တာချီလိတ်မြို့နှင့် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove
Garment အထည်ချုပ် စက်ရုံတွင် မြန်မာလုပ်သား ၁၈၀ ကျော် ပိတ်လှောင်
ခံထားရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း လုပ်သားများ၏ ပြောဆိုချက်ကို
ကိုးကားကာ တာချီလိတ်မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးကျော်မြင့်က
ပြောကြားသည်။
စက်ရုံကို ပြင်ဆင်မည်ဟုဆိုကာ
စက်တင်ဘာလ ၁၀ ရက်နေ့က ပိတ်ထားခြင်းဖြစ်ပြီး စားသောက်ရေးအတွက် အလုပ်ရှင်က
စီစဉ်ပေးခြင်း မရှိကြောင်း၊ လုပ်သားများ၏ ဗီဇာနှင့် တရားဝင်
အထောက်အထားများကို အလုပ်ရှင်က သိမ်းဆည်းထားသဖြင့် အပြင်ထွက်၍ မရကြောင်း
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား
ကူညီစောင့်ရှောက်ရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းကဆိုသည်။
မြန်မာလုပ်သားများကို ယခုနှစ် ဧပြီလမှ စတင်ကာ လုပ်ခမပေးခြင်း၊ လုပ်ခ
လျှော့ချခြင်း၊ အချိန်ပိုလုပ်ခ မပေးခြင်းစသည့် ပြဿနာ ဖြစ်ပေါ်ခဲ့ပြီး
ထိုင်းအစိုးရက ညှိနှိုင်းသော်လည်း ပြေလည်မှု မရရှိကြောင်း၊ အလုပ်ရှင်နှင့်
သဘောတူထားသည့် အချက်များကို ချိုးဖောက်ခံရကြောင်း အလုပ်သမားများ၏
ပြောဆိုချက်အရ သိရှိရသည်။
အဆိုပါ ပြဿနာများကြောင့် သြဂုတ်လ
အတွင်းက လုပ်သားများက ဆန္ဒပြ တောင်းဆိုခဲ့ကြသဖြင့် အလုပ်ရှင်၏
ခြိမ်းခြောက်မှုကို ခံခဲ့ရကာ ယင်းအကျိုး ဆက်အနေနှင့် စက်ရုံလုပ်ငန်း
ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
ဧပြီလနှင့်
မေလအတွက် နှစ်လစာ ဖြတ်တောက် ခံခဲ့ရသည့်အပြင် သင်္ကြန် အပိုဆုကြေးလည်း
ရရှိခြင်း မရှိခဲ့ကြောင်း၊ အလုပ်ရှင်နှင့် သဘောတူစဉ်က စားဝတ်နေရေးအတွက်
စရိတ်ငြိမ်းဟု သဘောတူခဲ့သော်လည်း ဗီဇာကြေးနှင့် နေစရိတ်အတွက် အလုပ်သမားထံမှ
ကောက်ခံနေကြောင်း အဆိုပါ စက်ရုံမှ လုပ်သားခေါင်းဆောင် ဒေါ်စီစီလွင်က
ဆိုသည်။
“အလုပ်လုပ်ရင်း အလုပ်သမားတွေက အကြွေးတင်တယ်။ စားစရာ မရှိဘူး” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ လုပ်သားကိစ္စကို ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးဌာနသို့ တင်ထားပြီး
တာချီလိတ်မြို့မိ မြို့ဖများနှင့် အသင်းအဖွဲ့များက တစ်ပတ်စာအတွက် အစားအစာ
သွားရောက် လှူဒါန်းခဲ့ကြောင်း၊ စက်ရုံမဖွင့်မချင်း ကူညီမည် ဖြစ်ကြောင်း
ဦးကျော်မြင့်က ဆိုသည်။
အဆိုပါ လုပ်သားကိစ္စ ဖြေရှင်းရန် အဆင့်ဆင့် ဆောင်ရွက်နေကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောကြားသည်။
Prove Garment စက်ရုံကို ဖိလစ်ပိုင် လူမျိုးများက အုပ်ချုပ်ပြီး မြန်မာလုပ်သား ၁၈၆ ဦး ရှိသည်။
(ထက်အောင်ဖြိုး)
by the voice weekly
Tuesday, September 17, 2013
ထိုင်းနယ်စပ်ရှိ အထည်ချုပ်စက်ရုံ မြန်မာလုပ်သား ရာချီ ပိတ်လှောင်ခံရ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...