<div style='background-color: none transparent;'></div>

Thursday, February 13, 2014

ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးခဲ့သည့် အာဆင်နယ်-ယူနိုက်တက် အားပြိုင်မှု

အများ မျှော်လင့် ထားသကဲ့သို့ သွင်းဂိုးလှိုင်လှိုင် တွေ့မြင်ရခြင်း မရှိဘဲ အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့ အနေဖြင့် အမ်းမရိတ်စ်တွင် တစ်မှတ်စီ ခွဲယူ သွားခဲ့ကြသည်။

အာဆင်နယ် အသင်းဘက်တွင် အိုလီဗီရာဂီရော့ဒ်၊ ဆန်တီကာဇိုလာ၊ မီဆွတ်အိုဇေးလ်၊ တိုမက်စ်ရိုဆစ်စကီး၊ ဂျက်ဝီလ်ရှိုင်းယား၊ မစ်ကယ်အာတီတာ၊ ကီရန်ဂစ်ဘ်၊ လောရင့်ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာ၊ ဘာကလေဆက်ဂ်ညာတို့ ပါဝင်ကစားခဲ့သည်။ ယူနိုက်တက် ဘက်တွင်မူ ရော်ဘင်ဗန်ပါစီ၊ ဝိန်းရွန်နီ၊ ဟွမ်မာတာ၊ တွမ်ကလီဗာလေ၊ မိုက်ကယ်ကာရစ်၊ အန်တိုနီယိုဗလန်စီယာ၊ ပက်ထရစ်အီဗရာ၊ ခရစ်စမောလင်း၊ နီမန်ယာဗီဒစ်၊ ရာဖေးလ်ဒါဆေးလ်ဗား တို့ဖြင့် ခင်းကျင်း ပွဲထွက်လာခဲ့သည်။

ပွဲအစ (၂)မိနစ်တွင် အာဆင်နယ် ကွင်းလယ်လူ အာတီတာ၏ အမှားမှတစ်ဆင့် ဗန်ပါစီ ဘောလုံး ဆွဲယူသွားပြီး အပိုင်ကန်ခွင့် ရခဲ့သော်လည်း ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ လက်စွမ်းပြ ကာကွယ်သွားသည်။ (၅)မိနစ်တွင် ကာဇိုလာ ကန်တင်ပေးသော ထောင့်ကန်ဘောကို ဂီရော့ဒ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ဂိုးပေါက်လွဲသွားခဲ့သည်။ (၁၇)မိနစ်တွင် မာတာ ပါးပါးနပ်နပ် ထုတ်ပေးသော ဘောလုံးကို ဗန်ပါစီ ဖြုန်းတီးမိခဲ့ပြန်သည်။ ထို့နောက် ရိုဆစ်စကီး၏ အဝေးကန်ချက်တစ်ကြိမ် ယူနိုက်တက် ခံစစ်နှင့်ထိကာ လမ်းကြောင်းလွဲပြီး ဂိုးပေါက်ကို ခြိမ်းခြောက်လာသော်လည်း ဒေးဗစ်ဒီဂီယာ အမိဆွဲဖမ်းခဲ့သည်။

ယခုပွဲစဉ်တွင် နှစ်ဖက်အသင်းမှ အထောင်တိုက်စစ်သမားများ ဖြစ်ကြသည့် ဂီရော့ဒ်နှင့် ဗန်ပါစီတို့ အခွင့်အရေးများ အပြိုင်လွဲချော်နေသည်ကို တွေ့ရသည်။ (၃၄)မိနစ်တွင် ကာဇိုလာ ခုပ်တင်ပေးသော ဘောလုံးကို ရာဖေးလ်နှင့်အပြိုင် ဂစ်ဘ်ခေါင်းတိုက်သော်လည်း ဒီဂီယာလက်ထဲပင် ရောက်သွားပြန်သည်။ (၆၂)မိနစ်တွင် အိုဇေးလ်၏ ထောင့်ကန်ဘောကို ကိုစီရယ်လ်နီ ခေါင်းတိုက်သော်လည်း ဗလန်စီယာ ရှင်းထုတ်သွားနိုင်ခဲ့သည်။ (၇၉)မိနစ်တွင် ရွန်နီနှင့် ဗန်ပါစီ တွဲလုံးဖြင့် ထိုးဖောက်လာပြီး ရွန်နီ ခုပ်တင်ပေးလိုက်သည်ကို ဗန်ပါစီ ခေါင်းတိုက်သော်လည်း ဆက်ဇနီ အကောင်းဆုံး လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်သွားသည်။

(၈၃)မိနစ်တွင် အာဆင်နယ်၏ တွဲလုံးကစားပုံမှတစ်ဆင့် ကာဇိုလာ ဧရိယာထဲတွင် အပိုင်ကန်ခွင့် ရပြန်သော်လည်း ဒီဂီယာက အမှားအယွင်းမရှိ ပုတ်ထုတ်သွားခဲ့သည်။ ပွဲပြီးခါနီးတွင် အာဆင်နယ် ဂိုးရရန် ပိုမိုအားထုတ် ကြိုးပမ်းလာသော်လည်း ဒီဂီယာနှင့် ယူနိုက်တက် နောက်တန်းကို မကျော်နိုင်ခဲ့သလို နှစ်ဖက်အသင်း ဂိုးသမားများ လက်စွမ်းပြမှုနှင့်အတူ ဂိုးမရှိသရေဖြင့်သာ ပွဲပြီးသွားခဲ့သည်။

Photo: ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးခဲ့သည့် အာဆင်နယ်-ယူနိုက်တက် အားပြိုင်မှု

 Soccer Myanmar Soccer Myanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...