ရန်ကုန်မြို့တော်တွင် လောင်းကြေး သိန်းရာနှင့်ချီပြီး ကစားကြသော ဘောလုံး
လောင်းကစားပွဲများကို မြို့နယ်အနှံ့ လောင်းကစား ပြုလုပ်နေသည်ဟု သတင်းများ
ထွက်ပေါ်နေသော်လည်း ၂၀၁၂ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၂ နှစ်တာ ကာလအတွင်း
ဘောလုံးပွဲ လောင်းကစားဒိုင်ချုပ် တစ်ဦးတစ်ယောက်မျှ ဖမ်းမိခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
၂၀၁၂- ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်လုံး၊ သုံးလုံး၊ ဖဲ
နှင့် အကြွေစေ့ လောင်းကစားများကို ဖမ်းဆီး ရမိခဲ့သော်လည်း
မြို့နယ်များတွင် လူငယ်၊ လူကြီးမကျန် လောင်းကစား ပြုလုပ်နေသော
ဘောလုံးလောင်းကစားမှ ဒိုင်ချုပ်ကြီးများကို ဖမ်းဆီးရမိခြင်း မရှိသည်မှာ
ဘောလုံး လောင်းကစားသည် အခြားလောင်းကစားများနှင့် မတူဘဲ ဖမ်းဆီးချိန်
ခန့်မှန်းရန် ခက်ခဲခြင်း၊ သတင်းပေးပို့မှု နည်းပါးခြင်းတို့ကြောင့်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့မရဲစခန်းတစ်ခုမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရဲရဲ့ ဆောင်ပုဒ်မှာ တရားခံ ၁၀ ဦး
လွတ်ရင်လွတ်ပါစေ။ အပြစ်မရှိတဲ့ ပြည်သူကို မှားယွင်းစွာ
မဖမ်းဆီးမိစေနဲ့ဆိုတာ ရှိတယ်။ ဘောလုံး လောင်းကစား အများစုက
လက်ဖက်ရည်ဆိုင်တွေမှာ အများဆုံး ပြုလုပ်တယ် ဆိုတာကို သတင်းရရှိပေမယ့်
လောင်းကစားပြုလုပ် ချိန် သတင်းရဖို့ မလွယ်တာကြောင့် ဖမ်းရခက်တာမျိုးလည်း
ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဘောလုံး လောင်းကစားသည်
လူအများ ပါဝင်သော လောင်းကစားမှသာ ကျယ်ပြန့်လာမည့် လောင်းကစား ဖြစ်ကြောင်း
လူအများ ပါဝင်ကစားမှု မရှိစေရေးအတွက် ပညာပေး စည်းရုံးခြင်း၊
လောင်းကစားပြုလုပ်မှု သတင်းများကို အများပြည်သူက ရဲတပ်ဖွဲ့သို့
အကြောင်းကြားခြင်းများ ပြုလုပ်မှသာ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဖမ်းဆီး
အရေးယူနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးမြင့်ထွေးက ပြောကြားသည်။
“ဘောလုံး လောင်းကစားမှု
များပြားလာတယ် ဆိုတာက ရဲတပ်ဖွဲ့ဝင်တစ်ချို့ ရဲ အကျင့်သိက္ခာ ပျက်ပြားပြီး
လောင်းကစားမှုအပေါ် မှီခိုပတ်သက်နေတာကြောင့် ဖြစ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေက
လောင်းကစားသမားတွေနဲ့ ကင်းအောင်နေပြီး ထိရောက်စွာ ဖမ်းဆီး
အရေးယူနိုင်ခဲ့မယ်ဆိုရင် လောင်း ကစားမှုတွေ လျော့နည်း ပပျောက်သွားမှာပါ” ဟု
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်ထွေးက ပြောကြားသည်။
မြို့နယ်တိုင်းရှိ ဘောလုံး လောင်းကစား ဒိုင်ချုပ်များကို လောင်းကစား
ပြုလုပ်လိုသူများက သိရှိထားကြပြီး အဆိုပါ ဒိုင်ချုပ်၏ ငွေကြေး ဥစ္စာဓနကို
လေ့လာအကဲခတ်ပြီး ယုံကြည်မှသာ လောင်းကစား ပြုလုပ်ကြောင်း၊ အဆိုပါ
