ဇွန် ၁၀ ရက်
မွန်းလွဲ ၁ နာရီခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည်
ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်မှု
ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- ရဲမြင့်ဝင်း(ကော့သောင်း))
မြန်မာ့လေကြောင်းမှ ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်
ကုန်ခရီးစဉ်ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် ဇွန် ၁၀ ရက်က
ကော့သောင်းလေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး
ယခုနှစ်ပိုင်းအတွင်းပြည်တွင်း လေကြောင်းခရီးစဉ်များတွင် မတော်တဆမှု
ဖြစ်စဉ်များ ပိုမိုများပြားလာကြောင်း သိရ သည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က
မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည် ကော့သောင်း
လေဆိပ်သို့ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း၏ အနောက်ဘက် ပေ ၂၀၀ ခန့်အကွာသို့
ရောက်ရှိသွားခဲ့ပြီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''ကော့သောင်းလေဆိပ်ကိုဆင်းတဲ့အချိန် မှာ ဟိုက်ဒရောလစ်စနစ်
ချို့ယွင်းကြောင်း အချက်ပြတဲ့ သတိပေးမှုလာလို့ လေဆိပ်ကို
သတိထားပြီးဆင်းသက်ခဲ့တယ်။ ပြေးလမ်း နဲ့ လေယာဉ်ဘီးထိပြီး
ပြေးလမ်းခြံစည်းရိုးကို ပေ ၂၀၀ လောက်ကျော်သွားတာဖြစ်ပါတယ်။ ခရီးသည်တွေ
ထိခိုက်ဒဏ်ရာရရှိမှု တစ်ခုမှ မရှိပါဘူး'' ဟု မြန်မာ့လေကြောင်းမှ
ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်
ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ်
အမှုထမ်းများနှင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ
လေယာဉ်တောင်ပံနှစ်ဖက်ရှိ ပန်ကာများ ကျိုးပဲ့ ပျက်စီးသွားကြောင်း
သတင်းရရှိပါသည်။ ယင်းလေယာဉ်တွင် လေယာဉ် အမှုထမ်း လေးဦးနှင့် ခရီးသည် ၅၅
ဦး၊ ရင်ခွင်ပိုက် ကလေးငယ် ငါးဦးတို့ လိုက်ပါလာကြောင်း သိရသည်။
လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် တစ်ဦးက ''လေယာဉ်က ရန်ကုန်ကနေ
စထွက်ပြီး သိပ်မကြာဘူး စက်ချို့ယွင်းတယ်ဆိုပြီး ရန်ကုန်ကို ပြန်ဆင်းတယ်။
ရန်ကုန်ကနေ မော်လမြိုင်ရောက်တဲ့အထိ ဘာမှမဖြစ်ဘူး။ ကော့သောင်းကိုရောက်မှ
အခုလို ဖြစ်တာ။ အဲဒီအချိန်မှာ ခရီးသည်တွေအားလုံး ဖရိုဖရဲဖြစ်ပြီး
ရင်ခွင်ပိုက်ကလေးတစ်ယောက် ခုံအောက်ကို ကျသွားတယ်'' ဟု ဆိုသည်။
တရုတ်နိုင်ငံမှ ၀ယ်ယူသော MA 60 လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခြင်းသည်
နှစ်လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊
မေ ၁၆ ရက်က မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး -မိုင်းဆတ်-ရန်ကုန် ခရီးစဉ်
ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌
ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက်
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည်
မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး
အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇
နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် အမျိုးသမီး သေဆုံးခဲ့ကာ ခရီးသည် ခုနစ်ဦးနှင့်
လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်း ကိုးဦး ဒဏ်ရာရရှိခဲ့သည်။
တရုတ်နိုင်ငံမှ ၀ယ်ယူထားသော MA 60 လေယာဉ်သည် ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှု ဖြစ်ပွားသွားပြီးနောက် တွေ့ရစဉ်
ဇွန် ၇ ရက် ညနေပိုင်းကလည်း ပုဂံညောင်ဦး လေဆိပ်မှ ရန်ကုန်သို့
ထွက်ခွာမည့် Air Bagan လေယာဉ် စက်ချွတ်ယွင်းမှုကြောင့် ညောင်ဦးလေဆိပ်တွင်
ရပ်နားပြင်ဆင်ခဲ့ရသည်။
လက်ရှိ ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော
