ရေကိုမှီပြီး အသက်မွေးကြတဲ့သူတွေထဲမှာ ကိုဘတုတ်လဲပါတယ်လေ.. ။ ရေကိုမှီပြီး အသက်မွေးတယ်ဆိုလို့ မျက်စိထဲမှာ ပိုက်ကွန်တွေ ဘာတွေ ပြေးမမြင်နဲ့ဦး..။ ကိုဘတုတ်တို့က ဖောင်လုပ်သားတွေ..။ အဲဒီတော့ ညညဆိုရင် ကမ်းစပ်က တဲလေးထဲမှာ ညအိပ်ကြတယ်..။ တဲကလဲ ရေစပ်နဲ့ မဝေးဘူးရယ်..။ ကုန်းပတ်နဲ့ ကပ်ကပ်လေး..။
တစ်နေ့လုံး အလုပ်တွေလုပ်.. ပြီးတော့ ညအိပ်၊ မနက်အစောကြီး ပြန်ပြီး အလုပ်ဝင်..။ အဲလိုနဲ့ သူတို့ဘဝ လည်ပတ်နေတာ..။ အစားအသောက်ကလဲ သတ်သတ်မှတ်မှတ်ရယ်လို့ ချက်ပြုတ်စားသောက်လို့မရနေဘူး..။ အဲဒီတော့ အိမ်သူတွေက ချက်ပြုတ်ပြီး လာပို့ပေးရတယ်..။ အများအားဖြင့်တော့ ကိုဘတုတ်ရဲ့ မိန်းမချက်ပေးတာများတယ်..။ လက်ရာက ကောင်းတာကိုး။ ကိုဘတုတ်တို့ ညစာစားလို့ ပိုနေတဲ့ ထမင်းဟင်းတွေကို အိုးလေးထဲထည့်ပြီး မနက်အတွက် သိမ်းရတာပေါ့.။ ဒါပေမယ့် မနက် သူတို့ စားရတယ် မထင်နဲ့..။ မနက်နိုးလာလို့ကြည့်လိုက်ရင် အိုးထဲမှာ ချန်ထားတာတွေ မရှိတော့ဘူး..။ အစကတော့ ကိုဘတုတ်တို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မျက်စောင်းတစ်ခဲခဲပေါ့။ သူက ကိုယ့်ကိုထင် ကိုယ်က သူ့ကိုထင်နဲ့ အဲဒီအကြောင်း မပြောဖြစ်နေဘူး.။ နေ့တိုင်းကို ကုန်နေတော့ မအောင့်နိုင်တော့ဘူး.။ ကိုဘတုတ်က ထစစ်ပါတော့တယ်..။ ။ ထမင်းကျန်ဟင်းကျန်တွေ ဘယ်သူက ဘယ်နားသွားသွားပြီး ဘာလုပ်ပစ်တာလဲပေါ့.။ အဲဒီမှာမှ ဇာတ်ရည်လည်တော့တာ.။ ဘယ်သူမှ မထိတဲ့အကြောင်း သိလိုက်ရတယ်.။ အဲဒိမှာ ကိုဘတုတ်လဲ တစ်ယောက်ယောက်က သူတို့ အိပ်နေတုန်း လာခိုးစားတာလို့ တွက်လိုက်တယ်.။ တင်းတာပေါ့ ဘာပြောကောင်းမလဲ.. ။ အဲဒီတော့ ဒီညတော့ စောင့်ဖမ်းမယ်လို့ ကြံတယ်..။
အားလုံး တက်ညီလက်ညီပဲ..။ စောင့်ဖမ်းရင် မမိမှာစိုးလို့ ညစာတောင် လျှော့စားကြပြီး ပိုပိုသာသာလေးကို ချန်ပေးထားလိုက်တယ်.။ သူတို့ ဖောင်လုပ်သားတွေရဲ့ လက်နက်တွေကတော့ ဂျင်ကလိတို့ မှိန်းတို့ပေါ့..။ ရရာလက်နက်စွဲပြီး အားခဲစောင့်နေကြတယ်.။ ညတော်တော်နက်လာတော့ လူတစ်ယောက် ရေကူးနေသလို အသံတွေစကြားရတယ်.။ အဲဒါနဲ့ သကောင့်သား သူခိုးတော့လာနေပြီဆိုပြီး အားလုံး သတိအနေအထားနဲ့ပေါ့..။ လရောင်လေးကလဲ အားပေးနေတယ်လေ..။ တအောင့်လောက်နေတော့ ဝုန်းဆိုပြီး ရေထဲက ထိုးထွက်လိုက်သံကို ကြားလိုက်ရတယ်.