<div style='background-color: none transparent;'></div>

Tuesday, May 21, 2013

သွေးပေါင်ချိန်ကို လက်နှစ်ဖက်စလုံးတွင် ပုံမှန်တိုင်းသင့်

သွေးပေါင်ချိန်တိုင်းရာတွင် လက်နှစ်ဖက်စလုံးကို ပုံမှန်တိုင်းသင့် ကြောင်း၊ ဘယ်လက်နှင့်ညာလက် အကြား ခြားနားချက်သည်ကျန်းမား ရေးပြဿနာရှိနေခြင်းကို ဖော်ပြနိုင် ၍ဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
Lancet သုတေသနဂျာနယ်တွင် ဖော်ပြချက်အရ နှစ်ဖက်သွေးပေါင်ချိန် သိသိသာသာခြားနားနေခြင်းသည် သွေးကြောဆိုင်ရာပြဿနာများ ဖြစ်ပွားနိုင်ခြေမြင့်မားခြင်းနှင့် သေဆုံးနိုင်ခြေမြင့်မားခြင်းကို ဖော်ပြနေကြောင်း သိရသည်။ လက်ရှိလမ်းညွှန်ချက်များတွင်လည်း သွေးပေါင်ချိန်ကို လက်နှစ်ဖက်စလုံးတွင် တိုင်းသင့်ကြောင်းပါရှိသော်လည်း ရံဖန်ရံခါသာ လိုအပ်မှ တိုင်းသင့်ကြောင်းဖော်ပြထားပြီး ယခုတွေ့ရှိချက်တွင်မူ မကြာခဏ နှစ်ဖက်စလုံးတိုင်းသင့်ကြောင်း ဖော် ပြထားသည်။
သို့ရာတွင် တွေ့ရှိချက်မှာ ထပ်မံလေ့လာရန် လိုအပ်နေသည်ဟု ဆိုသည်။ တစ်ဦးတစ်ယောက်ချင်းစီတွင် သွေးပေါင်ချိန် အမျိုးမျိုးကွဲပြားခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဖြစ်သော်လည်း တစ်ဦးတည်းတွင် လက်နှစ်ဖက်သွေးပေါင်ချိန်  သိသိသာသာကွာနေခြင်းမှာမူ သတိပြုရမည့်ကိစ္စဖြစ်သည်ဟု ဆိုသည်။
University of Exeter ၏ Pennisula College of Medicine and Dentistry မှ ဒေါက်တာခရစ္စတိုဖာကလာ့ခ်နှင့်အဖွဲ့က ယခင်လေ့လာပြီး သုတေသန ၂၈ ခုကို ပြန်လည်စုပေါင်း လေ့လာခဲ့ခြင်းဖြစ်သည်။
လက်နှစ်ဖက်ကြားတွင် အပေါ်သွေး ၁၀ (10 mm Hg) မျှကွာနေပါက ယင်းလူနာသည် အသေးစား သွေးကြောဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေမြင့်သည်ဟု ဆိုနိုင်သည်။ ၁၅ အထိ ကွာနေပါက ဦးနှောက်သွေး ကြော ဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေမြင့်ကာ နှလုံးသွေးကြောရောဂါဖြင့် သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းမြင့်တက်ပြီး သွေးကြောနှင့်ဆိုင်သော ရောဂါအားလုံးဖြင့် သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားစေသည်ဟု တွေ့ရှိခဲ့သည်။
အောက်စ်ဖို့ဒ်တက္ကသိုလ် Primary Care Health Science ဌာန မှ ပါမောက္ခရစ်ချက်ဂျေမက်မာနပ်စ်နှင့် ကိန်းဘရစ်ခ်ျတက္ကသိုလ် Public Health and Primary Care ဌာနမှ ပါမောက္ခ ဂျိုနသန်မန့်တို့က ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာရန်လိုအပ် သော်လည်း အများစုလိုက်နာခြင်းမရှိသော နှစ်ဖက်သွေးပေါင်ချိန်ကို နှိုင်းယှဉ်ချိန်ထိုးရေးမှာ လိုအပ်သည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။  စံပြုကျန်းမာရေး စောင့်ရှောက်မှုစည်းမျဉ်းများထဲထည့်သွင်းရန်မူ  စောလွန်းနေသေးသည်ဟုလည်း သုံးသပ်ခဲ့ကြသည်။
Ref;BBC

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...