<div style='background-color: none transparent;'></div>

Thursday, November 14, 2013

အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ



K.14-11
လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့က စပါးခြွေပြီးတော့ လယ်တဲထဲမှာ ခဏ၀င်နားနေတာ လေးယောက်ပါ။ ၁၁ နာရီ ထိုးလောက်ကျတော့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ ရဲရှစ်ယောက်လောက်က ရောက်လာပြီး အတင်း ၀င်ဖမ်းပါတယ်။ ကိုငယ်ကို လက်ထိပ်နဲ့ နှစ်ဆင့်ခတ်ပြီး ဖမ်းတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်တယ်။သေနတ်နဲ့ ဆောင့်ထိုးတယ်။ လက်သီးနဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်တာက ဆက်တိုက်ပဲ လေးငါးချက်လောက် ရှိမယ်။ သေနတ်က အ ရှည်ပါ။ သေနတ်နဲ့ ပစ်တာက လက်ထိပ်ခတ်ပြီးမှ ပစ်တာပါ" ဟု လက်ထိပ်ခတ် ဖမ်းဆီးထားသည့် လယ်သမားအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားစဉ် အတူရှိနေသည့် လယ်သမား ကိုသန့်ဇင်ဦးက ပြောကြားသည်။
by weeklyeleven

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...