှာ ၎င်း၏ ၀န်ထမ်း၏ နားလည်မှုလွဲမှားသွားခြင်းကြောင့် မှားယွင်းသွားခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင်၎င်းက ပြန်လည် ပြောကြားသည်။
by mizzimaburmese

Thursday, December 25, 2014

The Interview ရုပ်ရှင် Sony အင်တာနက်ပေါ်တင်


ဆိုနီရုပ်ရှင်က ပြဿနာဖြစ်နေတဲ့ အငြင်းပွားဖွယ် The Interview ဟာသကားကို ခရစ္စမတ်နေ့မှာ ရုပ်ရှင်ရုံပေါင်း ၂၀၀ မှာ ရုံတင်ပြသမယ်လို့ ကြေညာခဲ့ပြီး နောက် တနေ့မှာပဲ ဇာတ်ကားကို စတင် ဖြန့်ဖြူးလိုက်ပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို YouTube-Google Play နဲ့ Microsoft Xbox တို့လို Digital နည်းပညာသုံး နေရာအများအပြား ကနေလည်း ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုလုပ်ဆောင်ခွင့် မရစေချင်သူတွေက ဆိုနီရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ လာပြီး စော်ကားတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီရုပ်ရှင်ကို ပြသဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။

ဒီရုပ်ရှင်ကိုပြရင် အကြမ်းဖက်မှု ရှိနိုင်တယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတာမို့ အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်းရှင် အများအပြားက ပြသဖို့ ငြင်းပယ်ခဲ့တာကြောင့် ဒီကားကို မပြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုနီက ရုပ်သိမ်းခဲ့ရတာပါ။

ရုပ်ရှင်ထဲမှာ အမေရိကန် ထောက်လှမ်းရေးက အသစ်ခန့်ထားခဲ့တဲ့ သတင်းထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကား ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဒီရုပ်ရှင်အတွက် ဝေဖန်ရှုတ်ချခဲ့သလို ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေလည်း ဒီလအစောပိုင်းမှာပဲ ဖောက်ထွင်းတာခံခဲ့ရပြီး အဖိုးတန် သတင်းအချက်အလက်တွေနဲ့အတူ လျှို့ဝှက်အချက်အလက်တွေပါ ခိုးယူတာခံခဲ့ရတာပါ။ ဒီဆိုဒ်ဘာ တိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်တယ်လို့ အမေရိကန် အစိုးရက စွပ်စွဲပေမဲ့ မြောက်ကိုရီးယားက ဒါကို ငြင်းဆိုပါတယ်။

အမေရိကန် သမ္မတ Barack Obama ကလည်း ဆိုနီက ဒီကားကို ရုံတင်မပြဘူးလို့ ပြောခဲ့တာဟာ အမှားတရပ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောကြားခဲ့ပါတယ်။ အခု အကန့်အသတ်ထားပေမဲ့ ရုံတင်ပြဖို့လုပ်ပြီး အများကြည့်ရအောင် စီစဉ်ပေးတာမို့ မစ္စတာ အိုဘားမားက ကြိုဆိုကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Eric Schultz က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Sunday, December 21, 2014

မိန်းမများများ ယူနိုင်သည့် မက်လုံးက အိုင်အက်စ်သို့ ၀င်ရောက်ရခြင်း၏ အဓိက စေ့ဆော်မှုဟုဆို

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁။ အိုင်အက်စ် အဖွဲ့သို့ တိုက်ခိုက်ရေးသမားများ အဖြစ် ဝင်ရောက် ကြရာတွင် ရည်ရွယ်ချက်၊ စိတ်ဓာတ် စေ့ဆော်ချက် မျိုးစုံ ရှိနေကြသော်လည်း ယင်းအဖွဲ့သို့ ၀င်ရောက်ရသည့် အဓိက စိတ်ဓာတ် စေ့ဆော်မှုမှာ လိင်စိတ်ကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင် တစ်ဦးက ကောက်ချက်ချ ပြောဆိုလိုက်သည်။
"အိုင်အက်စ်တို့ လူသစ်စုဆောင်းရာမှာ လိင်ပိုင်းဆိုင်ရာ ခံစားခွင့်တွေ ကိုလည်း မက်လုံးပေး ထားတယ်။ အဖွဲ့ ဝင်တွေ အနေနဲ့ က မိန်းမ တွေကို လိင်ဆက်ဆံဖို့  အခွင့်အရေး ပိုရနိုင်တယ်။ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက တို့ အပြင် ဒေသတစ်ချို့ က ငယ်ရွယ်သူတွေ၊ လူလတ်ပိုင်းတွေ အတွက် မိန်းမတွေကို လွယ်လွယ်ရရှိပြီး သားမယားအဖြစ် ဆက်ဆံနိုင်မှာ ဖြစ်လို့  လူသစ် စုဆောင်းရာမှာ မက်လုံး တစ်ရပ်လို ဖြစ်နေရတာ ဖြစ်တယ်"ဟု အမေရိကန် နိုင်ငံ ဘရန်ဒီး တက္ကသိုလ် ပါမောက္ခနှင့် အိုင်အက်စ်အဖွဲ့ ကို စောင့်ကြည့်သည့် အနောက် တိုင်း ဂျီဟတ်ဝါဒီ ပရောဂျက် အဖွဲ့ ကို တည်ထောင်သူ ကလော်ဆန်ကပြောသည်။
       
ပုံမှန်အားဖြင့် မွတ်ဆလင် ဘာသာတွင် အမျိုးသားများ အနေဖြင့် မိန်းမလေးယောက် အထိ တရားဝင် ယူခွင့် ရရှိထားရာ အစွန်းရောက် များ ဖြစ်သည့် အိုင်အက်စ်များ လက်အောက်တွင်မူ ယင်းထက်ပင် ပိုမိုသည်။ အိုင်အက်စ်တို့သည် သိမ်းပိုက်ထားသည့် နယ်မြေများ အတွင်းမှ အမျိုးသမီး ကြီးငယ်ရွယ်လတ် များနှင့် ကလေးငယ်များကို မည်သို့မျှ ကာကွယ်စောင့်ရှောက် ပေးခြင်း မရှိဘဲ အိုင်အက်စ် တပ်သားများ၏ ထင်သလို ပြုမူမှုများကို ခွင့်ပြုထားလေ့ ရှိသည်။ အထူးသဖြင့် မွတ်ဆလင် ဘာသာဝင်များ မဟုတ်သည့် ရာဇီဒီ အမျိုးသမီးများနှင့် ကာ့ဒ် အမျိုးသမီးများမှာ အိုင်အက်စ် တပ်သားများ၏ အဓမ္မ ပြုကျင့်ခြင်း၊ ပြည့်တန်ဆာ အဖြစ် ရောင်းချခြင်း၊ သတ်ဖြတ်ခြင်း များကို ခံကြရသည်။
အိုင်အက်စ် တိုက်ခိုက်ရေးသမား ဖြစ်သူများ အတွက် လိင်ကျေးကျွန်အဖြစ် မိန်းမများ၏ အလုပ်အကျွေး ပြုမှုကို ရရှိနိုင်ခြင်းက ယင်းအချက် အတွက် သက်သေ တစ်ရပ်ပင် ဖြစ်သည်ဟု ယင်းပရောဂျက် အဖွဲ့ က ဆိုသည်။ ယင်း ပရောဂျက် အဖွဲ့သည် အိုင်အက်စ်တို့ ၏ လိင်ကျေး ကျွန်ဖြစ်ခဲ့သူများကို ကူညီပေး နေသည့် အဖွဲ့ တစ်ဖွဲ့ လည်း ဖြစ်သည်။
        
