<div style='background-color: none transparent;'></div>

Saturday, November 9, 2013

ဟာဇက် တောင်းပန်သည်ကို လက်မခံဟု မော်ရင်ဟို ပြောကြား

တနင်္လာနေ့က လေ့ကျင့်ရေး အစီအစဉ် ပျက်ကွက်မှု အတွက် အီဒင်ဟာဇက်က ပြန်လည် တောင်းပန်သည်ကို မိမိ လက်မခံနိုင်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်

ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် ပတ်စ်ပို့တ် ပျောက်နေသည့် ကိစ္စကြောင့် တနင်္လာနေ့ လေ့ကျင့်ရေး အစီအစဉ်ကို ပျက်ကွက်ခဲ့သည်။ အသင်းကို အကြောင်း မကြားဘဲ လေ့ကျင့်ရေး ပျက်ကွက်ခြင်းကြောင့် မော်ရင်ဟိုက အသက်(၂၂)နှစ်ရှိ ကစားသမားကို ဒဏ်ပေးသည့် အနေဖြင့် ရှော်လ်ကေးနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ် လူစာရင်းတွင် ထည့်သွင်းခဲ့ခြင်း မရှိချေ။ နောက်ပိုင်းတွင် မော်ရင်ဟိုကို ဟာဇက်က ပြန်တောင်းပန်သော်လည်း ပေါ်တူဂီသားက ငြင်းဆန်ခဲ့ကြောင်း သိရသည်။

မော်ရင်ဟိုက "ဒီကိစ္စမှာ ဟာဇက်တုံ့ပြန်ပုံက ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ အသင်းနဲ့ ကျွန်တော့်ကို သူပြန်တောင်းပန်တယ်။ ဒါပေမဲ့ သူတောင်းပန်တာကို ကျွန်တော် လက်မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကိစ္စကို ကျွန်တော် လက်မခံနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက ပြီးသွားပါပြီ။ သူက ခုချိန်မှာ ကစားဖို့ အသင့်ဖြစ်နေပြီ။ ပွဲကစားဖို့လည်း ဆာလောင်တက်ကြွနေတယ်။ ဟာဇက် အသင်းမှာ ပြန်ပါလာတာကို ကျွန်တော် ဝမ်းသာပါတယ်"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုက "ဒီကိစ္စမှာ နောက်ဆက်တွဲ အကျိုးဆက်တွေ မရှိနိုင်ပါဘူး။ ကစားသမား တစ်ယောက်အတွက် အဆိုးဆုံး အရာက ဘောလုံးမကစားရတာပါ။ ဟာဇက်က လူတော်လေး တစ်ယောက်ပါ။ သူ့ကိုယ်သူ အမှားလုပ်မိတယ် ဆိုတာကို သူသိပါတယ်။ ဒါပေမဲ့ အားလုံ ရှင်းလင်းသွားပြီ ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ သူ့ကို ကျွန်တော် ရှော်လ်ကေးနဲ့ ပွဲမှာ မသုံးခဲ့ပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ အသင်းလိုက် စုဖွဲ့မှုက အခြေခံ အကျဆုံး လိုအပ်ချက်ဆိုတာ အားလုံးလည်း ပိုပြီး သိလာမှာပါ" ဟုလည်း သုံးသပ်ခဲ့သည်။ ဟာဇက်သည် ဝက်စ်ဘရွန်းဝစ်ခ်ျကို စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ရင်ဆိုင်မည့် ပွဲစဉ်၌ ပြန်လည်ပါဝင်လာဖွယ် ရှိနေပြီး အသင်းဖော် ဖာနန်ဒို တောရက်စ်မှာမူ ဒဏ်ရာမှ အချိန်မီ သက်သာလာဖွယ် မရှိကြောင်း သိရှိရသည်။

Ref:Dailymail
Soccer Myanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...