ABSDF မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား
အချင်းချင်း သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ရန်အတွက်
ပထမအဆင့်ဖြစ်သည့် ပါဝင်ပတ်သက် သူများနှင့် တွေ့ဆုံမေးမြန်းခြင်းက
ပြီးဆုံးသလောက် ဖြစ်နေပြီး ဒုတိယ အဆင့်ဖြစ်သည့် အချက်အလက် သုံးသပ်ရေးကို
စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရကာ ထိုအဆင့်ပြီးပါက အစီရင်ခံစာကို
စတင်ရေးသားတော့မည် ဖြစ်ကြောင်း ABSDF ဗဟိုမှ ဖွဲ့စည်းပေးထားသည့်
အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး ကော်မတီမှ တာဝန်ရှိသူ
ဦးကျော်ကျော်လင်းက ပြောကြားသည်။
ဦးကျောင်ကျော်လင်းက
''အခုထုတ်ပြန်မယ့် အစီရင်ခံစာမှာ အဓိက လူ့အခွင့်အရေး ရှုထောင့်ကနေ ရေးမယ့်
အစီရင်ခံစာပါ။ ညှဉ်းပန်းနှိပ်စက်မှု တကယ်ရှိခဲ့လား၊ ဥပဒေချိုးဖောက်မှု
ရှိခဲ့လား ဆိုတာကို အဓိက ချဉ်းကပ်တာပါ။ ထောင်လှမ်းရေး ဟုတ်မဟုတ်
ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ အဲဒီလို ဆုံးဖြတ်မယ် ဆိုရင်လည်း ဒီထက်မကတဲ့
စုံစမ်းစစ်ဆေးမှုတွေကို လုပ်ရမှာပါ'' ဟု ပြောကြားသည်။ ၎င်းအစီရင်ခံစာကို
တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်မည်ဖြစ်ပြီး အစီရင်ခံစာ
ထုတ်ပြန်နိုင်ရန်အတွက် အချိန်အများဆုံး ပေးရသည့် ပထမပိုင်းအား
ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ပိုမိုမြန်ဆန်ရန်သာ ရှိသည်ဟုလည်း
ပြောကြားသည်။ အစီရင်ခံစာအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်
ထုတ်ဝေမည်ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲလည်း ပြုလုပ်မည် ဖြစ်ကြောင်း
သတင်းရရှိသည်။
ပါဂျောင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများတွင်
ကိုယ်တိုင် ပါဝင်ပတ်သက် နေခဲ့သည့် ဦးကျော်နိုင်ဦးကတော့ ထိုအစီရင်ခံစာ
ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး မည်သို့မှ မျှော်လင့်ချက် မရှိကြောင်း
ပြောကြားလိုက်ပြီး ကော်မတီ၏ လုပ်ဆောင်ချက်များမှာ အားရဖွယ် မရှိကြောင်းလည်း
ထုတ်ဖော် ပြောကြားသည်။
ဦးကျော်နိုင်ဦးက ''ကော်မတီက
လုပ်တဲ့ပုံစံက သိပ်ကလေးဆန်လွန်း အားကြီးတယ်။ ကျွန်တော်တို့ လိုချင်တာက
ကျွန်တော်တို့ကို လာမေးလိုက်၊ ဟိုဘက်ကလူတွေကို သွားမေးလိုက် လုပ်စေချင်တာ
မဟုတ်ဘူး။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ လူတွေအားလုံး ဒီမြန်မာပြည်ထဲမှာ
ရှိနေပါလျက်နဲ့ ဘာလို့မျက်နှာချင်းဆိုင် တွေ့မပေး တာလဲလို့ သိချင်ပါတယ်''
ဟု The Daily Eleven ၏ မေးမြန်းချက်ကို တုံ့ပြန်ခဲ့သည်။ ထို့နောက်
ဆက်လက်ပြီး ယခုအဖြစ်အပျက် အကြောင်းကို အားလုံးက သိရှိပြီး ဖြစ်ပါလျက်
အစီရင်ခံစာတွင် မည်သူက မည်ကဲ့သို့ ပြောပါသည်၊ မည်သည်ကို တွေ့ရှိပါသည်ဟု
ရေးသားဖော်ပြချက်မှာ ထူးခြားမှု မရှိနိုင်ကြောင်း ပြောကြားသည်။
ကော်မရှင်၏ လုပ်ကိုင်သည့်ပုံစံမှာ ပြဿနာ ပြင်းထန်နေသည့် အချိန်တွင်
ငြိမ်သက်သွားစေရန် အာရုံလွှဲမှု တစ်ခုသာဖြစ်နေပြီး ယခုကိစ္စကြောင့်
သေဆုံးသူများ၏ မိသားစုများ ထိခိုက်နစ်နာမှုကို ABSDF အနေဖြင့်
အသိအမှတ်ပြုပုံမျိုး မဟုတ်ကြောင်းကို ဦးကျော်နိုင်ဦးက ''တကယ်ကို