အိုင်အက်စ် အဖွဲ့သား များက ဖမ်းဆီးထားသည့် အမျိုးသမီး များကို သားမယားအဖြစ် သိမ်းပိုက် နိုင်ခွင့်၊ ရောင်းစား နိုင်ခွင့်နှင့် ဖမ်းမိထား သူများအတွင်း အရွယ်မရောက် သေးသော မိန်းကလေး များကိုပါ ကာမ ဆက်ဆံခွင့် များကို  တရားဝင် ရရှိထားကြသည်။ လိင်ခံစားခွင့် များနှင့် အမျိုးသမီး များစွာကို မယားအဖြစ် အတင်း အဓမ္မ သိမ်းပိုက်နိုင်ခြင်း တို့ က အိုင်အက်စ်တို့ ၏ လူသစ် စုဆောင်းသည့် လက်နက်များပင် ဖြစ်ကြောင်း ကလော်ဆန်က ပြောသည်။ "အိုင်အက်စ်တို့ ရဲ့  နယ်မြေတည်ထောင်မှုမဟာဗျုဟာမှာ ဒီလက်နက်ကို အဓိကထား သုံးနေတာပဲဖြစ်တယ်။"ဟု ၎င်းက ဆက်လက် ပြောသည်။
      
လိင်ခံစားခွင့် များကို လူသစ်စုဆောင်းရေး လက်နက်တစ်ခု ထက်ပင် အိုင်အက်စ်တို့ က ပို၍ အသုံးချနေသည် ဟုလည်း မန်ဆာချုးဆက် တက္ကသိုလ်မှ ရာဇဝတ်မှု ဆိုင်ရာ အမျိုးသမီး ပါမောက္ခ တစ်ဦးဖြစ်သည့် မီယာဘရွန်း ဆိုသူက ပြောသည်။ အမျိုးသမီးများကို စိတ်တိုင်းကျ ရရှိနိုင်သည့် အရသာက တပ်သားများကို တပ်မှ ထွက်မသွား နိုင်စေရန် ဆွဲဆောင် နိုင်ခဲ့ကြောင်း မီယာဘရွန်းက ထောက်ပြ ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ရာသက်ပန် သစ္စာရှိမည့် တပ်သားများကို အိုင်အက်စ်တို့ ရရှိခဲ့ကြောင်း ဘရွန်းက ဆိုသည်။
"အိုင်အက်စ် တိုက်ခိုက်ရေးသမား အများစုက အိုင်အက်စ် အဖွဲ့ ထဲဝင်ရင် မိန်းမတွေ တစ်ယောက်မက ရယူနိုင်တယ်ဆိုပြီး ဝင်ကြတယ်။ အဲဒါကလည်း သူတို့ ကို အိုင်အက်စ် အဖွဲ့ကနေ မထွက်နိုင် စေဘဲ သေတစ်ပန် သက်တစ်ဆုံး အဖွဲ မှာ  တာဝန်ထမ်းဆောင် သွားစေတဲ့ အချက်တစ်ချက်လည်း ဖြစ်တယ်"ဟု မီယာဘရွန်းက ပြောခဲ့သည်။
Ref: VOA
by mizzima

Friday, December 19, 2014

ဝိတ်တာတစ်ဦး ဘောက်ဆူးအဖြစ် ကားတစ်စီး လက်ဆောင်ရ

988959_822018161173483_1092905971005217805_n
အမေရိကန်ပြည်ထောင်စုမှ စားသောက်ဆိုင်ဝိတ်တာလုပ်သားအမျိုးသမီးတစ်ဦးသည် ၎င်း၏ဆိုင်တွင် ပုံမှန်လာရောက်စားသောက်နေသည့် လင်မယားနှစ်ဦးထံမှ ဘောက်ဆူးအဖြစ် ကားတစ်စီး လက်ဆောင်ရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ မစ်ဆူရီပြည်နယ်၊ ဘရန်ဆန်မြို့ရှိ Cracker Barrel စားသောက်ဆိုင်တွင် လုပ်ကိုင်နေသော စင်ဒီဂရက်ဒီဆိုသူ အမျိုးသမီးသည် စားသုံးသူများအား ၀န်ဆောင်မှုပေးရာတွင် စေတနာရှိသောကြောင့် ၎င်းအား ဖောက်သည်များက ချစ်ခင်နှစ်သက်ကြသည်။
ထိုအထဲတွင် ဆိုင်သို့ ပုံမှန် လာရောက်စားသုံးသည့် ဂယ်ရီတက်ကက်နှင့် ရိုစန်တက်ကက်ဆိုသော လင်မယားနှစ်ဦးလည်း ပါဝင်သည်။ မစ္စစင်ဒီသည် ဆိုင်သို့ အလုပ်လာဆင်းတိုင်း ယာဉ်တိုက်မှုကြောင့် ပျက်စီးကာ ကားဘောနတ်ကို ကြိုးဖြင့်သိုင်းထားရသလို ယာဉ်မောင်းဘက်ခြမ်းမှ မှန်မရှိ၍ ပလတ်စတစ်စအဖြူကို မှန်သဖွယ် ဖုံးအုပ်ထားသည့် သူမ၏ ၂၀၀၂ မိုဒယ် Hyundai Accent ကားဖြင့် လာရောက်လေ့ရှိသည်ကို မစ္စတာ ဂယ်ရီတက်ကက်တို့ လင်မယားက မြင်တွေ့ကာ ကရုဏာသက်မိ၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က ၎င်းတို့၏ ၂၀၀၈ မိုဒယ် Ford Fusion ကားကို ပေးအပ်ခဲ့ ခြင်းဖြစ်သည်။ မသန်စွမ်းသားတစ်ဦးရှိသူ မစ္စစင်ဒီမှာ ခရစ္စမတ်လက် ဆောင်အဖြစ် ကားတစ်စီးရရှိခဲ့ခြင်းအပေါ် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်မိခဲ့ပြီးသူမအား မစ္စတာဂယ်ရီကိုယ်တိုင် ကားသော့ပေးကာ မောင်းနှင်ခိုင်းခဲ့သလို ထိုဗီဒီယိုဖိုင်ကို မစ္စတာဂယ်ရီ၏သမီးက အင်တာနက်ပေါ်တင်ခဲ့ရာ Like လုပ်သူ သိန်းနှင့်ချီ ရှိခဲ့သည်။
Ref: Today.com
Auto Mobile Journal
by myanmarlatestnews