။ ပြီးတော့ အရိပ်တစ်ခု ကုန်းဘောင်ပေါ်ကို တွယ်တက်လာတယ်.။ လားလား..။ အားလုံး အသက်ရှူဖို့ မေ့ကုန်တယ်.။ ဘယ့်နှယ်..။ လူမှတ်လို့စောင့်နေတာ.။ ဘာကြီးမှန်းမသိဘူး မဲမဲကောင်ကြီး။ ထွားကလဲ ထွားသေးတယ်.။ မျက်နှာကိုတောင် ကောင်းကောင်း တွေ့ရတာမဟုတ်ဘူး..။ တက်လာပြီး အဲဒီအကောင်ကြီးက ကိုဘတုတ်တို့ ထမင်းကျန် ဟင်းကျန် ချန်ထားတဲ့ဆီကို ခပ်သုတ်သုတ်သွားနေတယ်.။ အဲဒီတော့မှ မှင်တက်နေတဲ့ ကိုဘတုတ်တို့လဲ သတိဝင်လာတယ်.။ မတိုင်ပင်ထားရပဲ လက်ထဲမှာ ကိုင်ထားတဲ့ လက်နက်တွေနဲ့ ဝိုင်းဆော်တော့တာပေါ့..။ အဲဒီမှာ အဲဒီအကောင်ကြီးလဲ ရေထဲကို ပြန်ခုန်ဝင်သွားတယ်.။
နောက်နေ့ကစလို့ ကိုဘတုတ်တို့ ချန်ထားတဲ့ ထမင်းဟင်းတွေ လက်ရာမပျက်တော့ဘူး..။ ဒါပေမယ့် ပြီးသွားပြီလို့ မထင်လိုက်နဲ့..။ အဲဒီ အကောင်ကြီးက စားကျက်ပြောင်းသွားတာ..။ ကိုဘတုတ်တို့ ရွာမှာက ကိုတင်ရွှေနဲ့ မဥ ဆိုတဲ့ အကြော်သည် လင်မယားရှိတယ်.။ မဥက အိမ်မှာ အကြော်ကြော်၊ ကိုတင်ရွှေက ရွာထဲပတ်ရောင်း..။ အဲလို အသက်မွေးကြတာ.။ တစ်ရက်တော့ မဥ အကြော်ကြော်ပြီးသွားပေမယ့် ကိုတင်ရွှေက အချိန်မှီ ရောက်မလာဘူး.။ အဲဒါနဲ့ မဥကိုယ်တိုင် ဗန်းကိုမလို့ အကြော်ရောင်းထွက်တာပေါ့..။ ဆိပ်ကမ်းနားတစ်ဝိုက်ကို ရောင်းဖို့ ဆင်းလာတော့ ဆိပ်ကမ်းနားမရောက်ခင်မှာ နောက်က ခြေသံကြားတယ်.။ အဲဒါနဲ့ မယ်ဥလဲ လှည့်ကြည့်လိုက်တာပေါ့.။ ဘာကောင်မှန်းမသိဘူးတဲ့.။ မဲမဲကြီး..။ လူကောင်ကလဲ ထွားတယ်ပေါ့..။ လမ်းအပြည့်ပဲတဲ့..။ မယ်ဥက ဘာမှန်းမသိပေမယ့် လူမဟုတ်မှန်းတော့ သိတယ်တဲ့..။ အဲဒါနဲ့ သူ့အကြော်ဗန်းကို ပစ်ချပြီး ဆိပ်ကမ်း ဟိုဘက်လမ်းကနေ အိမ်ကို ပြန်ပြေးတော့တာပေါ့..။ ဒီတိုင်းပြေးတယ်မထင်နဲ့..။ ဆိပ်ကမ်းက လူတွေ အလန့်တကြားနိုးသွားအောင် ကိုတင်ရွှေ ကိုတင်ရွှေဆိုပြီး ဒင်းကြမ်းအော်ပြေးတာကိုး..။ အိမ်ရောက်တော့ အမောဖောက်ပြီး မယ်ဥ လဲကျ သတိလစ်သွားတယ်.။ ဖျားလိုက်တာမှ ညည ကယောင်ကတမ်းတွေ အော်တဲ့အထိပဲ..။ တော်တော်လေး ပြန်ကုလိုက်ရတယ်.။ နောက်ပိုင်းတော့ သိပ်တော့ မကြားရတော့ပါဘူး.။ ပရိတ်ရွတ် ဘာရွတ် သေချာလုပ်လိုက်ကြတာကိုး..။ ဒါကတော့ ကြားဖူးနားဝလေးပါ..။
by ခစ်ခစ် (သရဲအကြောင်းပြောကြမယ်)

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...