<div style='background-color: none transparent;'></div>

Friday, May 17, 2013

ကဝေ့ဘဏ္ဍာ (၃)


"လူသေခေါင်းခွံရိုးကြီး နွဲ့ပန်းခူးတဲ့နေရာနား လှုပ်လှုပ် လှုပ်လှုပ်နဲ့ တွားလာပြီး သွားကြီးဖြဲရီပြတယ်။ ပါးစပ်ကြီးလဲဟပြတယ်။ မျက်လုံးအခေါင်းကြီးထဲက မျက်ဆံဖြူဖြူကြီး ထွက်ချီဝင်ချီ ဖွင့်ချီမှိတ်ချီလုပ်ပြတယ်။ နွဲ့က လန့်အော်တော့ ရယ်ပြီး ကျောက်လုံးကြားထဲ လိမ့်ဝင်သွားတယ်"

"ကဲ ဒါဖြင့် လာလိုက်ခဲ့ သွားကြည့်မယ်။ အလကား နွဲ့စိတ်ထင်လို့ပါ"

"အို-ခုသွားကြည့်လို့ ဘာတွေ့မှာလဲ ကိုကိုရဲ့။ ဟိုတောင်နံရံက ကျောက်တုံးကြားထဲ ၀င်သွားပါပြီလို့ ပြောသားနဲ့"

"ဟာ-ကျောက်တုံးကြားထဲ လိုက်ရှာမှာပေါ့ နွဲ့ရဲ့။ ကဲ လာလာ ဆရာလေးပါလိုက်ကြည့်ပါ"

ဟု ဆိုပြီးလျှင် ကျွန်တော် မောင်လှဝင်း မရင်နွဲ့ ပန်းခြံပြုပြင်သော ရှမ်းမာလီကြီးတဦးပါ ခေါ်လာပြီး မရင်နွဲ့မြင်ခဲ့ရသည်ဆိုသော နေရာသို့လာခဲ့ကြရာ ထိုနေရာကား တောင်နံပါးကြီးနှင့် ဆယ်ပေခန့်မျှသာ ဝေးကွာပြီး ဤနေရာတွင် စိုက်ပျိုးထားသော ပန်းပင်များမှာလည်း အခြားသောနေရာက ပန်းပင်များထက် ဝေေ၀ဆာဆာပဒေသာခိုင်တမျှ ပွင့်ဖူးနေကြသည်များကို တွေ့ရပေ၏။တောင်နံပါးကြီးမှာကား ဒါးနှင့်တိတိလှီးချထားဘိအလား တညီတညာတည်း မတ်စောက်မြင့်မားသော ကျောက်ပြားကြီးပမာရှိနေရာတွင် ရေညှိ ရေမှော်တို့ဖြင့် စိမ်းစိုလျှက် ကျောက်ပန်းခတ် ကျောက်ပန်းနွယ်များဖြင့် တန်ဆာဆင်ထားသကဲ့သို့ တွေ့မြင်ရကာ အဆိုပါ ကျောက်တောင်နံပါးကြီးနှင့် ထိကပ်နေသော လူတရပ်လောက် အမြင့်ရှိ၍ လုံးပတ်၁၂ပေလောက်ရှိသည့် ကျောက်တုံးကြီးတတုံးမှာလည်း ရေညှိ ရေမှော်တွေ ဖုံးလျှက် မြေပေါ်မှထွက်သော ပေါင်းမြက်ပင်တို့်ဖြင့် အောက်ခြေတွင် မြုပ်ဝင်နေသည်ကို တွေ့ရပေ၏။
ကျွန်တော်နှင့်မောင်လှဝင်းတို့လည်း မရင်နွဲ့ပြောသည့်စကားအတိုင်း လူ့ခေါင်းခွံရိုးကြီးမှာ တောင်နံရံနှင့်ကျောက်တုံးကြီးကြားတွင် ပျောက်ကွယ်သွားသည်ဆိုသဖြင့် အကြိုအကြားပေါင်းမြက်ပင်တို့ကိုပင် ဖယ်ရှားခိုင်းလျှက် ကြည့်ရှုစုံစမ်းပြီး ဘာမှမတွေ့ရသောအခါမှ မောင်လှဝင်းက မရင်နွဲ့ကိုကြည့်ကာ-

"ကဲ ဘာမှမရှိပါဘူး။ ရှိရင်ဒီအနားမှာ တွေ့ရမှာပေါ့ နွဲ့ရဲ့။ နွဲ့စိတ်ကထင်လို့ပါ"