ချုလာလောင်ကွန်း တက္ကသိုလ်တွင် ပညာသင်နေသည့် မြန်မာသံဃာ ၁၅ ပါး အပါအဝင် သံဃာ ၄၀ အစာအဆိပ်သင့်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာသံဃာ ၁၅ ပါး အပါအဝင် ၄၀ ဦးခန့် အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရသည်ဟု မဟာချူလာလောင်ကွန်း ကျောင်းသားဟောင်း ဦးဇင်း ဦးတေဇက ဒီဇင်ဘာ ၁၉ ရက်က မဇ္ဈိမကို မိန့်သည်။
Thailan-Monk
(ဓာတ်ပုံ - အရှင်တေဇ၊ ဒီပဲယင်း)
ဒီဇင်ဘာလ ၁၇ ရက်က ယင်းတက္ကသိုလ်တွင် တရားစခန်းဝင်နေသော သံဃာ အပါး ၄၀ ခန့်သည် နံနက် အာရုံဆွမ်း ဘုန်းပေးပြီးနောက် နေ့လည်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာသဖြင့် ထိုနေ့ ညကပင် ဆေးရုံတင်လိုက်ရသည်ဟု သူက မိန့်ကြားသည်။
“မဟာချူလာမှာ တက်နေတဲ့ကျောင်းသားတွေ နှစ်တိုင်း တစ်ရက် တရားစခန်းဝင်ရတယ်။ တရားစခန်းဝင်ရတဲ့ သံဃာတွေက အရမ်းများတယ်။ အဲဒီ့သံဃာတွေအတွက် ထမင်းကြော်ကို ညကတည်းက စီစဉ်ထားတာ။ မနက်ပိုင်းရောက်တော့ သိုးနံ့တွေ ထွက်နေတယ်။ အဲဒီဟာကို စားရင်းနဲ့ နောက် ခရုပင်လယ်စာတွေနဲ့ တွေ့တော့ အစာမတည့်တာ ထင်တယ်။ အစာအဆိပ်ဖြစ်ပြီးတော့ အပါး ၄၀ လောက် ဆေးရုံကို တင်လိုက်ရတယ်” ဟု ဦးဇင်း ဦးတေဇက မိန့်သည်။
တရားစခန်းဝင်သော နိုင်ငံတကာ သံဃာအပါး ၁၀၀၀ ခန့် ရှိပြီး ထိုအထဲမှ မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယား အပါအဝင် နိုင်ငံတကာမှ တရားစခန်း လာဝင်နေသည့် သံဃာ အပါး ၄၀ ခန့်ကို အယုဒ္ဒယဆေးရုံ၊ ဝမ်ဝိုင်ဆေးရုံ အပါအဝင် ဆေးရုံ ၃ ရုံတွင် ဆေးကုသနေသည်ဟု သူက ဆိုသည်။ ဒီဇင်ဘာ ၁၉ရက်တွင်မူ သံဃာများမှာ ကျန်းမာရေး ကောင်းမွန်နေပြီဟု ၎င်းက မိန့်သည်။
အစာအဆိပ်သင့်သော သံဃာများသည် အထက်လှန်အောက်လျော ဝမ်းလျှောခြင်း၊ အော့အန်ခြင်းများဖြစ်ပြီး ဘန်ကောက်မြို့ရှိ ဆေးရုံ ၃ ခုတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
“ဆေးရုံကနေတော့ မဆင်းသေးဘူး။ ဒါပေမဲ့ သက်သာလာပြီ။ သိပ်တော့ စိုးရိမ်စရာတော့ မရှိပါဘူး။ တချို့သံဃာတွေက မနေ့ကထိ ဝမ်းပျက်တာ မရပ်သေးဘူး။ ဒီနေ့တော့ ဝမ်းရပ်ပြီလို့ ကြားတယ်” ဟု ဦးဇင်း ဦးတေဇက မိန့်ကြားသည်။
ဘန်ကောက်မြို့ရှိ ချုလာလောင်ကွန်း တက္ကသိုလ်တွင် မြန်မာသံဃာတော် အပါး ၃၀၀ ခန့် ပညာသင်ယူနေသည်ဟု သိရသည်။
by mizzimaburmese

ဩစတြေးလျရှိ နေအိမ်တစ်လုံးတွင် ကလေး(၈)ဦး သေဆုံးနေခြင်းကို ရဲတပ်ဖွဲ့ စုံစမ်းနေ

ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်း မြောက်ပိုင်းဒေသရှိ ကဲန်စ်မြို့မှ နေအိမ်တစ်လုံးတွင် ကလေးငယ်(၈)ဦး သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ရဲများက အဆိုပါ နေအိမ်ထဲတွင် ဓားဒဏ်ရာဖြင့် လဲကျနေသည့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို တွေ့ရှိသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ကြေညာသည်။ သို့သော်လည်း အသက်(၁၈)လမှ (၁၅)နှစ် အရွယ်ကြား ကလေးငယ်များနှင့် အဆိုပါ အမျိုးသမီးတို့ကြား ဆက်စပ်မှုကို အတိအကျ မပြောနိုင်သေးချေ။ အမျိုးသမီးမှာ ယခုအခါ အခြေအနေ တည်ငြိမ်နေကြောင်း သိရသည်။
ဩစတြေးလျ မီဒီယာများက ကလေးများသည် ဓားဒဏ်ရာကြောင့် သေဆုံးနေကြခြင်းဖြစ်ကြောင်း ဖော်ပြကြသော်လည်း ရဲတပ်ဖွဲ့က ယင်းအချက်ကို အတည်ပြုချက် ပေးမထားချေ။
ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က အဆိုပါ ဖြစ်ရပ်သည် စကားလုံး ရှာမရအောင် ဆိုးရွားသည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီလို ဖြစ်ရပ်မျိုး ကြုံရရင် ဘယ်မိဘမဆို အူလှိုက်သည်းလှိုက် ဝမ်းနည်း ကြေကွဲကြမှာပါ”ဟု ၎င်းက ဆိုသည်။
မာနူရာ ဆင်ခြေဖုံး ရပ်ကွက်ရှိ နေအိမ်ထဲတွင် ဒီဇင်ဘာ ၁၈ ရက်က အလောင်းများ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အနီးတဝိုက်တွင် စုံထောက်များက ဖြန့်ကျက် စုံစမ်းနေဆဲ ဖြစ်သည်။ လတ်တလောတွင် ရဲတပ်ဖွဲ့ အနေဖြင့် မည်သည့် မသင်္ကာသူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီး ထိန်းသိမ်းထားခြင်း မရှိသေးကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။
ဩစတြေးလျ သတင်းအချို့က ဒဏ်ရာရသူ အမျိုးသမီး၏ ညီအစ်မဝမ်းကွဲ တော်စပ်သူ တစ်ဦး၏ အဆိုကို ကိုးကားပြီး သေဆုံးသူ ကလေးငယ်များသည် ညီအစ်ကိုမောင်နှမ အရင်းများ ဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။
ကဲန်စ်မြို့မှ စုံထောက်အရာရှိ ဘရူနို အက်စ်နီကာကမူ ကလေးအားလုံးသည် မိသားစု တစ်ခုတည်းမှ ဖြစ်သည်ဆိုခြင်းကို မိမိ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။ “ဒီဖြစ်ရပ်ကတော့ လူတိုင်းအတွက် အရမ်းကို တုန်လှုပ်ကြေကွဲစရာပါ။ ရဲအရာရှိတွေတောင် ဒီလိုအခြေအနေမျိုးမှာ စိတ်ခိုင်ခိုင်ထားဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့လည်း လူသားတွေပဲလေ”ဟု ၎င်းက ပြောကြားခဲ့သည်။
ကွင်းစ်လန်း ဝန်ကြီးချုပ် ကမ့်ဘဲလ်နယူးမန်းကလည်း ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းမိကြောင်း ဖွင့်ဟခဲ့သည်။ “ဒီဖြစ်ရပ်ဟာ ကဲန်စ်လူ့အဖွဲ့အစည်းသာမကဘဲ ကွင်းစ်လန်းတစ်ခုလုံးက လူတိုင်းကို သက်ရောက်စေမယ့် ကြေကွဲစရာ ကိစ္စကြီး ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသွားသည်။
_Ref: BBC
by 7daydaily

