ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်နေမှုကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်ခဲ့သည့် ရွှေဂုံတိုင်
ခုံးကျော်တံတားမှာ ၁၁ လ အကြာတွင် ပြီးစီးမည်ဖြစ်၍ တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ ခွင့်ပြုပါက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင်
စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား
စီမံကိန်းမှာ လက်ရှိအနေအထားတွင် ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီး
သတ်မှတ်ထားသည့် နိုဝင်ဘာ ၃၀ ရက်တွင် ရာခိုင်နှုန်းပြည့်
ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
"ကားတွေရဲ့ ဆူညံသံတွေက မြေပြင်မှာဆိုရင် မသိသာပေမယ့် တံတားအမြင့်
ဆောက်တဲ့အခါမှာ အဆောက်အအုံတွေနဲ့ နီးကပ်တဲ့အတွက် ဆူညံသံတွေက
ပိုပြီးကျယ်တယ်။ ဒါကြောင့် ဆူညံမှုတွေ မဖြစ်အောင် အသံထိန်းညှိစနစ်
တပ်ဆင်သွားပါမယ်" ဟု Capital Development Co.Ltd ၏ စီမံကိန်း ဒါရိုက်တာ
ဦးအေးသော်က ပြောကြားသည်။
ယင်းအသံထိန်းညှိ စနစ်ကို ဂျပန်နည်းပညာဖြင့် တပ်ဆင်ခြင်းဖြစ်ပြီး
လူနေအဆောက် အအုံများနှင့် နီးကပ်သည့် Excel Treasure Tower နှင့် Shwe Gon
Plaza အနီးတို့တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီတံတားကို ကျွန်တော်တို့ဘက်က နိုဝင်ဘာ ၃၀ ရက် အပြီးဆောက်မှာပါ။
ဒီဇင်ဘာ ၁ ရက်ကစပြီး အသုံးပြုလို့ ရပါပြီ။ ကားတွေဖြတ်သန်း သွားလာခွင့်ကတော့
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီတို့ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဖြတ်သန်းသွားလာလို့ ရပါပြီ" ဟု Capital
Development Co.Ltd ၏ စီမံကိန်းဒါရိုက်တာ ဦးအေးသော်က ဖြေကြားသည်။
ဆက်လက်ပြီး ၎င်းက "ဒီစီမံကိန်းကို နေ့ရောညပါ ဆောင်ရွက်မယ် ဆိုရင်တော့
သတ်မှတ်ထားတဲ့ ၁၁ လထက် ပိုပြီးစောပြီးနိုင်ပါတယ်။ ဒါပေမဲ့ တည်ဆောက်တဲ့
အခါမှာ အခက်အခဲ တချို့ ရှိတဲ့အတွက် အနည်းငယ် ကြန့်ကြာမှု ရှိခဲ့တာပါ" ဟု
ဆိုသည်။
ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီမှ ကြီးကြပ်ပြီး Capital Development Co.Ltd မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ
၁၂ ရက်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်သည့် ခန့်မှန်းကာလမှာ ၁၁ လဖြစ်ပြီး ၂၀၁၃ ခုနှစ်
နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် ပြီးစီးမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ၁၇
ဒသမ ၄၄ ဘီလျံရှိကြောင်း သိရသည်။
by weeklyeleven
Wednesday, November 6, 2013
ရွှေဂုံတိုင် ခုံးကျော်တံတား ဒီဇင်ဘာ ၁ ရက်တွင် စတင်အသုံးပြုနိုင်မည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...