<div style='background-color: none transparent;'></div>

Tuesday, June 24, 2014

အီရတ်မြို့များကို အစ္စလာမ္မစ်သူပုန်များ ဆက်လက်သိမ်းပိုက်၊ လူ ၂၁ ဦး အသတ်ခံရ

အယ်လ်ကေဒါ အစွန်းရောက် အဖွဲ့အစည်းနှင့် အဆက်အစပ် ရှိသည့် ဆွန်နီသူပုန် အစ္စလာမ္မစ် အီရတ်နိုင်ငံတော် ISIL သည် အီရတ်အစိုးရ တပ်များနှင့် တိုက်ပွဲများ ဖြစ်နေလျက်ရှိပြီး မြို့များကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်လျက် ရှိပေရာ ယခုရက်ပိုင်း နောက်ထပ်မြို့များကို သိမ်းပိုက်ခဲ့ပြီးနောက် လူ ၂၁ ဦး အသတ်ခံထားရသည်ဟုလည်း သတင်းရရှိသည်ဟု AFP သတင်းဌာနက ဖော်ပြထားသည်။

စစ်သွေးကြွသူပုန်များသည် ရာဝါနှင့် အနာမြို့ကြီးတို့ကို သိမ်းပိုက်ပြီး နယ်စပ်ဒေသကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများက ပြောကြားကြသည်။

အစိုးရတပ်များ ဆုတ်ခွာသွားသော မြို့များမှ ဒေသခံ ခေါင်းဆောင်များကိုလည်း သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သေးသည်ဟု ရဲအရာရှိများနှင့် ဆရာဝန်များက ပြောကြားကြသည်။

အီရတ်အစိုးရက ယင်းမြို့များမှ တပ်များ ဆုတ်ခွာပေးလိုက်ခြင်းမှာ နည်းဗျူဟာအရ ဖြစ်သည်ဟု ဆိုထားသော်လည်း အစ္စလာမ္မစ်သူပုန်များ ယင်းဒေသကို ထိန်းချုပ်နိုင်သွားခဲ့ပါက ဆီးရီးယားနယ်စပ် သူပုန်များနှင့် လမ်းကြောင်း ပေါက်သွားခဲ့ပြီ ဖြစ်ကာ ယူဖရေးတီးစ်မြစ်ဝှမ်း တောင်ကြားကိုလည်း ရရှိသွားခဲ့ပြီး ဖြစ်သည်။

အစ္စလာမ္မစ် အီရတ်နိုင်ငံတော် ဆိုသည့် အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားမှ ဒေသများကိုပေါင်းကာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်လိုသော အဖွဲ့အစည်းများ ဖြစ်ကြကာ ဆီးရီးယားဘက်တွင်လည်း ဘာရှားအယ်အာဆတ်ကို အဓိက တိုက်ခိုက်နေသော အင်အားစုလည်း ဖြစ်သည်။

အာရပ်နိုင်ငံများ အနေနှင့် အီရတ်အစိုးရ ဖွဲ့စည်းခြင်းကို တိုးတက်မှု ရှိရန်အတွက် ဖိအားပေးစေလိုကြောင်း အမေရိကန်အစိုးရက တိုက်တွန်းထားသော်လည်း နောက်ဆုံးပြုလုပ်ခဲ့သည့် ဧပြီလ ရွေးကောက်ပွဲ အပြီးတွင်လည်း တိုးတက်မှု အနည်းငယ်သာ တွေ့ရှိခဲ့ရသည်။

“ကျွန်တော်တို့ အလွန်သတိထားရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ” ဟု သမ္မတအိုဘားမားက CBS သတင်းဌာန နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အီရတ်သူပုန်များကို ဗုံးကြဲ တိုက်ခိုက်ပေးပါရန် အီရတ်အစိုးရက အမေရိကန်ပြည်ထောင်စုကို အကူအညီ တောင်းခံထားပြီး စစ်ရေးအရ ဝင်ရောက်ခြင်းကိုလည်း နည်းလမ်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနေကြောင်း အိုဘားမားက ပြောဆိုထားသည်။

အမေရိကန် စစ်ရေးအကြံပေး အရာရှိ ၃၀၀ ကိုလည်း အီရတ်သို့ ပို့ထားပြီး စစ်ပွဲများ ကွပ်ကဲရေးနှင့် သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်သည်။

အစ္စလာမ္မစ်ဝါဒီများ အီရတ်ကို သိမ်းပိုက်နိုင်သွားပါက ယခင် တာလီဘန်လက်ထက် အာဖဂန်နစ္စတန် နိုင်ငံကဲ့သို့ အစွန်းရောက်များအတွက် ကွန်းခိုရာ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်သွားမည်ကို အနောက်အုပ်စုက စိုးရိမ်လျက်ရှိသည်။
 
by the voice weekly
Photo: အီရတ်မြို့များကို အစ္စလာမ္မစ်သူပုန်များ ဆက်လက်သိမ်းပိုက်၊ လူ ၂၁ ဦး အသတ်ခံရ

ဘဂ္ဂဒက်၊ ဇွန် ၂၃

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...