<div style='background-color: none transparent;'></div>

Tuesday, November 5, 2013

ထူးကုမ္ပဏီပိုင် စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

AddThis Social Bookmark Button
8.1.1
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ Espace Cafe & Bar စားသောက်ဆိုင် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၄ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်က ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အလယ်ထပ် (ပထမထပ်) လက်ယာဘက် ပြည်တွင်းထွက်ခွာ မှန်တံခါးပေါက် အနီးတွင်ရှိသော Espace Cafe & Bar မှ စားသောက်ဆိုင်၏ ရေခဲသေတ္တာတွင် တပ်ဆင်ထားသော Safe Guard မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရကြောင်း သိရပြီး မီးအပူရှိန်ကြောင့် လေဆိပ်ခေါင်မိုးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို လေဆိပ်အတွင်းရှိ လုံခြုံရေး ရဲအရာရှိနှစ်ဦးမှ မနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၁၅ မိနစ်တွင် လေဆိပ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက် ငြိမ်းသတ်ခဲ့ကာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးကို ထိန်းနိုင်ခဲ့ကာ နံနက် ၂ နာရီတွင် မီးငြှိမ်းသတ်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။
''ဒီမီးလောင်ကျွမ်းမှုကြောင့် လေဆိပ်ကို ပိတ်ထားမှာ မဟုတ်ဘဲ ဆက်လက်ပျံသန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့ ဆိုင်နဲ့ အနီးတစ်ဝိုက်ကိုတော့ ခရီးသွားဧည့်သည်တွေ အနှောင့်အယှက် မဖြစ်နိုင်အောင် ကာရံပေးထားပါမယ်။ လေဆိပ်က ပျက်စီးသွားတာ တွေကိုတော့ ခုံရုံးဖွဲ့ပြီး တန်ဖိုးကို စစ်ဆေးဆုံးဖြတ် သွားရပါမယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးစိုးလွင်က ပြောကြားသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်၏ Safe Cuard များကို တပ်ဆင်ထားသည်မှာ တစ်နှစ်ကျော်ခန့်သာ ကြာမြင့်သေးကြောင်းနှင့် နိုဝင်ဘာ ၃ ရက် ညနေငါးနာရီ အချိန်ခန့်က ဆိုင်ကိုပိတ်ခဲ့ကြောင်း ဆိုင်တာဝန်ရှိသူ တစ်ဦးနှင့် အထက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိအချိန်တွင် လေဆိပ်တာဝန်ခံဒု ရဲအုပ်မိုးမြင့်စိုးက ဆိုင်တာဝန်ခံ ထွန်းအောင်ကျော် (၂၉နှစ်)အား(ပ)၃၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

by weeklyeleven

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...