ဓာတ်ပုံနှင့် သီချင်းသစ်များ ခိုးခံခဲ့ရသည့် အတွက် မက်ဒေါနား တစ်ယောက် လူတကာအပေါ် သံသယကြီးနေ

ဒီဇင်ဘာ ၁၈။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံများနှင့် မကြာမီ ထွက်ရှိရန် ပြင်ဆင်နေသည့် အယ်လ်ဘမ်သစ် ထဲမှ ဓာတ်ပုံများ ခိုးယူ ခံလိုက်ရခြင်းမှာ အတွင်းလူ တစ်ဦးဦးက ကူညီခြင်း ကြောင့်သာ ဖြစ်နိုင်သည်ဟု ယူဆသောကြောင့် အဆိုတော် မက်ဒေါနားမှာ သစ္စာဖောက် ခံရသည်ဟု ခံစားမိနေပြီး လူတကာအပေါ် သံသယ ၀င်နေသည်။

သတင်းရင်းမြစ် တစ်ခုက ပြောရာတွင် “သူ လူတိုင်းကို သံသ ယ၀င် နေတယ်။ တကယ့်ကို သည်းမခံနိုင်တဲ့ အခြေ အနေလည်း ဖြစ်တယ်။ ဆယ်နှစ် ကျော်နီး ပါးလောက် ဖြစ်ပျက်နေခဲ့တာ ဆိုတော့လေ” ဟုဆိုသည်။
မက်ဒေါနားမှာ သူမ၏ ကွန်ပြူတာနှင့် ဖုန်းများထဲမှ အချက်အလက်များကို ဆယ်စုနှစ် တစ်စုကျော် ကြာအောင် ခိုးယူ ခံနေခဲ့ရ သည်ဟု သိရှိပြီး နောက်တွင် အချိန်ပြည့် သံသယ လွန်ကဲ နေတော့သည်။ သူမ၏ အဖွဲ့ထဲမှ သူမ၏ လျှို့ဝှက် နံပါတ်များကို သိသောတစ်ဦး တစ်ယောက်က ခိုးယူသူများနှင့် ပူးပေါင်းကာ သူမကို ပျက်စီးစေရန် ကြံစည် နေမည်ကိုလည်း အဆိုတော်က ကြောက်ရွံ့ နေသည်။
အစ္စရေး နိုင်ငံပြင်ပမှ လုပ်ဆောင် နေသည်ဟု ယူဆရသည့် အဆိုပါ ခိုးယူသူသည် မက်ဒေါနား၏ ကိုယ်ပိုင်ဓာတ်ပုံများနှင့် မထွက်ရှိရ သေးသည့် သီချင်းများ ကိုခိုးယူကာ မှောင်ခို ဈေးကွက်တွင် ပြန်လည် ရောင်းချ နေသည်။
အဆိုပါ ပစ္စည်းများမှာ မက်ဒေါနား၏ ပရိသတ်များ အကြားတွင် အရောင်းအ၀ယ် အကြီးအကျယ် ဖြစ်နေပြီး အခြေအနေမှာ ဆိုးရွားလွန်းသည့် အတွက် ပစ္စည်း   ရောင်းသူ တစ်ဦးနှင့် မက်ဒေါနားမှာ Skyped မှ တဆင့် မိနစ် သုံးဆယ်ခန့် စုံစမ်း ပြောဆိုသည့် အနေအထားပင် ဖြစ်ခဲ့ရသည်။
စကား ပြောရာတွင် ခိုးယူသူ မည်သူမည်ဝါ ဆိုသည်ကို ပြောပြ ပေးရန်ပင် မက်ဒေါနားက အဆိုပါ ကုန်သည်ကို တောင်းပန် ခဲ့သည်ဟု ဆိုသည်။
ခိုးယူခံရသည့် ဓာတ်ပုံများမှာ ယခင်က တစ်ခါမှ မမြင်ဖူးသေးသည့် မက်ဒေါနား၏ ဖက်ရှင်ကိုယ်ဟန်ပြမှုများ ပါဝင်ပြီး အဆိုပါ ပုံများကို သူမ၏ အင်စတာဂရမ် မှ တဆင့် ပရိသတ်ကို မက်ဒေါနားက အသိပေး ပြသခဲ့သည်။
အတွင်းခံ အ၀တ်အစားနှင့် ဓာတ်ပုံနှင့် ပတ်သက်ပြီး အဆိုတော်က “ဒါက အ၀တ်ဝတ်နေတဲ့ ပုံမို့လို့ ကျွန်မ မတင်ခဲ့တာပါ။ ဒီလိုမျိုးပုံစံ ကျွန်မရဲ့ ဓာတ်ပုံတွေ နဲ့ ဘယ်တုန်းကမှ ပိုက်ဆံ မရှာပါဘူး။ ဒါပေမယ့် တခြားလူတွေ ကတော့ လုပ်တယ်လေ။
ကျွန်မရဲ့တကယ့် ပရိသတ် အစစ်အမှန်တွေ၊ ကျွန်မကို အနုပညာရှင် တစ်ယောက် အဖြစ် အသိအမှတ်ပြု လေးစားတဲ့ ထောက်ခံသူတွေကို မထွက်ရှိသေး တဲ့ ဓာတ်ပုံတွေ၊ သီချင်းတွေကို အရောင်းအ၀ယ် ပြုလုပ်တဲ့ အထဲမှာ မပါဝင်ကြဖို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်” ဟု ရေးသားခဲ့သည်။
ယနေ့တွင် မက်ဒေါနား၏ သီချင်း အသစ်များ ထွက်ရှိ လာပြီး မကြာမီ ထွက်မည့် အယ်လ်ဘမ် သစ်တစ်ချပ် လုံးနီးပါး ပင်ဖြစ် လိမ့်မယ်ဟု ထင်ရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မက်ဒေါနားမှာ အကြီးအကျယ်ပေါက်ကွဲကာ “ဒါက အနုပညာကို ဗလက္ကာရ လုပ်တာပါပဲ။
ဒီသီချင်းတွေက အကြမ်း သွင်းထား တာတွေပါ။ အဲဒီထဲက တစ်ဝက် လောက်က ကျွန်မ့ရဲ့ အယ်လ်ဘမ် ထဲမှာတောင် မထည့်ရ သေးပါဘူး ဒါက တကယ် တော့ အကြမ်းဖက်မှု ပုံစံတမျိုးပါပဲ။ ဘာကြောင့်များ လူတွေက အနုပညာလုပ်ငန်းစဉ်ကို ဖျက်ဆီးချင်ကြတာလဲ။
ဘာလို့ ခိုးကြတာလဲ။ ဒါကို အပြီးထိ ဖန်တီးပြီး ကျွန်မရဲ့ အကောင်းဆုံး ဆိုတာကို ရှင်တို့ဆီပေးဖို့ ကျွန်မကို ဘာကြောင့် အခွင့်အရေး မပေးကြ တာလဲ” ဟု ရေး သားခဲ့သော်လည်း နောက်ဆက်တွဲ အငြင်းပွား ဖွယ်ရာများဖြစ်လာ နိုင်သဖြင့် ပြန်လည် ဖြုတ်ချပြီး ပိုပြီး တည်တည်ငြိမ်ငြိမ် ပုံစံဖြင့် “အခိုးခံရတာ တွေကို နား မထောင် ကြတာ ကျေးဇူးတင်ပါတယ်။ ရှင်တို့ရဲ့ သစ္စာရှိမှုကိုလည်း ကျေးဇူးတင်ပါတယ်” ဟုသာ ပြန်လည် ပြင်ဆင်ရေးသား ခဲ့သည်။
မက်ဒေါနား၏ အမာခံပရိသတ်ဖြစ်သည့် စပိန်နိုင်ငံသားတစ်ဦးသည် သီချင်းအသစ် ၇ ပုဒ်ကို အင်တာနက်တွင်တင်ခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် အဖမ်းခံခဲ့ ရသေးသည်။
Ref: Mirror
Photo: ဓာတ်ပုံနှင့် သီချင်းသစ်များ ခိုးခံခဲ့ရသည့် အတွက် မက်ဒေါနား တစ်ယောက် လူတကာအပေါ် သံသယကြီးနေ 

