<div style='background-color: none transparent;'></div>

Friday, May 17, 2013

မစဉ်းစားခြင်းသေတ္တာ

ကမ္ဘာမြေပေါ်မှာ
ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးအသင်းတစ်သင်းစာလောက်မှ ရှိရဲ့လား
မစဉ်းစားတော့ပါဘူး .. .. တဲ့။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဉ်းစားတော့ပါဘူး .. ..တဲ့။

သီချင်းတစ်ပုဒ်ကို နားထောင်ရင်း
ဘယ်သူဟာ
ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို့လဲ
မစဉ်းစားတော့ပါဘူး .. ..တဲ့။

တစ်ကိုယ်လုံး တစ်ဘ၀လုံး စုပ်ယူ
ကိုယ့်ကိုမသေရုံ မွေးမြူထားတဲ့လူတွေ
ရှိနေပြီ
မစဉ်းစားတော့ပါဘူး .. .. တဲ့။

မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တစ်ခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး .. .. တဲ့။

ကမ္ဘာပေါ်မှာ
ဘယ်အရာကိုမဆို ညာလို့ရပေမယ့်
အစာအိမ်ကိုညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး .. .. တဲ့။

လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ
ဒီပင်လယ်ကို ကျယ်ပြန့်အောင်
နက်ရှိုင်းလှပအောင်
မစီးဆင်းတော့ပါဘူး .. .. တဲ့။

မစဉ်းစားခြင်းသေတ္တာတစ်လုံးရှိခဲ့တယ်
ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်
မစဉ်းစားခြင်း သေတ္တာဟာ .. ..
လေချွန်ပြီးနေလေရဲ့ .. .. ..။ ။



by မောင်ချောနွယ်

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...