<div style='background-color: none transparent;'></div>

Wednesday, February 12, 2014

အရေးပေါ် အခြေအနေ ထုတ်ပြန်ချက်များအတွက် SMS ဝန်ဆောင်မှုပေးမည်

မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက နိုင်ငံတော်အဆင့် ထုတ်ပြန်ချက်များ၊ ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အရေးပေါ် ထုတ်ပြန်ချက်များအတွက် အခမဲ့ SMS ဝန်ဆောင်မှု စီစဉ်ပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Petter Furberg ကပြောကြားသည်။
“နိုင်ငံတိုင်းရဲ့ အစိုးရတိုင်းမှာ မိုဘိုင်းလ် ဆက်သွယ်ရေးကို အသုံးပြုပြီး အလျင်အမြန် ထုတ်ပြန်ရမယ့် တစ်နိုင်ငံလုံးကို အသိပေးဖို့လိုအပ်တဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အစိုးရနှင့် ဝန်ကြီးဌာနများမှ အရေးပေါ် ကြေညာချက် များကိုလည်း တယ်လီနော ဖုန်းလိုင်း သုံးစွဲသူများထံသို့ အခမဲ့ ပေးပို့သွားရန် တယ်လီနောမြန်မာက အစိုးရနှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

“နိုင်ငံတကာမှာ ဆိုရင်လည်း သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစ်နိုင်ငံလုံးက လူတွေဆီကို ထုတ်ပြန်ချင်တာမျိုး၊ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ပြန် ကြေညာချင်တာမျိုး၊ အဲဒီလို ကိစ္စမျိုးတွေ ပေါ်လာတဲအခါ SMS Services ကိုအသုံးပြုဖို့ အော်ပရေတာတွေကို တောင်းဆိုရတာတွေ ရှိပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အငယ်တန်း အင်ဂျင်နီယာ ဒေါ်သီတာက ဆိုသည်။

တယ်လီနောမြန်မာသည် လက်ရှိအချိန်တွင် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်နေပြီး ၎င်းတို့၏ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စက်တင်ဘာလ မတိုင်မီ သုံးစွဲခွင့်ပြုသွားမည် ဖြစ်သည်။

by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...