<div style='background-color: none transparent;'></div>

Friday, December 13, 2013

"သားဖြစ်သူ ရိုမီယိုနှင့် ယှဉ်မပြေးနိုင်တော့ဟု ဘက်ဟမ်းဝန်ခံ"

မိမိအနေဖြင့် အပြေးပြိုင်သည့်အခါ သားဖြစ်သူ ရိုမီယိုဘက်ဟမ်းကိုပင် လိုက်မမီတော့ဟု ဒေးဗစ်ဘက်ဟမ်းက ဝန်ခံပြောကြားလိုက်သည်။ အသက်(၃၈)နှစ် ရှိပြီဖြစ်သည့် ဘက်ဟမ်းသည် နွေရာသီက PSGအသင်းတွင် နောက်ဆုံးကစားပြီးနောက် ဘောလုံးကစားခြင်းမှ အနားယူခဲ့သူ ဖြစ်သည်။ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက မိမိသည် မနက်ပိုင်းတွင် အသက်(၁၁)နှစ်အရွယ် ရိုမီယိုနှင့်အတူ အပြေးလေ့ကျင့်လေ့ ရှိသော်လည်း ရိုမီယိုက မိမိထက် ပိုမို၍ သက်လုံပြည့်ဝနေပြီဟု ဖွင့်ဟခဲ့သည်။ ၎င်းသည် မန်ချက်စတာရှိ နိုင်ငံတကာ ဘောလုံးပြတိုက်တွင် The Times သတင်းထောက်များနှင့် အပြန်အလှန် ဆွေးနွေးစကားပြောရင်း ယခုလို ဝန်ခံသွားခြင်း ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်းက "ကျွန်တော် ခုဆို ရိုမီယိုကို မီအောင် လိုက်မပြေးနိုင်တော့ဘူးဗျ"ဟု ဆိုသည်။ ၎င်းက မနက်(၆)နာရီတွင် ထပြေးကြရန် သားအဖနှစ်ဦး တိုင်ပင်ထားသော်လည်း အမှန်တကယ်တွင် ရိုမီယိုကပင် ပို၍ ဇွဲကောင်းကြောင်းလည်း ဖွင့်ဟခဲ့သည်။ "သူနောက်ထပ် နာရီဝက်လောက်တော့ အိပ်ဦးမှာပဲလို့ ကျွန်တော်က ထင်ထားတာ။ ဒါပေမဲ့ (၆)နာရီလောက်မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို လာနှိုးတယ်။ အဖေ၊ ထရမယ့်အချိန် ရောက်ပြီဆိုတဲ့ အသံကိုလည်း ကြားရတယ်"ဟု ဘက်ဟမ်းက ရယ်ရယ်မောမော ပြောကြားခဲ့သည်။

၎င်းက "ရိုမီယိုက တကယ့်ကို ဇောကြီးတဲ့ အပြေးသမား တစ်ယောက်ပါ။ အမြဲတမ်းလိုလို ကိုယ့်ရှေ့မှာ ခြေတစ်လှမ်းလောက် အသာရနေမှ ကျေနပ်သူလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်နေ့ကို (၃)မိုင်ခွဲ ပြေးပါတယ်။ (၃)မိုင်လောက် ရောက်လာရင် ပြေးအားကို အရှိန်မြှင့်လိုက်ကြတယ်။ အဲဒီကျရင် ကျွန်တော်က အမောဖောက်နေပြီ။ ရိုမီယိုကတော့ အမြဲလိုလို ကျွန်တော့်ရှေ့မှာ အသာရနေပါတယ်။ သူ့အတွက် ကျွန်တော် တကယ့်ကို ဂုဏ်ယူပါတယ်"ဟုလည်း ချီးကျူးခဲ့သည်။ ဘက်ဟမ်းတွင် ရိုမီယိုအပြင် အသက်(၁၄)နှစ်အရွယ် ဘရွတ်ကလင်းနှင့် အသက်(၈)နှစ်အရွယ် ခရုဇ်အမည်ရှိ သား(၂)ဦးနှင့် အသက်(၂)နှစ်အရွယ် သမီးလေး ဟာပါးတို့လည်း ရှိနေသည်။
Photo: "သားဖြစ်သူ ရိုမီယိုနှင့် ယှဉ်မပြေးနိုင်တော့ဟု ဘက်ဟမ်းဝန်ခံ"

Credit: Planet Myanmar Network
Credit: Planet Myanmar Network

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...