ဒီဇင်ဘာ ၁၈။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံများနှင့်မကြာမီထွက်ရှိရန် ပြင်ဆင်နေသည့် အယ်လ်ဘမ်သစ် ထဲမှ ဓာတ်ပုံများ ခိုးယူ ခံလိုက်ရခြင်းမှာ အတွင်း လူတစ်ဦး ဦးက ကူညီခြင်း ကြောင့်သာ ဖြစ်နိုင်သည်ဟုယူဆသောကြောင့်အဆိုတော်မက်ဒေါနားမှာ သစ္စာဖောက် ခံရသည်ဟု ခံစားမိနေပြီး လူတကာအပေါ် သံသယ ၀င်နေသည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/35142-2014-12-18-11-38-25
by mizzima

အပူချိန် ဆိုးရွားစွာ ကျဆင်းမှုကြောင့် အိန္ဒိယ မြောက်ပိုင်းတွင် လူ ၃၀ ဦး သေဆုံး

လက်ခ်နောင်း၊ ဒီဇင်ဘာ ၁၈။ အိန္ဒိယ နိုင်ငံ ဥတ္တရာခန် ပြည်နယ်တွင် နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီးအပူချိန် ဆိုးဆိုးရွားရွား ကျဆင်းခဲ့မှုကြောင့်ပြီးခဲ့ သည့်နှစ် ရက်အတွင်းတောင်ပေါ် ဒေသများတွင် လူ ၃၀ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ် သဘာဝ ဘေးအန္တရာယ် လျော့ပါး သက်သာရေးနှင့် စီမံခန့်ခွဲမှုဌာကပြော ကြား သည်။ အခြား ပြည်နယ် တစ်ခုဖြစ်သည့် ဟီမာချာလ် ပရာဒေ့ရှ် ပြည်နယ်တွင်လည်း နှင်းများ စံချိန်တင် ကျဆင်း ခဲ့သည်။
ထို့အတူ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်တွင်လည်း တောင်ပေါ်ဒေသမှ လာသော အအေးဓာတ် ပါသော လေများကြောင့် အပူချိန် ကျဆင်းခဲ့သည်။
လပ်ခ်နောင်းမြို့သည် အနိမ့်ဆုံး အပူချိန် ၆ ဒသမ ၆ ဒီဂရီစင်တီဂရိတ် အထိ ရှိခဲ့ပြီး ဥတ္တရာပရာဒေ့ရှ် ပြည်နယ်တွင် အအေးဆုံး ဖြစ်ခဲ့သည်။.
လပ်ခ်နောင်းမြို့တွင် မနက်ပိုင်းက မြူများ ဆိုင်းနေသော်လည်း နံနက် ၉ နာရီမတိုင်မီက ပြင်းထန်သော လေများ တိုက်ခိုက်မှုကြောင့် ကောင်းကင်တွင် မြူများ ကင်းစင်ခဲ့သည်။ နေသာ ခဲ့သ်ာလည်း အမြင့်ဆုံး အပူချိန်သည် ၂၁ ဒသမ ၅ ဒီဂရီ ဆဲလ်ဆီးရက်စ်သာ ရှိခဲ့ပြီး သာမန် အပူချိန်ထက် ၃ ဒီဂရီ နိမ့်ခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်တွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်သည် ၂၁ နှင့် ၇ ဒီဂရီ အသီးသီးရှိမည်ဟု ခန့်မှန်းရသည်။ လာမည့် နေ့များတွင် ညအပူချိန်သည် ၅ဒီဂရီ ဆဲလ်ဆီးရက်စ်အထိ ကျဆင်းနိုင်ကြောင်း မိုးလေ၀သ အရာရှိများက ပြောကြားသည်။
Ref: AFP
Photo: အပူချိန် ဆိုးရွားစွာ ကျဆင်းမှုကြောင့် အိန္ဒိယ မြောက်ပိုင်းတွင် လူ ၃၀ ဦး သေဆုံး

လက်ခ်နောင်း၊ ဒီဇင်ဘာ ၁၈။ အိန္ဒိယ နိုင်ငံ ဥတ္တရာခန် ပြည်နယ်တွင် နှင်းများထူ ထပ်စွာ ကျဆင်းခဲ့ပြီးအပူချိန် ဆိုးဆိုးရွားရွား ကျဆင်းခဲ့မှုကြောင့်ပြီးခဲ့ သည့်နှစ်ရက် အတွင်းတောင်ပေါ် ဒေသများတွင် လူ ၃၀ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ် သဘာ ၀ ဘေးအန္တရာယ် လျော့ပါး သက်သာရေးနှင့် စီမံခန့်ခွဲမှုဌာကပြော ကြား သည်။ အခြား ပြည်နယ် တစ်ခုဖြစ်သည့် ဟီမာချာလ် ပရာဒေ့ရှ် ပြည်နယ်တွင် လည်း နှင်း များ စံချိန်တင် ကျဆင်း ခဲ့သည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/35138-2014-12-18-11-11-40
by mizzima

Thursday, December 18, 2014

ကင်မ်ဂျုန်အန်းကို သရော်ထားတဲ့ ရုပ်ရှင် မပြတော့


The Interview ရုပ်ရှင်ကားကို လာမကြည့်ကြဖို့ ဟက်ကာအုပ်စုက လူထုကို သတိပေးထား
မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုန် အန်းကို လုပ်ကြံတဲ့ အကြောင်း ဟာသ ရုပ်ရှင်ကားတခုကို အမေရိကန်နိုင်ငံမှာ လာမယ့် သီတင်းပတ်မှာ ပြသဖို့ စီစဉ်ထားတာကို ရုပ်ရှင်ရုံ အများအပြားက သူတို့ရုံတွေမှာ မပြနိုင်ဘူးလို့ ငြင်းဆန်ခဲ့ကြတာကြောင့် အဲဒီရုပ်ရှင် ထုတ်လုပ်တဲ့ Sony ရုပ်ရှင်ကုမ္ပဏီက ရုပ်ရုပ်ကားကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။
The Interview လို့ခေါ်တဲ့ အဲဒီ ရုပ်ရှင်ကားကို သွားမကြည့်ကြဖို့ အင်တာနက်ကနေ သတင်း အချက်အလက်တွေ ခိုးယူတဲ့ ဟက်ကာ အုပ်စုတစုက လူထုကို အစောပိုင်းက သတိပေးထားပါတယ်။
ဒါဟာ အရင်က မကြုံဖူးခဲ့တဲ့ ရာဇဝတ်မှု မြောက်တဲ့ တိုက်ခိုက်မှုမျိုး ခံခဲ့ရတာလို့ Sony ရုပ်ရှင်ကုမ္ပဏီက ပြောပါတယ်။
Sony ရုပ်ရှင်ကုမ္ပဏီရဲ့ အတွင်းရေး သတင်းအချက်အလက် အတော်များများကို အင်တာနက်ကနေ ခိုးယူပြီး လူသိရှင်ကြား ဖွင့်ချခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ပါဝင်နေတယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ပြောကြောင်း သတင်းတွေက ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

