<div style='background-color: none transparent;'></div>

Wednesday, December 4, 2013

အဂတိလိုက်စားမှု အဆိုးဆုံး မြန်မာ အဆင့် ၂၀ ဖြစ်လာ

ကမ္ဘာတစ်လွှားရှိ အဂတိလိုက်စားမှု အရှိဆုံးသော နိုင်ငံများစာရင်းကို ထုတ်ပြန်လေ့ရှိသည့် ဂျာမဏီနိုင်ငံ ဘာလင်အခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၃ ခုနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်မှု တွင် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၅ ဆင့်အထိ တိုးတက်လာခဲ့သည်။

ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေများကို နှစ်စဉ်ထုတ်ပြန်သောTrans-parency International ၏ ၂၀၁၂ ခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အရှိဆုံးစာရင်းအဆင့်ငါးတွင် ရပ်တည်နေရာမှ ၂၀၁၃ ခုနှစ် တွင် အဆင့် ၂၀ သို့ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေသည့် မြန်မာအစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မှုများအား တိုက်ဖျက်ရန်အ တွက်လည်း ကြိုးပမ်းမှုများ ရှိခဲ့သည်။ ခြစားမှုများ တိုက်ဖျက်ရန်အတွက် အဂတိလိုက်စားမှုဥပဒေအား ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့ ခြင်း၊ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီအား ထိုနှစ်၏ ဇန်န၀ါရီလ ၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အတူ အကျင့်ပျက်ခြစားမှုများကိုလည်း အရေးယူမှုများ ပြုလုပ်လာပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဖေဖေါ် ၀ါရီလ အတွင်း ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းလာသော မော်တော်ကားများအား ထုတ်ယူခြင်း နှင့် ပတ်သက်သော လာဘ်ပေးလာဘ်ယူများတွင် ပါဝင်သည်ဟုဆိုကာ အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်း ၁၆ ဦးအား ရာထူးမှ မယူမနေရ အငြိမ်းစားပေး အရေးယူလိုက်သည်ဟု အကောက်ခွန်ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၌ လာဘ်ပေး လာဘ်ယူများ ဆက်လက်ထူပြောနေဆဲ ဖြစ်ပြီး အရေးယူမှုများ အား နည်းနေကြောင်း ထောက်ပြသည်များလည်း ရှိ နေသည်။

လာဘ်ပေးလာဘ်ယူမှုသည် ယခင်က အစိုးရ၀န်ကြီးဌာနများတွင်သာ သာမန်အားဖြင့် တွေ့ရသော် လည်း ယခုအခါ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်သော ဒေသနှင့် သဘာဝဘေး အန္တရာယ်ခံစားနေရသော ဒုက္ခသည်များကို နိုင်ငံတကာမှ လှူဒါန်း ကူညီမှုများအား အလွဲသုံးစားလုပ်ခြင်း ကြုံတွေ့နေရသည်ဟု ဒု-သမ္မတ စိုင်းမောက်ခမ်းက လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ၏ ဇူလိုင်လတွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောခဲ့ဖူးသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...