ဒိုင်ချုပ်များက မြို့နယ်ရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များကို ငွေကြေး
ထောက်ပံ့ ကာ လောင်းကစား လုပ်ငန်းများ ပြုလုပ်လေ့ ရှိကြောင်း
ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းတွင် နေသူ အသက် ၄၀ ဝန်းကျင်ခန့်
အမျိုးသားတစ်ဦးက ပြောကြားသည်။
“စခန်းရဲ့လိုအပ်ချက်နဲ့
ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဘဝ ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေကြောင့်
လောင်းကစား လောကသားတွေနဲ့ ရဲတွေ မကင်းနိုင်တာ။ တစ်လကို စခန်းတစ်ခုရဲ့
အထွေထွေ ကုန်ကျငွေက ၁၀ သိန်းအထက် ရှိတယ်လေ။ ပြီးတော့ ရဲတစ်ယောက်ရဲ့
မိမိတာဝန်ကျရာ အပိုင်နယ်မြေထဲမှာ သတင်းအမြဲ ရရှိအောင် စုံစမ်းနိုင်ဖို့
ရဲသတင်းပေး မွေးရသေးတယ်။ ကိုယ့်အပိုင် နယ်မြေထဲမှာလည်း ဆိုင်ကယ်
တစ်စီးနဲ့လှည့်ပြီး သတင်းစုံစမ်းရတာကြောင့် ဓာတ်ဆီဖိုးကအစ ကိုယ့်ဟာကိုယ်
ရှာရတာ။ ဘယ်ဌာနကမှ ဒီကုန်ကျစရိတ်တွေကို အခုထိ ထောက်ပံ့ ပေးသေးတယ် ဆိုတာ
ရှိမှမရှိတာ” ဟု ရန်ကုန်တိုင်းတွင်းရှိ မြို့မရဲစခန်းတစ်ခုမှ
နယ်ထိန်းတစ်ဦးက ရှင်းလင်း ပြောကြားသည်။
လောင်းကစား
ပြုလုပ်နေသူများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဖမ်းဆီး အရေးယူခြင်းမရှိဘဲ
အများပြည်သူ၏ သတင်းပေး တိုင်ကြားမှုကြောင့် အထက်ဌာန အဖွဲ့တစ်ခုခုက ဝင်ရောက်
ရှာဖွေ ဖမ်းဆီး ရမိခဲ့ပါက ယင်းမြို့နယ်ရှိ အပိုင်နယ်ထိန်း၊
နယ်ထိန်းခေါင်းဆောင်၊ စခန်းမှူးနှင့် မြို့နယ်ရဲမှူးတို့ကို ရဲဥပဒေအရ
ထိရောက်စွာ အပြစ်ပေး အရေးယူကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဒေါ်သီသီမြင့်က ပြောကြားသည်။
၂၀၁၂-၂၀၁၃ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်လုံး၊ သုံးလုံး၊
အကြွေစေ့ လောင်းကစားမှုများမှ နှစ်လုံးထီ လောင်းကစား ဒိုင်ချုပ် ခုနစ်ဦးကို
ဖမ်းမိခဲ့ပြီး ယင်း ၂ နှစ်အတွင်း ဖမ်းဆီးရမိသော လောင်းကစားမှု စုစုပေါင်း
၈၄၃ မှုမှ တရားခံ ၁၃၃၅ ဦး ဖမ်းမိကာ လောင်းကြေးငွေ သိန်းခုနစ်ရာကျော်
သိမ်းဆည်း ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။
လောင်းကစားမှု ပပျောက်ရေး စီမံချက်ကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ကော်မတီအရပ်ရပ်
ဖွဲ့စည်းခြင်း၊ ပညာပေးခြင်းနှင့် သတင်းစုဆောင်းခြင်း၊ အရေးယူ
ဆောင်ရွက်ခြင်းနှင့် ရေရှည်အရေးယူ ဆောင်ရွက်ခြင်းဟူ၍ အပိုင်းလေးပိုင်းဖြင့်
အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
by the voice weekly
Sunday, January 19, 2014
ရန်ကုန်မြို့တော်တွင် ၂ နှစ်တာကာလအတွင်း ဘောလုံးပွဲ လောင်းကစား ဒိုင်ချုပ် တစ်ဦးမျှ ဖမ်းဆီးနိုင်ခြင်းမရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...