Wednesday, December 17, 2014

ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းရင်း ဘေးအိမ်ခေါင်မိုး ပျက်စီးသွားခဲ့တဲ့ နယ်သာလန်က ဖြစ်ရပ်

အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကို ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းတစ်စီးကို ငှားပြီး သူ့ချစ်သူ ကောင်မလေး ရဲ့ အိပ်ခန်း ပြတင်းပေါက်ရှေ့ကို ကရိန်းနဲ့ သူကိုယ်တိုင်သွားပြီး လက်ထပ်ခွင့်တောင်းရန် စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတဲ့ အတိုင်း လက်စွပ်ကို ယူပြီး ကရိန်းနဲ့ သူ့ချစ်သူရဲ့ အိပ်ခန်း ပြတင်းပေါက်ရှေ့ကို အသွားမှာ သက်တမ်းကြာနေလို့ လုပ်ဆောင်မှုတွေမကောင်းတော့တဲ့ ကရိန်း ဟာ ချို့ယွင်းသွားပြီး ဘေးအိမ်က အိမ်နီးချင်းတစ်ယောက်ရဲ့ အိမ် ခေါင်မိုးကို ပျက်စီးသွားစေခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ ၊ အစ်ဆယ်လ်စတိန်း မြို့မှာ လက်ထပ်ခွင့်တောင်းရာကနေ အထိတ်တလန့်တွေ ဖြစ်ခဲ့ရပြီး မြို့တော်ဝန်ကတော့ ထို အဖြစ်အပျက်ကြောင့် အဆောက်အဦးတွေရဲ့ မလုံခြုံမှုကို သတိထားဖို့ ကြေညာခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားကတော့ သူ့ချစ်သူကောင်မလေးရဲ့ သဘောတူလက်ခံမှုကို ရရှိခဲ့ပြီး ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့မှာ လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။
trend myanmar

Tuesday, December 16, 2014

မမ်မိုရီစတစ်အရွယ် Intel ကွန်ပျူတာများ ပြည်တွင်း၌ စတင်ရောင်းချမည်

 မော်နီတာတစ်လုံးရှိရုံဖြင့် ကွန်ပျူတာတစ်ခုကဲ့သို့ တွဲဖက်အသုံးပြုနိုင်မည့် Memory Stick အရွယ်သာရှိသည့် ဈေးသက်သာသော ကွန်ပျူတာအသေးစား Compute Stick များကို ၂၀၁၅ အတွင်း၌ Intel က မြန်မာနိုင်ငံသို့ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒါက အရင်က သုံးနေကျ CPU ပုံးကြီးတွေနေရာမှာ အစားထိုးပေးမယ့် ကွန်ပျူတာတစ်လုံးပဲ။ ကွန်ပျူတာတစ်လုံးသုံးဖို့အတွက် ပစ္စည်းတွေအများကြီးတပ်နေစရာမလိုတော့ပါဘူး။ အလွယ်တကူလည်း သယ်သွားနိုင်ပါမယ်’’ဟု Intel ၏ ထုတ်ကုန်အရောင်းပိုင်းဆိုင်ရာဌာနမှ ဒါရိုက်တာဖြစ်သူ Ms. Chantana Suwannawong က ဆိုသည်။
Intel မှ ရောင်းချပေးသွားမည့် ကွန်ပျူတာအသေးစား Compute Stick များသည် HDMI အပေါက်ပါသော မော်နီတာ၊ တီဗီ (သို့မဟုတ်) နည်းပညာထုတ်ကုန်အားလုံးဖြင့်တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ပြီး Bluetooth၊ Wifi စသည့် စနစ်များအပြင် USB အပေါက်များလည်း ထည့်သွင်းပေးထားသည်။ Keyboard Mouse များနှင့်တွဲဖက်အသုံးပြုနိုင်သကဲ့သို့ external hard disk များဖြင့် လည်းတွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Compute Stick များသည် ကွန်ပျူတာတစ်လုံးတွင်ပါဝင် သော လုပ်ဆောင်ချက်အားလုံးကို ထည့်သွင်းပေးထားပြီး Window OS နှင့် Linux OS ဟူ၍ ဗားရှင်းနှစ်မျိုးကို ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး ကြိုက်နှစ်သက်သည့် အမျိုးအစားကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Intel အနေဖြင့် အဆိုပါ ထုတ်ကုန်များကို ဈေးသက်သာ စွာဖြင့် အသုံးပြုစေရန် ရည်ရွယ် ၍ တန်ဖိုးနည်းထုတ်ကုန်တစ်ခု အနေဖြင့် ထုတ်လုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
7daydaily

ကွန်ဂိုတွင် ကူးတို့ရေယာဉ်နစ်မြုပ် ၁၂၉ ဦးထက်မနည်း သေဆုံး



ကွန်ဂိုဒီမို ကရက်တစ် သမ္မတနိုင်ငံရှိ ကန်ဂန်ရီကာ ရေအိုင်ကြီးတွင် ကူးတို့ ရေယာဉ် တစ်စင်း နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် သေဆုံးခဲ့သူ ၁၂၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ကူးတို့ရေယာဉ် နစ်မြုပ်မှုမှာ ဒီဇင်ဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ခဲ့ သူများအား ရှာဖွေ ကယ်ဆယ်ရေး အတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြည်နယ်ပို့ဆောင်ရေး ဝန်ကြီး လောရင့်ဆပ်ကရာဟိုဇီက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ရေယာဉ်စီး ခရီးသည်အချို့အား ဒီဇင်ဘာ ၁၄ ရက်တွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ၎င်းတို့သည် ဓာတ်ဆီထည့်သံပုံးများနှင့် အခြားအရာ ဝတ္ထုများကို တွယ်ဖက်ထား ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

ရေယာဉ်စီး ခရီးသည်များသည် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိသကဲ့သို့ ၎င်းတို့မှာ ရေကူးတတ်သူများလည်း မဟုတ်ကြောင်း သတင်းတွင်ဖော်ပြသည်။

လှိုင်းလေပြင်းထန်ပြီး ဝန်နှင့်အားမမျှဘဲ ခရီးသည်များတင်ဆောင်လာခြင်းကြောင့် အဆိုပါ ရေယာဉ်နစ်မြုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ကတန်ဂါပြည်နယ်မှ တာဝန်ရှိသူများက ပြောကြားပြီး နစ်မြုပ်သွားသော ရေယာဉ်မှာ အမ်ဗွီ ပူတမ်ကလာအမည်ရှိ ရေယာဉ်ဖြစ်သည်ဟု ဆိုသည်။

ရိုက်တာ။

The Mirror Daily

ခရီးသည်တင် လေယာဉ်နှင့် တိုက်မိလုနီးပါးထိ နီးကပ်စွာ ရုရှားတိုက်လေယာဉ် ပျံသန်းခဲ့ဟု ဆွီဒင်စွပ်စွဲ


