အင်္ဂါနေ့က အီတလီနှင့် ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘာ့ဖလား ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား ပုခုံးကို ကိုက်ခဲ့သည့် လူးဝစ်ဇ်ဆွာရက်ဇ်အား လှောင်ပြောင်သည့် ဓာတ်ပုံများသည် Twitter ကဲ့သို့သော လူမှုရေး ကွန်ရက်များအပါအဝင် အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
အဆိုပါ ပွဲစဉ်တွင် ဆွာရက်ဇ်သည် အီတလီ ဂိုးရှေ့တွင် နေရာလုရင်း ဂျော်ဂျီယို ချီလီနီ၏ ဘယ်ဘက်ပုခုံးကို ကိုက်ခဲ့ခြင်းဖြစ်ကြောင်း New York Times က ဖော်ပြခဲ့သည်။ ၎င်းပွဲစဉ်တွင် ဥရုဂွေးသည် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် အီတလီအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ချီလီနီ၏ ပုခုံးတွင် ကိုက်ရာပါသည့် ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ဆွာရက်ဇ်က မိမိအနေဖြင့် ပြိုင်ဘက် ကစားသမား၏ ပုခုံးနှင့် တိုက်ခဲ့မိခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ယခင်က ကစားသမား နှစ်ဦးကို ကိုက်ခဲ့ဖူးသည့် ဆွာရက်ဇ် အနေဖြင့် ယခုဖြစ်ရပ်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။
ထို့နောက်တွင် ပြိုင်ဘက် ကစားသမားကို ကိုက်ခဲ့သည့် ဆွာရက်ဇ်ကို လှောင်ပြောင်သည့် ဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

ထိုကဲ့သို့ ဆွာရက်ဇ်ကို လှောင်ပြောင်သည့် ဓာတ်ပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့သလို လူမှုရေး ကွန်ရက်များတွင်လည်း ဆွာရက်ဇ်ကို နောက်ပြောင်သည့် တစ်ကြောင်းစာ status များလည်း အများအပြား ထွက်ပေါ်လာခဲ့သည်။
နာမည်ကျော် လက်ဝှေ့သမား အီဗန်ဒါ ဟိုလီဖီးလ်၏ နားရွက်ကို ကိုက်ခဲ့ဖူးသည့် မိုက်တန်ဆန်က “ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းကို မဆို ကိုက်လို့ရတယ်လို့ ထင်ပါတယ်” ဟု Twitter တွင် ရေးသားဖော်ပြခဲ့သည်။
ထို့အပြင် ကမ္ဘာ့ဖလားကို တရားဝင် ကမကထပြုသူ McDonald ကလည်း “ဆွာရက်ဇ် အနေနဲ့ ဗိုက်ဆာတယ်ဆိုရင် Big Mac ဟမ်ဘာဂါကို တစ်ကိုက်လောက် လာကိုက်နိုင်ပါတယ်” ဟု Twitter မှ ပြောကြားခဲ့သည်။
၎င်းဖြစ်ရပ်တွင် ဆွာရက်ဇ်သည် ချီလီနီကို တမင်ရည်ရွယ်၍ ကိုက်ခဲ့သည်မှာ ထင်ရှားသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေဖြင့် ဥရုဂွေးတိုက်စစ်မှူး၏ လုပ်ရပ်အပေါ် မည်ကဲ့သို့ အရေးယူမည်ဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိရှိသေးပေ။
Ref: CNET
by myanmarinternetjournal

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...