<div style='background-color: none transparent;'></div>

Monday, November 18, 2013

မန္တလေးစည်ပင်ပိုင် ဟိုတယ် ပုဂ္ဂလိကသို့ ၁၅ နှစ် လုပ်ကိုင်ခွင့် ပေးမည်

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်တစ်လုံးကို ပုဂ္ဂလိကသို့ ၁၅ နှစ်တာ ငှားရမ်း လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဟိုတယ် ငှားရမ်း လုပ်ကိုင်ခွင့်အတွက် လျှောက်ထားသည့် ကုမ္ပဏီ ၇၀ နီးပါး ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တင်ဒါအောင်သည့် ကုမ္ပဏီကို ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းကြားရှိ မင်္ဂလာ မန္တလေး စီမံကိန်းဝင်း အတွင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် အခန်း ၅၂ ခန်း ပါဝင်သည့် အထပ်ငါးထပ်ရှိ ဟိုတယ် တစ်လုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၁၅ နှစ်ကာလ ငှားရမ်းလုပ်ကိုင်ခွင့် ပေးရန် ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

ယခုငှားရမ်းမည့် အဆိုပါဟိုတယ် လုပ်ကိုင်ခွင့်အတွက် နိုဝင်ဘာ ၁၄ ရက်နေ့အထိ ပြည်တွင်း ကုမ္ပဏီ ၆၄ ခုခန့် လာရောက် လျှောက်ထားပြီး တင်ဒါ ခေါ်ယူထားသည့် အောက်တိုဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့ထိ တင်ဒါ လျှောက်ထား ခေါ်ယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
“၁၈ ရက်နေ့ကျရင် တင်ဒါအောင်တဲ့သူကို ကြေညာမယ်။ တင်ဒါတင်သူ အားလုံးထဲကနေ ငှားရမ်းခ အများဆုံး ပေးသွင်းနိုင်သူကို တင်ဒါ အအောင်ပေးမယ်” ဟု မန္တလေးစည်ပင်မှ တာဝန်ရှိသူက ဆိုသည်။

တင်ဒါ ယှဉ်ပြိုင်သည့် ကုမ္ပဏီများသည် စားပွဲတင် စပေါ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို တင်ဒါ ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး လုပ်ငန်း ကော်မတီသို့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ပေးသွင်းရမည် ဖြစ်ပြီး ယင်းနေ့ နံနက် ၉ နာရီတွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီကို ကုမ္ပဏီများ အားလုံး ရှေ့မှောက်တွင် ကြေညာ သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။


by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...