<div style='background-color: none transparent;'></div>

Tuesday, March 18, 2014

ကချင်ပြည်နယ်မှ လူသတ် တရားခံပြေး မန္တလေးတွင် သေနတ်တစ်လက်နှင့် ဖမ်းမိ

ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့် ဒေသတို့တွင် ကျောက်တူးရာမှ ခွဲတမ်း မျှတစွာ မရသဖြင့် လူသတ်ပြီး ထွက်ပြေးလာသူ လေးဦးအနက် တစ်ဦးကို ပစ္စတို သေနတ် တစ်လက်ဖြင့် မန္တလေးမြို့တော်တွင် မတ်လ ၁၇ ရက်နေ့ နံနက်၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး စိန်ထွန်းက ပြောကြားသည်။

ယင်းသို့ လူသတ်ပြီး ပစ္စတိုသေနတ် တစ်လက်ဖြင့် မန္တလေး မြို့တော်သို့ ထွက်ပြေးလာသူမှာ ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်တို့တွင် ဦးဘရန်အောင် အဖွဲ့နှင့်အတူ ကျောက်တူးသမား ငါးဦးဖြင့် ကျောက်တူးစဉ် မတ်လ ၁၂ ရက်နေ့က အလေးချိန် ၇၀ ပိဿာရှိ ကျောက်စိမ်းတုံး တစ်တုံးကို ရရှိခဲ့ရာ ဦးဘရန်အောင်က ဝေစု မျှမျှတတ မပေးခဲ့သဖြင့် မတ်လ ၁၃ ရက်နေ့ ည ၉ နာရီတွင် ကျောက်တူးသူ သုံးဦးနှင့်အတူ ဦးဘရန်အောင်ကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ရုံးက နယ်မြေ ရဲတပ်ဖွဲ့ဝင်များဖြင့် လှည့်ကင်း ဆောင်ရွက်စဉ် ယင်းနေ့ နံနက်ပိုင်းက တံခွန်တိုင် ရပ်ကွက် မြောက်ဥယျာဉ် အဝင် လမ်းထိပ်တွင် မသင်္ကာဖွယ်ရာ သူတစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူ စစ်ဆေးရာ ၎င်းထံမှ ပစ္စတိုသေနတ် တစ်လက်၊ ကျည်သုံးတောင့် တွေ့ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ဦးဘရန်အောင်ကို သတ်ပြီး ယင်းအိပ်ရာပေါ်တွင် တင်ထားသည့် ပွိုင့် ၃၂ ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်သုံးတောင့်၊ ငွေ ၄၅ သိန်းတို့ကို ယူဆောင်ပြီး မန္တလေးသို့ ထွက်ပြေး တိမ်းရှောင်လာရာ ကျန်သုံးဦးမှာ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် မြို့နယ်သို့ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း၏ ထွက်ဆိုချက်အရ သိရသည်။

၎င်းသည် တပ်မတော်တွင် တာဝန် ထမ်းဆောင်နေရာမှ ထွက်ပြေးလာသူ ဖြစ်သည်ဟု ထွက်ဆိုသဖြင့် ၎င်းထွက်ဆိုချက် မှန်ကန်မှု ရှိ မရှိ စစ်ဆေးနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးဘရန်အောင်ကို သတ်သွားသူ လေးဦးကို သေဆုံးသူ၏ အစ်ကိုဖြစ်သူက သတင်းပေး တိုင်ကြားသဖြင့် ဖားကန့် ရဲစခန်းက (ပ) ၂၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး လက်နက် တွေ့ရှိမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန် ရဲစခန်းက အမှုဖွင့် အရေးယူရန် စစ်ဆေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ထပ်မံ ပြောကြားသည်။

by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...