ဒီကိစ္စမှာ အမှန်တရား ပေါ်စေချင်တယ်ဆိုရင် လုပ်ရမယ့် ပုံစံက ဒီပုံစံမဟုတ်ဘူး။
ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် အပြောခံရမှာမို့လို့
ပူးပေါင်းဆောင်ရွက် ပေးတာပါ။ ဒီအစီရင်ခံစာကို ကျွန်တော်တို့
မျှော်လင့်မထားဘူး။ ဒီအစီရင်ခံစာကနေပြီး ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေကို
နှိမ့်သိမ့်မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Report တောင်မှ ထွက်တော့မယ်
အခုအချိန်အထိ ABSDF ရဲ့ ရပ်တည်ချက် အနေနဲ့ ၀မ်းနည်းပါတယ် ဆိုတာကို
စိတ်ပါလက်ပါ မလုပ်သေးဘူး။ သေဆုံးသွားတဲ့ ကိုထွန်းအောင်ကျော်၊
ကိုချိုကြီးကို ကျဆုံးသွားတဲ့ ကျောင်းသား တပ်မတော်က ရဲဘော်တွေလို့
မသတ်မှတ်သေးဘူး။ ကျွန်တော်တို့က အဲဒါကို ၀မ်းအနည်းဆုံးပဲ။ ကိုသံခဲကို
ကျွန်တော်မေးခဲ့တယ်။ ကျွန်တော်တို့ကို အေဘီရဲဘော်တွေ အနေနဲ့ မသတ်မှတ်ရင်
နေပါ။ ကိုထွန်းအောင်ကျော်တို့၊ ကိုချိုကြီးတို့ကို အေဘီရဲဘော်တွေအဖြစ်
သတ်မှတ်ဖို့ ပြောတော့ ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြပါ့မယ်လို့
ပြောသွားပြီး၊ အဲဒီ ဗဟိုကော်မတီ အစည်းအဝေးက ခြောက်ကြိမ်လောက်
လုပ်ပြီးသွားပြီ အခုထိဘာမှ အဖြေပြန်မလာဘူး'' ဟု ပြောကြားသည်။ ထို့နောက်
လက်ရှိ အေဘီမှ တာဝန်ရှိသူများ အနေနှင့် ပြတ်သားသော
ဆုံးဖြတ်ချက်ပေးနိုင်ခြင်း မရှိသည့် အပေါ်တွင် မျှမျှတတ ရပ်တည်နေသည်ဟု
မယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် သာယာဝတီ
ထောင်တွင်းရှိနေသည့် သံချောင်းအပေါ်၌ ထားရှိသည့် သဘောထားအဖြစ် ၎င်းအနေနှင့်
သံချောင်း တစ်ဦးကိုသာ တရားခံအဖြစ် သတ်မှတ်နေခြင်း မဟုတ်ဘဲ၊ သံချောင်းမှာ
စေခိုင်းခံရသူ တစ်ဦးသာ ဖြစ်သည်ဟု ၎င်းအနေနှင့် နားလည်လက်ခံကြောင်း အပြင်တွင်
ကျန်ရှိနေသေးသည့် သူများလည်း ရှိနေသေးကြောင်း၊ MPC တွင် လာရောက်
သင်တန်းတက်နေသည့် ကျော်ကျော်၊ အပြင်တွင် လွတ်မြောက် နေသည့် စိန်အေး၊
ထောက်လှမ်းရေးမှ သန်းဇော်နှင့် ဇော်ဇော်၊ အောင်စိုးမြင့်တို့လည်း ရှိနေပြီး
သံချောင်းတစ်ဦး တည်းအား ပြယုဂ်ဖြစ် အသုံးပြုကာ လမ်းကြောင်း လွှဲနေခြင်း
ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ကိုကျော်နိုင်ဦးက သူ့အနေနှင့်
သံချောင်းကိုလည်း လွတ်စေချင်သလို အခြားလက်ရှိ နေသူများနှင့် ခံစားခဲ့ရ
သူများအား ထိပ်တိုက်တွေ့ဆုံ ပေးစေလိုသည်ဟုလည်း တောင်းဆိုလိုက်သည်။
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်အတွင်း ရှိပါဂျောင် ဒေသတွင် ထောက်လှမ်းရေးဟု
စွပ်စွဲကာ အချင်းချင်းသတ်ဖြတ် ညှဉ်းဆဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃၅
ဦးခန့် သေဆုံးခဲ့ရသည်။ ပြည်သူများအကြား မြောက်ပိုင်းကိစ္စ
ပျံ့နှံ့လာချိန်တွင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး
အလုပ်အဖွဲ့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၈ ရက်က ဖွဲ့စည်းခဲ့သော်လည်း
နှစ်နှစ်ကြာချိန်အထိ အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်း မရှိပေ။
by weeklyeleven
Friday, December 20, 2013
မြောက်ပိုင်း ကျောင်းသားများ သေဆုံးမှုအတွက် အစီရင်ခံစာကို မကြာမီ ထုတ်ပြန်မည်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...