ရန်ကုန်မြို့တော်၌ နေ့ခင်းကြောင်တောင် အချိန်၌ပင် ခရီးသည် အယောင်ဆောင်ကာ
အငှားယာဉ်နှင့် အငှားယာဉ်မောင်းကို ကျပ်နှစ်သိန်းဖြင့်
ပြန်ပေးဆွဲခဲ့မှုတစ်ခု မရမ်းကုန်းမြို့နယ်၌ ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက
ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းထံမှ ရဲအရာရှိတစ်ဦးက
ပြောကြားသည်။
ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က အသက်
၄၆ နှစ်အရွယ် ပရိုဘောက်စ် အငှားယာဉ်မောင်းကို ဝေဇယန္တာလမ်း ရေကူး
အသံလွှင့်ရုံရှေ့တွင် လူငယ်နှစ်ဦးက မြေနီကုန်းသို့သွားရန် ငှားရမ်းခဲ့ရာ
မောင်းနှင်လာစဉ် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် သဇင်ရုံလမ်းတွင်
ယာဉ်ပေါ် ပါလာသူ နှစ်ဦးက ဝက်အူလှည့်ဖြင့် ထောက်ကာ ငွေတောင်းခဲ့ကြောင်း
ယာဉ်မောင်း၏ တိုင်တန်းချက်အရ သိရှိရသည်။
အဆိုပါ ယာဉ်မောင်းက
ပါလာသော ငွေသုံးသောင်းကို ပေးသော်လည်း ကျပ်နှစ်သိန်း ထပ်မံတောင်းခံပြီး
မပေးပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ယာဉ်မောင်း၏ ဇနီးထံဖုန်းဖြင့်
ဆက်သွယ်ခိုင်းကြောင်း၊ ဇနီးသည်ကို တစ်ဦးတည်း လာရွေးရန် ချိန်းဆိုခဲ့ပြီး
ယာဉ်မောင်း၏ ဇနီးသည်က ယောက္ခမထံ ပြောပြပြီးနောက် ရဲစခန်းထံ အကူအညီ
တောင်းခံခဲ့ကြောင်း အမှုဖွင့်ထားသော မရမ်းကုန်းမြို့မ ရဲစခန်းထံမှ
စုံစမ်းသိရှိရသည်။
ယင်းအမျိုးသမီးက ပြန်ပေးဆွဲသူ နှစ်ဦး
ချိန်းဆိုသော သာကေတမြို့နယ် ယုဇနလမ်းသို့ သွားရောက်ခဲ့ရာ ပြန်ပေးဆွဲသူတို့က
ထပ်မံ၍ နေရာပြောင်း ချိန်းဆိုသော ဒဂုံဆိပ်ကမ်းမြို့နယ်
ပြည်ထောင်စုလမ်းဆုံအနီး ရတနာလမ်းကို ချိန်းဆိုခဲ့ကြောင်း၊ ယင်းနေရာသို့
ယာဉ်မောင်း၏ ဇနီးသည်က သွားရောက်စဉ် နောက်ယောင်ခံ လိုက်လာသော ရဲတပ်ဖွဲ့က
ဖမ်းဆီးခဲ့ရာမှ ပြန်ပေးဆွဲခံရသူ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ
၆ နာရီတွင် ပြန်ပေးဆွဲသူ နှစ်ဦးအနက် အသက် ၂၂ နှစ်အရွယ်
အမျိုးသားတစ်ဦးကိုသာ ဖမ်းမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေး
လွတ်မြောက်ခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ရှင်းပြသည်။
ဖမ်းမိသူ အမျိုးသားမှာ မြောက်ဥက္ကလာပမြို့နယ် (၁)
ရပ်ကွက်တွင် နေထိုင်သူ ကိုလှမိုးသူ (ခ) ဇော်မိုးဖြစ်ပြီး ၎င်းကို ထပ်မံ
စစ်ဆေးချက်အရ တိမ်းရှောင် ထွက်ပြေးသူမှာ မရမ်းကုန်း (၈) ရပ်ကွက်တွင်နေသူ
အသက် ၂၅ နှစ်အရွယ် ကိုစိုးမင်းထွန်း (ခ) တရုတ်ကြီး(ခ) ပြောင်ကြီး
ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ
အမှုနှင့် ပတ်သက်၍ ပြန်ပေးဆွဲသူ နှစ်ဦးကို (ပ) ၂၆၄/၁၄၊ ပုဒ်မ ၃၉၂ ဖြင့်
အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ကျန်တစ်ဦးမှာ ဇူလိုင်လ ၂၄
ရက်နေ့အထိ လွတ်မြောက်လျက်ရှိရာ ဆက်လက် ဖမ်းမိရေးအတွက် ဆောင်ရွက်လျက်
ရှိကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“မိသားစု
အခက်အခဲကြောင့်ရယ်လို့ ပြန်ပေးဆွဲတာ မဟုတ်ဘူး။ ငွေကို လွယ်လွယ်
ရချင်တာကြောင့် ဒီလိုလုပ်တာလို့ လတ်တလော စစ်ချက်တွေအရ သိရပါတယ် ကျန်တဲ့
တစ်ယောက်ကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ယင်းအမှုကို
စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင်
မကြာခဏ ဖြစ်ပွားလျက်ရှိသော ခရီးသည် အငှားယာဉ်များပေါ်တွင် လုယက်မှုများ
မဖြစ်ပွားစေရန် အငှားယာဉ်မောင်းများ အနေနှင့် မရင်းနှီးသော၊ အကျွမ်းတဝင်
မရှိသော နယ်မြေများသို့ ခရီးသည် ပို့ဆောင်ရာတွင် ပိုမိုသတိထားစေလိုကြောင်း၊
ညပိုင်းကာလများတွင် အငှားယာဉ် မောင်းနှင်ပါက အဖော်တစ်ဦး ခေါ်ဆောင်ကာ
မောင်းနှင်သင့်ကြောင်း ရန်ကုန်မြို့တော်ရှိ ဆင်ခြေဖုံး မြို့နယ်တစ်ခုတွင်
တာဝန် ထမ်းဆောင်နေသော ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အငှားယာဉ်မောင်းများကို ခရီးသည် အယောင်ဆောင်ကာ
မကြာခဏ ဓားထောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
by thevoiceweekly
Friday, July 25, 2014
ရန်ကုန်မြို့တော်၌ အငှားယာဉ်ကို နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...