နိုင်ငံတကာ လေပိုင်နက်တွင် ရုရှား ဂျက်တိုက်လေယာဉ် တစ်စီးသည် မိမိတို့၏ ခရီးသည်တင် လေယာဉ်တစ်စီးကို ဝင်တိုက်လုနီးပါးထိ နီးကပ်စွာ ပျံသန်းခဲ့ကြောင်း ဆွီဒင်အစိုးရက စွပ်စွဲ ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၁၂ ရက်က SAS လေကြောင်းပိုင် SK1755 ခရီးသည် လေယာဉ်သည် ဒိန်းမတ်နိုင်ငံ၏ ကိုပင်ဟေဂင်မြို့တော်မှ ပိုလန်ပိုင် ပေါ့ဇ်နန်မြို့သို့ ပျံသန်းနေခဲ့သည်။ ထို့နောက် ရုရှားတိုက်လေယာဉ်တစ်စီးနှင့် ဝင်တိုက်မိနိုင်သော အခြေအနေမျိုးကြောင့် မဖြစ်မနေ လမ်းကြောင်းပြောင်းခဲ့ရကြောင်း ဆွီဒင် လေကြောင်းထိန်းသိမ်းရေး တာဝန်ရှိသူများက ဆိုသည်။
ဆွီဒင်၏ စွပ်စွဲချက်ကို ရုရှားဘက်က ငြင်းဆန်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့၏ တိုက်လေယာဉ်သည် ခရီးသည်တင် လေယာဉ်နှင့် လုံခြုံစိတ်ချရသည့် အကွာအဝေးမှ ပျံသန်းခဲ့ကြောင်း တုံ့ပြန်ခဲ့သည်။
“ရုရှား တိုက်လေယာဉ်ဟာ နိုင်ငံတကာ သတ်မှတ် စံနှုန်းတွေအတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာပြီး ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဘယ်နိုင်ငံရဲ့ နယ်နိမိတ်ကိုမှ ကျူးကျော်ခဲ့တာ မဟုတ်သလို အရပ်ဘက် ခရီးသည်တင် လေယာဉ်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကနေ လုံခြုံဘေးကင်းတဲ့ အကွာအဝေးမျိုး သတ်မှတ် ပျံသန်းခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အိုင်ဂေါ် ကွန်နက်ရှန်ကိုက ပြောကြားခဲ့သည်။
ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် အနောက်အုပ်စု မဟာမိတ်များကြား ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ရုရှား တိုက်လေယာဉ်များသည် ဥရောပတလွှားတွင် အငြင်းပွားစရာ အခြေအနေများ ဖန်တီးသည့် ပျံသန်းမှုများ ပြုလုပ်ခဲ့ဖူးသည်။
ပြီးခဲ့သည့် လကလည်း အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကျော်ကာ ရုရှားတိုက်သင်္ဘော အုပ်စုတစ်ခု ဖြတ်သန်း ခုတ်မောင်းသွားခဲ့ဖူးရာ ဗြိတိန်ရေတပ်က လိုက်လံစောင့်ကြည့်ခဲ့ရသည်။
_Ref: Irishexaminer
by 7daydaily

Monday, December 15, 2014

ခြေဖ၀ါးကိုက်၍ ဓာတ်မှန်ရိုက်ရာမှ တွယ်ကပ်နေသည့် တုပ်ကောင်ကို တွေ့ရှိ

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၄။ သြစတြေးလျ နိုင်ငံတွင် လူတစ်ဦး၏ ခြေဖဝါးသားအတွင်း တွယ်လျက်ရှိသည့် တုပ်ကောင် တစ်ကောင်ကို ဓာတ်မှန်ရိုက် တွေ့ ရှိခဲ့ပြီး ယင်းတုပ်ကောင်ငယ် ရောက်ရှိ နေသည်မှာ သုံးနှစ်ထက်မနည်း ကြာမြင့်ပြီဟု ဆရာဝန်များက ယူဆထားသည်။
ယင်းကပ် ပါးကောင်ကို ဓာတ်မှန်အတွင်း အပိုင်းနှစ် ပိုင်းတွေ့  ရခြင်းဖြစ်ပြီး သေဆုံးနေပြီဟု ယူဆ ထားသည်။ ၎င်းလူက ခြေထောက်တွင် ပြည်တည်နာဖြစ် ၍ ဆေးရုံသို့ ရောက်ရှိရာမှ ဓာတ်မှန်ရိုက်ကာ ယခုကဲ့သို့ ခြေထောက်တွင် တုပ်ကောင် တွယ်ခံရသည်ကို ဓာတ်မှန်ရိုက်တွေ့  ရှိခြင်းဖြစ်သည်။ ခြေထောက်တွင်း တွယ်သည့် တုပ်ကောင်သည် အာဖရိကမျိုး ကပ်ပါးကောင် တစ်မျိုးဖြစ်သည်။ အတွယ်ခံရသူမှာ လွန်ခဲ့သော လေးနှစ်က ဆူဒန်မှ သြစတြေးလျ သို့ရွေ့ပြောင်း   ရောက်ရှိလာသူ ဖြစ်သည်။
   
ယင်းကပ်ပါးကောင် မျိုးတို့ သည်တောင်ဆူဒန်၊ အီသိုယိုးပီးယား၊ ဂီနီနှင့်ချာ့ဒ်တို့ တွင် အများဆုံး တွေ့ရသည်။ စိန့်ဗင်းဆင့် ဆေးရုံတွင်၎င်းလူနာကခြေထောက် အနာကြောင့် လာပြခြင်း ဖြစ်သည်။ ယင်းတုပ်ကောင်သည် ခြေထောက်အတွင်း ရှိနေခဲ့သည်မှာ နှစ်အတော်ကြာ နေမည် ဖြစ်ကြောင်း ဆရာဝန်များက ပြော သည်။
    
"နှစ်နဲ့ ချီပြီး ကပ်ပါးကောင်က အဲ့ဒီလူ ခြေဖဝါးအတွင်းမှာ တွယ်နေတာပါ။ ဒီကပ်ပါးကောင်တွေက လူ့ အသားတွင်းမှာ အသက်ရှင်ပြီး နှစ်နဲ့ ချီနေနိုင်တယ်။ ဒါမှ မဟုတ်လည်း သေနေ တတ်တယ်။ အဲ့ဒီ ကပ်ပါးကောင် ရှိနေရာမှာနာကျင် ကိုက်ခဲမှုတွေ ဖြစ်စေတယ်"ဟု ဒေါ်က်တာဒါဘီက ဆစ်ဒနီ မောနင်းဟာရတ်သတင်း သို့ ပြောခဲ့သည်။
အဆိုပါပုဂ္ဂိုလ်၏ ခြေထောက် အတွင်းမှ တုပ်ကောင်မှာသေဆုံး နေခဲ့သောကြောင့် အခြေအနေ မဆိုးရန် မျှော်လင့်ရသည်။ ယင်းကဲ့သို့အသားတွင်းတုပ်ကောင် တွယ်သည့် ဖြစ်ရပ်များမှာ အာဖရိက တိုက်ရှိ တောင်ဆူဒန်၊ အီသီယိုပီးယား၊ ဂီနီနှင့် ချာ့ဒ် တို့တွင် အဖြစ်များပြီး အချို့ဆိုလျှင် မျက်လုံးအတွင်း၌ပင်တုပ်ကောင် တွယ်ခြင်း ခံကြရသည်။
   
ဖွံ့ ဖြိုးဆဲ နိုင်ငံများရှိ လူများသည် အနာဖြစ်သည့်အခါ သေချာ ဂရုစိုက်ကြခြင်း မရှိသည့် အတွက် တုပ်ကောင်များက အနာအတွင်း ဝင်ရောက် နေတတ်သည် ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Ref: Mirror
Photo: ခြေဖ၀ါးကိုက်၍ ဓာတ်မှန်ရိုက်ရာမှ တွယ်ကပ်နေသည့် တုပ်ကောင်ကို တွေ့ရှိ 

