<div style='background-color: none transparent;'></div>

Friday, May 17, 2013

မိုးများ စိုက်ခင်း

ငါ ...
သိတဲ့စိတ်နဲ့
ငါတိတ်တိတ် ကြေကွဲခဲ့
ည အိပ်ရင် စိုတဲ့ မိုးရေနဲ့
ငါ့နှလုံးသားကို ငါစိုက်ပျိုးမယ် ။

အလင်း ...
အမှောင် ...
နေရောင် လ ရောင် မလိုဘူး
ကောင်မလေး ရယ်သံဖွဲဖွဲအောက်မှာ
မာနတွေ စုတ်ပြတ်လွင့်စင်သွားလည်း
ဟော့ဒီ နွေဦးအမှီ
ငါ့နှင်းဆီ
ငါထွန်ယက်ချင်သေးတယ် ။

အားနာမှု အပြုံးလေးလွင့်စင်လာတာတောင်
ကမ္ဘာပြိုအောင် ၀မ်းသာခဲ့
အခက်အလက်တွေ စိမ်းစို ရွှန်းလဲ့
ဖောက်ထွက်
(နှလုံးသားဆိုတာ)
ကွဲအက်သွားတဲ့ လယ်တစ်ကွက်ကွဲ့
သိရဲ့လား ။

အဲဒီမှာ ...
နှလုံးသွေးနဲ့ ပွင့်တဲ့ နှင်းဆီတစ်ခင်းရှိတယ်
မျက်ရည်နဲ့ ပွင့်တဲ့ နှင်းဆီတစ်ခင်းရှိတယ်
ရိုးသားမှုနဲ့ ပွင့်တဲ့ နှင်းဆီတစ်ခင်းရှိတယ်
ခမ်းနားမှုနဲ့ ပွင့်တဲ့ နှင်းဆီတစ်ခင်းရှိတယ်

တကယ်တမ်း ပန်ဆင်ချင်တယ်ဆို
နင်ဆင်ယင်ဖို့ “အခွင့်”
ငါ ..
ပေးလိုက်မှာပါ ။

ဒါပေမယ့်

ငါ ...
သိတဲ့စိတ်နဲ့
ငါ တိတ်တိတ်ကြေကွဲခဲ့
ညအိပ်ရင်စိုတဲ့ မိုးရေနဲ့
ငါ့နှလုံးသားကို ပြန်ရိတ်သိမ်းမယ် ။

လင်းလွန်းလို့ မှောင်သွားရတဲ့ အဖြစ်ပေါ့
မိုးများလို့သေသွားတဲ့ စိုက်ခင်းလေး
(ခုချိန်ထိ)
ငါ့အိပ်ယာဘေးမှာ ရှိတယ် ။ ။

ကန္တာ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...