ရန်ကုန်မြို့တော် လှိုင်မြို့နယ် (၁) ရပ်ကွက် အောင်မေတ္တာလမ်း တိုက် အမှတ်
၁၂ ၊ ပထမထပ်ရှိ အောင်ကျော်ခန့် အလှပြုပြင်ရေး ဆိုင်မှ အသက် ၂၂ နှစ် အရွယ်
အလုပ်သင် အလှဖန်တီးရှင် တစ်ဦးကို ဆိုင်ပိုင်ရှင်က ထီးဖြင့် ရိုက်၍ဟု ဆိုကာ
ဆိုင်ဝရန်တာမှ ခုန်ချခဲ့မှုကို သေကြောင်း ကြံစည်မှုဖြင့် နိုဝင်ဘာလ ၇
ရက်နေ့တွင် အမှု ဖွင့်ထားကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ အလှပြုပြင်ရေး ဆိုင်တွင် ခြောက်လခန့်ကြာ အလုပ်သင်အဖြစ်
လုပ်ကိုင်နေသူ စိုးငယ် (ခ) ဂျူလိုင်စိုးသည် နိုဝင်ဘာလ ၆ ရက်နေ့
နံနက်ပိုင်းက ဆိုင်ရှင်၏ စေခိုင်းချက်အရ တောင်ဥက္ကလာပ မြို့နယ်
နန္ဒဝန်ဈေးသို့ လက်ဝတ်ရတနာ ပစ္စည်းများ သွားယူကြောင်း၊ ည ၇ နာရီကျော်တွင်
ဆိုင်သို့ ပြန်ရောက်သော်လည်း ပြန်ချိန် နောက်ကျသည်ဟု ဆိုကာ ထီးဖြင့်
ရိုက်ဆုံးမကြောင်း၊ ယင်းကြောင့် စိုးငယ်က ထိုင်ခုံပေါ် ထိုင်နေရာမှ
တိုက်ခန်း ဝရန်တာမှ ခုန်ချခဲ့ကြောင်း ဆိုင်ပိုင်ရှင် မိတ်ကပ်
အောင်ကျော်ခန့်က The Voice သို့ ပြောကြားသည်။
“နောက်ရက်
မင်္ဂလာဆောင်မှာ ပြင်ပေးဖို့ကို ယူခိုင်းလိုက်တာ။ တစ်နေကုန် ပြန်ရောက်မလာတော့
စိတ်ပူတာပေါ့။ တအားကြီး နာကျင်အောင် ရိုက်တာ မဟုတ်ပါဘူး။ ခပ်ဆဆပါပဲ။
ရိုက်တဲ့ ထီးတောင် ဘာမှ မဖြစ်ဘူး။ အဲဒီလို လုပ်လိမ့်မယ် လို့လည်း
ထင်မထားဘူး” ဟု ၎င်းက ဆိုသည်။
၎င်း ခုန်ချသည့် တိုက်ခန်းနှင့်
မြေပြင်သည် ၂၁ ပေ အကွာတွင် တည်ရှိပြီး ခုန်ချသည့် အရှိန်ကြောင့်
စိုးငယ်တွင် ရင်ဘတ်အောင့် ဒဏ်ရာ၊ ယာခြေဖနောင့် နာကျင် ဒဏ်ရာများ ရရှိကာ
သတိလစ်သွားကြောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ကာ
ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာ မရှိသောကြောင့် ညတွင်းချင်းပင် တိုက်ခန်းသို့
ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းကိစ္စနှင့်
ပတ်သက်၍ စိုးငယ်ကမူ လျှောက်လည်ရင်း တစ်နေ့လုံး ကွမ်းစားခဲ့သောကြောင့်
တိုက်ခန်းသို့ ပြန်လည် ရောက်ရှိချိန်တွင် ခေါင်းမူးနေကြောင်း၊ ဆရာဖြစ်သူက
ထီးဖြင့် ရိုက်ဆုံးမနေစဉ် မူးနောက်လာသဖြင့် မခံနိုင်တော့ဘဲ အပြင်ဘက်
ဝရန်တာသို့ ထွက်ကာ အန်နေစဉ် အရှိန်လွန် ပြုတ်ကျခဲ့ခြင်းသာ ဖြစ်ကြောင်း
စိုးငယ် (ခ) ဂျူလိုင်စိုးက The Voice သို့ ပြောကြားသည်။
“မခံနိုင်တော့လို့ ပြေးပြီး အန်လိုက်တာ။ အောက်က အခန်းနဲ့ လွတ်အောင်ဆိုပြီး
ရှေ့ကို အားနဲ့တိုးပြီး အန်လိုက်တာ။ ဘယ်လို ဖြစ်သွားတယ် မသိဘူး” ဟု ၎င်းက
ရှင်းပြသည်။
တိုက် ဝရန်တာမှ ခုန်ချမှုဖြင့် စိုးငယ် (ခ)
ဂျူလိုင်စိုး ကို (ပ) ၄၃၉/၁၃၊ ပြစ်မှု ပုဒ်မ-၃၀၉ ဖြင့် အမှု ဖွင့်ထားကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
by weeklyeleven
Sunday, November 10, 2013
အလုပ်သင် အလှဖန်တီးရှင် တစ်ဦး တိုက်ပေါ်က ခုန်ချမှုဖြင့် အမှုဖွင့်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...