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၄။ သြစတြေးလျ နိုင်ငံတွင် လူတစ်ဦး၏ ခြေဖဝါးသားအတွင်း တွယ်လျက်ရှိသည့် တုပ်ကောင် တစ်ကောင်ကို ဓာတ်မှန်ရိုက် တွေ့ ရှိခဲ့ပြီး ယင်း တုပ်ကောင်ငယ် ရောက်ရှိ နေသည်မှာ သုံးနှစ်ထက်မနည်း ကြာမြင့်ပြီဟု ဆရာဝန် များက ယူဆထားသည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/34778-2014-12-14-09-23-26 
by mizzima

နေမုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၆ မှ ၂၁ ရက်အတွင်း ကမ္ဘာကြီး နေ့၊ ည အမှောင်ကျမည်ဆိုသည်မှာ မဟုတ်မှန်ဟု ဒေါက်တာထွန်းလွင်ကဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ နေမုန်တိုင်းကြောင့် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၁ ရက်အထိ ကမ္ဘာကြီးတွင် နေ့ရော၊ ညပါ အမှောင်ကျမည်ဟူသော သတင်းမှာလုံးဝ မဟုတ် မှန်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
“ဒီဇင်ဘာလ ၁၆ရက်မှ ၂၁ရက်နေ့အထိ ၆ ရက်တိတိ Solar Storms တွေဖြစ်လို့ ကမ္ဘာကြီး နေ့ရော ညရော အမှောင်ကျလိမ့်မယ်ဆိုတဲ့သတင်း လုံး(လုံးဝ) (လုံးဝ) မဟုတ်မှန်ကြောင်းနဲ့ ဒီသတင်းဟာ ဟာသ လုပ်ထားတဲ့ သတင်းအမှား သာဖြစ်ပါကြောင်း” ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထား သည်။
အဆိုပါ သတင်းသည် Huzler.com တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ရာ ယင်းဝက်ဆိုက်သည် လူအများ စိတ်ဝင်စားမှု ရှိစေသော စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေသော သတင်း များကိုဦး တည်ဖော်ပြသည့် ဝက်ဆိုက်ဖြစ်သည်။
နေမုန်တိုင်းမှ ထွက်ပေါ်လာသော ဖုန်မှုန့်များနှင့် အပျက်အစီး အပိုင်းအစများ လွင့်စင်လာပြီ နေကို ၉၀ ရာခိုင်နှုန်း ဖုံးအုပ်ထားခြင်းကြောင့် ဒီဇင်ဘာ ၁၆ရက် မှ၂၁ ရက်အတွင်း ကမ္ဘာပေါ်တွင် နေကို တွေ့မြင်ရမည် မဟုတ်ကြောင်း နာဆာက ထုတ်ပြန်ထားသည်ဟု ယင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ နေမုန်တိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့်ကလည်း အကြီးမားဆုံး ဖြစ်ပေါ်ခဲ့ပြီး အမှောင်ကျမှုကို နာရီပေါင်း ၂၁၆ နာရီ ကြာမြင့်စေခဲ့သည် ဟု ယင်း ဝက်ဆိုက်က ဖော်ပြထားသည်။
ယင်းနေမုန်တိုင်းကြောင့် နေ့၊ ည အမှောင်လွှမ်းမှုနှင့် ပတ်သက်၍ နာဆာကလည်း မည်သည့် သတင်းထုတ်ပြန်ချက်မှ ထုတ်ပြန်ထားခြင်း မရှိပေ။
ဒီဇင်ဘာ ၁၆ ရက်နှင့် ၂၁ရက်အတွင်း ခရီးသွားမည့်သူများမှာ အဆိုပါသတင်းကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်ဟု လူမှုကွန်ယက် စာမျက်နှာများ တွင် ရေး သား ထားသည်။
မန္တလေးမြို့မှ ဒေါ်ချိုဇင်က “ဖေ့ဘုတ်ပေါ်မှာ တင်ထားတာတွေ့ပြီး သိရတာ ဒါပေမယ့် မယုံဘူး၊ အရင်တုန်းကလည်း ကမ္ဘာပျက်မယ်လို့တောင် သတင်းတွေ ထွက်ခဲ့တာပဲ မဖြစ်ခဲ့ဘူးလေ”ဟု ပြောသည်။
by mizzima
Photo: နေမုန်တိုင်းကြောင့် ဒီဇင်ဘာ ၁၆ မှ ၂၁ ရက်အတွင်း ကမ္ဘာကြီး နေ့၊ ည အမှောင် ကျမည်ဆိုသည်မှာ မဟုတ်မှန်ဟု ဒေါက်တာထွန်းလွင် ကဆို 

ရန်ကုန် (မဇ္ဈိမ) ။ ။ နေမုန်တိုင်းကြောင့် ဒီဇင်ဘာလ၁၆ရက်မှ၂၁ရက်အထိကမ္ဘာကြီး တွင် နေ့ရော၊ ညပါ အမှောင်ကျမည်ဟူသော သတင်းမှာလုံးဝ မဟုတ် မှန်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
#Mizzimadaily

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/34779-2014-12-14-09-33-28

Saturday, December 13, 2014

ဖေ့ဘွတ်ပိုစ်များတွင် မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ရန် စဉ်းစား

အင်တာနက် လူမှုရေးကွန်ယက် ဖေ့ဘွတ်ရဲ့ပိုစ်တွေမှာ မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ဖို့ စဉ်းစားနေတယ်လို့ တည်ထောင်သူ မတ်ဇူကာဘတ်က ပြောပါတယ်။
ကယ်လီဖိုးနီးယားမှာ အမေးအဖြေပြုလုပ်စဉ်အတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး အသုံးပြုသူတွေဆီကနေ ဒီအမှတ်အသားကို ထည့်ပေးဖို့ တောင်းဆိုမှု အများဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။
_78036169_163513138“ဘ၀မှာ ကြေကွဲစရာတွေကိုလည်း  ဖေ့ဘွတ်ကနေတဆင့် လူတွေက မျှဝေနေပါတယ်။ ဒါဟာသင့်တော်တဲ့ အရာမဟုတ်တဲ့အတွက် ကြိုက်တယ်ဆိုတဲ့ သင်္ကေတကိုနှိပ်ရတာ သက်တောင့်သက်သာ မဖြစ်ဘူးလို့ လူအများစုက ခဏခဏ ပြောပါတယ်၊ ဒါဟာ မကောင်းဘူးဆိုတာကို ပြချင်လို့ တချို့က မကြိုက်ဘူးဆိုတဲ့ သင်္ကေတကို တောင်းဆိုနေတာပါ ” လို့ မတ်ဇူကာဘိုက်က ပြောပါတယ်။
လူတွေတင်ထားတဲ့ ပိုစ်တွေကို သိက္ခာချ နှိမ်တာမျိုးမဖြစ်စေတဲ့ နည်းလမ်းကို စဉ်းစားနေတယ်လို့ ဇူကာဘတ်က ပြောပါတယ်။
နေစဉ် လူပေါင်း ၄.၅ ဘီလီယံတို့က ကြိုက်နှစ်သက်တယ်ဆိုတဲ့ သင်္ကေတကို နှိပ်နေတယ်လို့ ဆိုပါတယ်။
by DVB