လေယာဉ်မတော်တဆမှုများမှာ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော
လေယာဉ်မတော်တဆမှုများထက် ပိုမိုများပြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ
လေကြောင်းအဖွဲ့ချုပ်မှ နှစ်အလိုက် လေယာဉ်မတော်တဆမှု ဖြစ်စဉ်များကို
ထုတ်ပြန်ခဲ့ရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း
နိုင်ငံတကာ၌ လေယာဉ်မတော်တဆမှု ဖြစ်ပွားမှုနှုန်းမှာ ၄ ဒသမ ၁၇
ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ၌ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
၂၀၁၀ ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အစိုးရ၊
နိုင်ငံသားပိုင်နှင့် Joint Venture လေကြောင်းလိုင်းများ၏ မတော်တဆ
ဖြစ်ခဲ့မှု များသည် ၂၀၁၀ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၁ ခုနှစ်တွင် ၄၆ မှုနှင့်၂၀၁၂
ခုနှစ်တွင် ၅၇ မှုအထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းသို့ မတော်တဆမှုများ
တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာရခြင်းမှာ လေကြောင်းလိုင်းများတွင်
လေယာဉ်အစီးရေ ပိုမိုများပြားလာခြင်းနှင့် ပျံသန်းချိန်
ပိုမိုများပြားလာရခြင်းတို့ကြောင့် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ
ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လေယာဉ် မတော်တဆမှုများ မကြာခဏ
ဖြစ်ပွားနေခြင်းကြောင့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး
အစည်းဝေးအား ၂၀၁၃ ခုနှစ် မေ ၂၇ ရက်က ပို့ဆောင်ရေး ၀န်ကြီးဌာန၊
ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းဝေးတွင် လေကြောင်းလိုင်းများ
လိုက်နာဆောင်ရွက်ရမည့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်
ပတ်သက်သည့် အချက်ခြောက်ချက်အား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင်
ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက လေယာဉ်အဟောင်းများအား
အသစ်ဖြင့် အစားထိုးရန် လိုအပ်ကြောင်း၊ အသစ်ဝယ်ယူ နိုင်ခြင်းမရှိလျှင်
ငှားရမ်းသုံးစွဲရန် လိုကြောင်းနှင့် လေယာဉ်မောင်းနှင်သူ လေယာဉ်မှူးများ၏
ကျွမ်းကျင်မှုအား မကြာခဏ စစ်ဆေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အချက်များမှာ Accident Prevention အတွက် Aviation Safety အား
ဂရုစိုက် လုပ်ဆောင်သွားရန်၊ လေကြောင်းလိုင်းများအလိုက် Safety Management
System အား ပီပြင်စွာ လုပ်ဆောင်သွားရန်၊ ICAO ၏ Standard and Recommended
Practice များအတိုင်း လိုက်နာကျင့်သုံးသွားရန်၊ Information နှင့်
Knowledge sharing လုပ်ဆောင်သွားရန်၊ ဖြစ်ပွားခဲ့သော မတော်တဆမှုများအပေါ်
ပြန်လည်သုံးသပ်၍ နောက်မဖြစ်ပွားစေရန် တားဆီးကာကွယ် လုပ်ဆောင်သွားရန်နှင့်
လေသူရဲများမှ Adjustment နှင့် Decision မမှားရန် Emegency Procedure များ
လေ့ကျင့်သွားရန်တို့ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့်
မြန်မာ့လေကြောင်းသည် လက်ရှိတွင် Fokker F 28 နှစ်စီး၊ ATR-72 နှစ်စီး၊
ATR-42 တစ်စီး၊ MA-60 သုံးစီး၊ Beech 1900D နှစ်စီး၊ Embraer 190 နှစ်စီး
စုစုပေါင်း လေယာဉ်အမျိုးအစား ခြောက်မျိုး၊ လေယာဉ်စီးရေ ၁၂ စီးဖြင့်
အခြားပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်းခြင်း မရှိသည့် မြို့ပေါင်း ၂၆
မြို့သို့ပျံသန်းလျက်ရှိသည်။
by weeklyeleven
Tuesday, June 11, 2013
ကော့သောင်းမြို့တွင် ပြေးလမ်းချော်၊ ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် လေယာဉ် မတော်တဆမှု ဖြစ်စဉ်များ ပိုမိုများပြားလာ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...