<div style='background-color: none transparent;'></div>

Tuesday, November 19, 2013

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကဏ္ဍတစ်ခု ကျပ်သိန်း ၅၀ ထက် ပိုမသုံးရန် ပြည်ထောင်စုလွှတ်တော် အမိန့်ထုတ်

နိုင်ငံတစ်ဝန်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရမည့် ရန်ပုံငွေကို ကဏ္ဍတစ်ခုလျှင် ကျပ်သိန်း ၅၀ ထက် ပိုမသုံးရန် ပြည်ထောင်စု လွှတ်တော်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၈၂/၂၀၁၃) ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း အဆိုပါ လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒေသခံများ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားသည်။

ယင်းရန်ပုံငွေကို ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး၊ ကျေးလက်ဒေသ လမ်းတံတားများ ပြုပြင်ရေး၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပျက်စီးနေခြင်းတို့ကို ပြုပြင်ရန် စသော ကဏ္ဍများတွင် သုံးစွဲရမည် ဖြစ်ပြီး ယင်းကဲ့သို့ သုံးစွဲရာတွင် ပြည်ထောင်စု ဘဏ္ဍာငွေမှ ခွင့်ပြုထားသော လုပ်ငန်း၊ စီမံကိန်းများ၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့က ချပေးထားသော လုပ်ငန်း၊ စီမံကိန်းများမှအပ ကျန်သော နေရာများတွင် သုံးစွဲရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
“ကျေးရွာ ၁၀၀ ရှိရင် ဆယ်သိန်းစီ ခွဲယူဖို့ မဟုတ်ဘူး။ မရှိတဲ့ နေရာမှာ ပေးဖို့၊ ရသွားတဲ့ နေရာအတွက် ကျန်တဲ့နေရာကလည်း မုဒိတာပွားဖို့ လိုတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးနင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေကြေး သုံးစွဲရန် ပြီးခဲ့သည့်နှစ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာငွေ အတည်ပြုခဲ့ပြီး မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကလေးမြို့၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် လက်ရှိ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၇၅,၀၁၅ သန်းခန့် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
 
by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...