<div style='background-color: none transparent;'></div>

Thursday, November 21, 2013

တက္ကသိုလ်၊ ကောလိပ်များတွင် အဆောင်ပြန်ထားမည်

၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များတွင် တက်ရောက်မည့် ကျောင်းသားများအတွက် တက္ကသိုလ်အဆောင်များ ပြန်လည်ထားရှိပေးတော့မည် ဖြစ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသို့ စည်ပင်သာယာနယ်နိမိတ်ပြင်ပမှ လာရောက်ပညာသင်မည့် ကျောင်းသူ၊ ကျောင်းသားအသစ်များကို ဦးစားပေးကာ စီစဉ်လျှက်ရှိသည်ဟု နိုဝင်ဘာလ ၂၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြစ်ကြီးနားတက္ကသိုလ်တို့မှ အတန်းအားလုံး၏ ကျောင်းသူ၊ကျောင်းသားများအတွက် အဆောင်ထားပေးမည်ဖြစ်ကာ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အချို့တွင်မူ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေးကာ အဆောင်စီစဉ်ပေးမည်ဟု ပါရှိသည်။

ယင်းသို့ အဆောင်စီစဉ်ပေးရာတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များကဲ့သို့ ကျောင်းအဆောင်ရှိသော တက္ကသိုလ်များရှိသော်လည်း အဆောင်မရှိသေးသော တက္ကသိုလ်များတွင်မူ အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပြီးဖြစ်ကာ အဆောင်အဖြစ်အသုံးပြုနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ လာမည့်ပညာသင်နှစ်များတွင် အဆောင်သစ်များ တိုးချဲ့နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် အဆောင်နေကျောင်းသားများ စားသောက်ရေးအတွက် သင့်တင့်သောနှုန်းထားများ စီစဉ်ပေးမည်ဟုလည်း သိရသည်။

တက္ကသိုလ်၊ ကောလိပ်များတွင် ၁၉၉၆ခုနှစ်အထိ အဆောင်များထားရှိပြီး ၁၉၉၆ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် ကျောင်းသားသပိတ်ဖြစ်ပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အပါအဝင် တက္ကသိုလ်၊ ကောလိပ်အားလုံး၏ အဆောင်များကို ပိတ်လိုက်သည်မှာ ယနေ့အထိပင်ဖြစ်သည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...