တစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များတွင်
ရောင်းချနေသည့်စက်သုံးဆီများ အရည်အသွေး
မပြည့်မီပါက သတ်မှတ်ထားသော ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး
လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောကြားသည်။
စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအရည်အသွေး
စစ်ဆေးရန် Mobile Fuel Lab မော်တော်ယာဉ်သစ် ငါးစီးဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးမြင့်ဇော်ကပြောကြားသည်။
“မြန်မာပြည်ထဲမှာ ဆီဆိုင်တွေက တရားဝင်ဆိုင်ရော
တရား မ၀င်ဆီဆိုင်တွေပါ အများအပြား ရှိနေတယ်၊
လိုင်စင်ပါဆီဆိုင်တွေကို စစ်ဆေးဖို့ ဆီစစ်ဆေးတဲ့
ကားသစ်တွေနဲ့ ဘက်စုံစမ်းသပ်သွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံပိုင်စက်သုံးဆီပေါင်း ၂၆၁ ဆိုင်အား ပုဂ္ဂလိကသို့
၂၀၁၀ ခုနှစ် ဇွန်လပိုင်းမှ စတင်၍ရောင်းချခွင့်ပေးခဲ့ပြီး လက်ရှိတွင် နိုင်ငံပိုင်စက်သုံးဆီ ဆိုင် ၁၂ ဆိုင်သာရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး
လုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ပုဂ္ဂလိကအရောင်းဆိုင် ၈၂၈ ဆိုင်ရှိပြီး လိုင်စင်
ထုတ်ပေးရန် စက်သုံးဆီဆိုင် ၄၆၀ ရှိနေသေး ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
“အရင်စစ်ဆေးတာတွေက ဆိုင်တွေက ဆီကိုယူပြီး စက်ရုံတွေမှာ သွားစစ်ဆေးရတာ၊ စစ်ဆေးမယ်ဆိုရင် ကြိုတင်သိနေတာတွေ
များတယ်၊ အခုစစ်ဆေးမယ်ဆိုရင် အချိန်၊နေရာ မပြောဘဲ တာဝန် ရှိတဲ့သူတွေက အချိန် မရွေးစစ်ဆေးသွားမှာပါ”ဟု မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ကုန်ထုတ်လုပ်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးအေးချိုက ပြောကြားသည်။
စစ်ဆေးမှုများအား မကြာခင်စစ်ဆေးသွားတော့မည်ဖြစ်ပြီး
တွေ့ရှိချက်များအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း
ညွှန်ကြားရေးမှူး ဦးအေးချိုက ဆက်လက်ပြောကြားသည်။

by myawady

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...