ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ
စနစ်ဖြင့် လျှပ်စစ်မီး ပေးနေသည် ဆိုသော်လည်း အဆိုပါ အချိန်ပိုင်း
မီးပေးနေသည့် ကာလအတွင်း၌ပင် အပြည့်အ၀ မရရှိကြောင်း စက်မှုဇုန်များရှိ
လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်မီး ပေးခြင်းအား ယခုနှစ်
မတ်လအတွင်းမှ စတင်ကာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး မေလကုန်အထိ လုံးဝရပ်ဆိုင်း
ထားခဲ့ကြောင်း၊ ဇွန် ၁ ရက်မှ စတင်ကာ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅
နာရီဖြင့် အလှည့်ကျ စနစ်ဖြင့် ပြန်လည်မီးပေး ခဲ့ခြင်းဖြစ်ကြောင်းလည်း
သိရှိရသည်။
"ကျွန်တော်တို့ စက်မှုဇုန်တွေကို မတ်လကနေ မေလကုန်အထိ မီးလုံးဝမပေးဘူး။
အခုဇွန် ၁ ရက်ကစပြီး တစ်နေ့ကို ၅ နာရီ အလှည့်ကျ စနစ်နဲ့ မီးပေးမယ် ပြောတယ်။
တစ်ပိုင်းက ၇ နာရီကနေ ၁၂ နာရီ အထိဆိုရင် ကျန်တဲ့တစ်ပိုင်းကို ၁၂ နာရီကနေ ၅
နာရီအထိ မီးပေးတယ်။ ဟုတ်ပါတယ်။ တစ်နေ့ကို ၅ နာရီတော့ စပေးနေပါပြီ။
ဒါပေမယ့် ပေးတဲ့အချိန်လေး အတွင်းတော့ အပြည့်အ၀ ပေးသင့်တာပေါ့။ အခုတော့
တစ်နေ့ ၅ နာရီကိုတောင် ၅ နာရီလုံး အပြည့်အ၀ မီးမရဘူး။ ပြတ်တောင်း
ပြတ်တောင်းနဲ့။ ပြီးတော့ မီးအားကလည်း မပြည့်ဘူး" ဟု လှိုင်သာယာ စက်မှုဇုန်မှ
လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား မေလကုန်မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး
ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေက မေ ၂၈ ရက်၊ လှိုင်သာယာ စက်မှုဇုန်
စီမံခန့်ခွဲရေးရုံး၌ ပြုလုပ်ကျင်းပသည့် လှိုင်သာယာ စက်မှုဇုန်
လုပ်ငန်းရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အလားတူ ရန်ကုန်မြို့တော် အတွင်းရှိ စက်မှုဇုန် အများစု၌ ၂၄ နာရီ
လျှပ်စစ်မီး ရရှိရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်
ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီများမှ လာရောက်ဆွေးနွေးနေကြောင်း၊
သို့သော်လည်း စက်မှုဇုန် လုပ်ငန်းရှင်များနှင့် ဆွေးနွေးတိုင်ပင် ပြီးမှသာ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
"ရန်ကုန်က စက်မှုဇုန်တွေကို လျှပ်စစ်မီး မပေးနိုင်တဲ့အတွက်
လုပ်ငန်းရှင်တွေကို မျက်နှာပူလို့ ကျွန်တော့်အနေနဲ့ လုပ်ငန်းရှင်တွေနဲ့
အခုလိုလာရောက် တွေ့ဆုံခြင်း မပြုခဲ့တာ ကြာပါပြီ။ အဲဒီ အတွက်လည်း
ကျွန်တော်တို့ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ အမြန်ဆုံး
ပေးနိုင်အောင်လည်း ကျွန်တော်တို့ စီစဉ်နေပါတယ်" ဟု ၀န်ကြီးချုပ်
ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
by weeklyeleven
Monday, June 10, 2013
စက်မှုဇုန်များ၌ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေဟု ဆိုသော်လည်း အပြည့်အ၀ မရရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...