ဟု ပြောလျှင် မရင်နွဲ့မှာ မကြေနပ်သောအမူအရာနှင့်-

"အို နွဲ့ကလဲ ရှိတယ်လို့ပြောသလား။
ခုနကဘဲ နွဲ့ရှေ့တွင် ပျောက်သွားပါတယ်ပြောသားနဲ့။ နွဲ့စိတ်ထင်တာလဲမဟုတ်ပါဘူး။ မြင်တာတော့ အမှန်ပါဘဲ။ ခေါင်းခွံရိုးကြီးဟာ နွဲ့မျက်နှာကို စိစိကြည့်ပြီး ရီဖြဲဖြဲလုပ်ပြတာ ခုထက်ထိ မျက်စိထဲမြင်နေပါသေးတယ်"

ဟု ထပ်ပြောနေလေ၏။ မောင်လှဝင်းလည်း အနည်းငယ်စဉ်းစားသလိုလို လုပ်နေရာက-

"အင်း- အရင်လဲ ဒီနားမှာဘဲ။ နွဲ့လန့်လန့်ပြေးလာတာ သုံးလေးခါရှိပြီ။ ဒီလို့လန့်တတ်ရင်လဲ ခြံထဲကိုဆင်းတဲ့အခါ ဒီနားမလာပါနဲ့လားနွဲ့ရယ်"ဟု ပြောသဖြင့်-

"ပန်းတွေကလဲ ဒီနေရာက သိပ်သိပ်ပွင့်တော့ နွဲ့လဲ ပန်းများများလိုချင်တဲ့ဇောနဲ့ ဒီနားကိုဘဲ သတိမေ့မေ့ပြီး ရောက်လာမိတယ်ကိုကိုရဲ့။ နောက်ကို နွဲ့ ဒီအနားမလာမိအောင် သတိထားရမှာဘဲ"
ဟု ပြောမှ မောင်လှဝင်းလည်း-

"ကဲ-ကဲ လာလာ"
ဟု ကျွန်တော်နှင့်တကွ မရင်နွဲ့ကိုပါခေါ်လျှက် အိမ်ဆီသို့ပြန်လာကြရာက.........

"ဒီလိုဘဲ ဆရာလေးရဲ့။ နွဲ့ ဒီနေရာမှာ လန့်တာ သုံးလေးခါရှိပြီ"
ဟု စကားကိုပြန်ဆက်ပြန်သောကြောင့် ကျွန်တော်ကပင်.....

"မရင်နွဲ့ အရင်လန့်ဘူးတာကကော ဘာများမြင်လို့လဲ ခုလိုလူခေါင်းခွံရိုးကြီးမြင်ရလို့လား"

ဟု မေးမိမှ-

"မဟုတ်ပါဘူး ဆရာလေးရဲ့။ အရင်တွေ့ရတာ တမျိုးပါ။ တခါမြင်ရတုန်းက ဧရာမပင့်ကူအနက်ကြီးဆရာလေးရဲ့။ ကိုယ်ကြီးက ဆန်ကောလောက်ရှိပြီး ခေါင်းကတော့ ပင့်ကူခေါင်းမဟုတ်ဘူး။ ကမ္မဋ္ဌာန်းအရိုးစုကောင်က ခေါင်းခွံမျိုးကြီးနဲ့ မျက်လုံးကြီးက နီနီရဲရဲကြီး ခရမ်းချဉ်သီးလို ပြူးထွက်နေတယ်။ ဒီအကောင်ကြီးဟာ ကျမရှိရာရွေ့လာလို့ ကျမကလန့်အော်တာနဲ့ အဲဒီကျောက်တုံးကြားထဲဝင်ပြေးပြီး ပျောက်သွားတာဘဲဆရာလေးရဲ့-
တခါဟာတော့ ခုလိုဘဲပန်းခူးရင်းနဲ့ ဒီအနားရောက်သွားလို့ ပန်းတွေကိုအားရပါးရခူးနေမိတုန်း ကျမနောက်နားက ချွတ်ကနဲအသံကြားလို့ လှည့်ကြည့်လိုက်တော့ ထမီဇောက်ထိုး ရင်ရှားထားတဲ့ အရိုးချောက်ကောင်ကြီးတခုဟာ ကျမကို လက်ကားယားကြီးနဲ့ အုပ်ဘမ်းမလိုဟန်ပြင်ပြီး သွားဖြဲကြီးနဲ့ မျက်တွင်းဟောက်ပက်မျက်နှာကြီးကလဲ ကတုန်းကရင် သွားဖြဲကြီးတွေကို မေးရိုက်သလို တဆပ်ဆပ် တဂျပ်ဂျပ်လှုပ်ပြနေတာ တွေ့ရတာနဲ့ ကျမအသံကုန်လန့်အော်လိုက်တဲ့အခါ အဲဟိုကျောက်နံရံနားကိုပြေးသွားပြီး ပျောက်သွားတာဘဲ ဆရာလေးရဲ့-
ကျမ ဒီအိမ်ရောက်ပြီးမှ ပထမဆုံးတွေ့ရတာကတော့ ခုလို ညနေခင်းပါဘဲ။ ပန်းခူးရင်း အဲဒီနားရောက်သွားတော့ တောင်နံရံကမ္ဘားပေါ်ကရှောပြီး ကျမအနားမှာ ဖုတ်ခနဲကျလာတာနဲ့ လှည့်ကြည့်လိုက်တဲ့အခါ သွေးရဲရဲသံရဲရဲနဲ့ ကျလာတဲ့ အသဲအူစုံ ကလီစာတွဲကြီးဖြစ်နေတာ တွေ့ရပါတယ်။ ကျမဗြုံးကနဲဆိုတော့ အပေါ်ကလူတယောက်ယောက်လက်ထဲက လွတ်ကျလာတယ်အောင်းမေ့လို့ တောင်နံရံပေါ်မော့ကြည့်တော့လဲ ဘယ်သူမှမရှိဘူး။ ဒါနဲ့ ကြောက်သလိုလိုရှိပြီး ဖြန်းကနဲကြက်သီးတွေထလာတုန်း ဘယ်ကပေါ်လာမှန်းမသိပါဘူး ဆရာလေးရယ်။ လင်းဒပနီကြီးတကောင်ဝဲကျလာပြီး သွေးရဲရဲနဲ့ကလီစာတွဲကြီးချီပြီး အဲဟိုကျောက်တုံးကြီးကြားထဲ ပြေးဝင်ပျောက်သွားတာဘဲ"

