<div style='background-color: none transparent;'></div>

Friday, November 8, 2013

စိုက်ပျိုးစရိတ်ချေးငွေ ဘဏ်စာအုပ် ပြုလုပ်ခ ပိုတောင်းသည့် ဘဏ်ဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှူးကို ပြင်းပြင်းထန်ထန် သတိပေး

စိုက်ပျိုးရေးချေးငွေ ဘဏ်စာအုပ်ပြုလုပ်ခ နှစ်ဆကျော် ပိုတောင်းခံခဲ့သည့် ညောင်လေးပင်မြို့နယ် စိုက်ပျိုးရေးဘဏ် အတွင်းရေးမှုးနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးတို့ကို နောက်နောင်တွင် ယင်းသို့ ထပ်မံကျူးလွန် ခဲ့ပါက ထိရောက်စွာ အရေးယူသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေး ပြော ဆိုလိုက်သည်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ရေဆုံးကျေးရွာအုပ်စုမှ ကုန်းအင်းကျေးရွာတွင် ပြီးခဲ့သည့် စိုက်ပျိုးရာ သီက ချေးငွေထုတ်ယူနိုင်ရန် ပြုလုပ်ပေးသည့် ဘဏ်စာအုပ်ပြုလုပ်ခများကို မူရင်းသတ်မှတ်ဈေးနှုန်း ထက် နှစ်ဆတောင်းခံခဲ့ခြင်းဖြစ်ပြီး တောင်သူများ၏တိုင်ကြားချက်များကို စစ်ဆေးရာ မှန်ကန်ကြောင်း ၀န်ခံခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဘဏ် အတွင်းရေးမှူးတို့အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခံဝန်ကတိပြု လက်မှတ်ရေးထိုးခိုင်းသည်ဟု ညောင်လေးပင်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းလတ်က ဆိုသည်။

လယ်ယာစိုက်ပျိုးရေးဘဏ်တွင် စိုက်ပျိုးရေးချေးငွေ ဘဏ်စာအုပ်ပြုလုပ်ရန် ကုန်ကျငွေသည် ၃၅၀၀ ကျပ် ပေးဆောင်ရခြင်းဖြစ်ပြီး ကျေးရွာများအတွင်း ဘဏ်စာအုပ်ပြုလုပ်လိုပါက လယ်တစ်ဧကပိုင်ဆိုင်သူ ကို ၃၅၀၀ ကျပ် စတင် ကောက်ခံပြီး တစ်ဧကအထက် လယ်မြေပိုင်ဆိုင်သူများကို ဘဏ်စာအုပ်လုပ်ခ ငွေ ၁၃၀၀၀ ကျပ်အထိ ကောက်ခံခဲ့သည်ဟု ရေဆုံးကျေးရွာအုပ်စု ဘဏ်စာအုပ်ပြုလုပ်ပေးရာတွင် တာ ၀န်ယူရသည့် စိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးစိုးတင့်က ပြောသည်။

ရေဆုံးကျေးရွာအုပ်စု ကုန်းအင်းကျေးရွာအတွင်း ပြုလုပ်ခဲ့သည့် ဘဏ်စာအုပ် ၃၀ ကျသင့်ငွေ သုံးသိန်း ခုနှစ်ထောင်ကျပ်ကို မိမိကိုယ်တိုင် ဘဏ်လူကြီးလက်အတွင်း အပ်နှံ့ခဲ့ကြောင်း ကုန်းအင်းရွာနေ လယ်သ မားဦးသောင်းဝင်းက ပြောသည်။

“ပြီးခဲ့တဲ့ စိုက်ပျိုးရာသီ နောက်ဆက်တွဲချေးငွေထုတ်ချိန်မှာ ကိုစိုးတင့်(စိုက်ပျိုးရေးဘဏ် အတွင်းရေးမှူး) လက်ထဲကို စာအုပ်လုပ်ခ ပိုက်ဆံကို ကိုယ်တိုင် သွားပေးခဲ့တာ။ ဘာကြောင့် ကောက်တယ်ဆိုတာကို ဘာမှ မပြောဘူး။ ကျွန်တော်တို့သိတာက ဘဏ်စာအုပ်လုပ်ရင် ၅၀၀ပဲပေးရတယ်လို့တော့ သိထားတာ” ဟု ၎င်းက ဆိုသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...