ဟု ပြောပြသည်တွင် ကျွန်တော်လည်း ထူးထူးထွေထွေ တွေးမကြည့်တော့ဘဲ သူတို့အိမ်နေရာက အနည်းငယ်ကြမ်း၍သာဟု ယူဆမိပါသည်။ မောင်လှဝင်းမူကား ကိုယ်တိုင်မျက်မြင်မဟုတ်လျှင် ယုံချင်သူမဟုတ်သည့်အားလျှော်စွာ....

"ကိုကိုတော့ကွယ် ကိုယ်တိုင်မမြင်ရသေးလို့် နွဲ့စိတ်ကကြောက်ပြီးထင်တာလို့ပြောချင်တယ်။ တကယ်သာဖြစ်ရင်တော့ အတော်ထူးခြားတာဘဲ။ တစ္ဆေ သူရဲခြောက်တာလဲဖြစ်နိုင်တာပေါ့"
ဟု ပြော၍ မရင်နွဲ့ကလည်း-

"ဟုတ်မှာပေါ့ ကိုကိုရဲ့ ဒီနေရာက ကိုကိုအိမ်ဆောက်ထားလို့သာကိုး။ အရင်က တောကြီး တောင်ကြီးဘဲ တစ္ဆေ သူရဲတွေကျက်စားနေထိုင်ကြတဲ့ နေရာလာနေမိရက်သား ဖြစ်နေပြီထင်ပါရဲ့"
ဟု ကြောက်ရွံ့ဟန်နှင့်ပြောလေ၏။

"ကိုကိုမေးစမ်းကြည့်ပြီးပါပြီနွဲ့ရဲ့။ ဒီနေရာဟာ ဟိုအရင်က ဘာသံမှမကြားဘူးပါဘူးတဲ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ရှမ်းအမယ်အိုကြီးတဦး တောင်ယာလုပ်ပြီး ဒီတောင်ထိပ်မှာဘဲ တဲကလေးထိုးနေသွားဘူးသေးသတဲ့။ နောက် ရှမ်းမကြီး အိုမင်းမစွမ်းရှိအလာမှာ သူ့သားတွေ မြေးတွေ မြို့ကြီးမှာအလုပ်အကိုင်နေရာကျပြီကြားလို့ တဲအိမ်ကလေးဖျက်ပြီး လိုက်သွားရှာသတဲ့။ အမယ်ကြီးနေစဉ်ကလဲဘဲ ဘာဖြစ်တယ်လို့မှ ပြောသံမကြားကြပါဘူးလို့ ကိုကိုတို့ခြံလုပ်သားတွေ အားလုံးကဘဲ ပြောကြပါတယ်နွဲ့ရယ်။ နွဲ့ပြောသလိုသာ ဒီနေရာ တစ္ဆေ သူရဲကြမ်းရင် လုပ်သားတွေပြောကြမှာပေါ့"
ဟု အကျိုးသင့် အကြောင်းသင့် ပြောနေသည်တွင် ထိုစကားများတဖြည်းဖြည်းပြတ်သွားကြပြီးနောက် ကျွန်တော်လည်း ထိုအကြောင်းကိုပင် အမှတ်မရတော့ဘဲ မောင်လှဝင်း၏ အလုပ်အကိုင် စီးပွားရေး ကြီးပွားရေး စကားများဖြင့် အချိန်ကုန်ကာ တည်းခိုသောနေအိမ်သို့ ပြန်လာခဲ့ပါ၏။
by သရဲအကြောင်းပြောကြမယ်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...