ကျောက်ဆည် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ
ကွယ်လွန်ပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ကျောက်ဆည်မြို့ရှိ
ဦးသန်းရွှေပိုင်ဆိုင်သော ကျောက်ဆည်မြို့နယ် တောတွင်ရွာအနီးမှာ တည်ရှိသော
ဒုတိယအိမ်တော်ဟု ခေါ်သည့် အိမ်တွင် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းအထိ
ထူးခြားမှုမရှိသေးဟု ကျောက်ဆည်ဒေသခံများနှင့် ဒေသခံ ၈၈ ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်)မှ ကိုစိုးသီဟက မဇ္ဈိမကို ပြောသည်။
ဦးသန်းရွှေ သေဆုံးပြီဟု ဒီဇင်ဘာ ၁၃ ရက်မှ စတင်၍ အင်တာနက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီး ပြည်သူ အများစုကလည်း
စိတ်ဝင်တစား စောင့်ကြည့်နေမှုများ ရှိသည်ဟု ကျောက်ဆည်မြို့ခံများက ဆိုသည်။
"ကောလာဟလ ထွက်နေတာပါ။ ဒီလိုထွက်နေတဲ့အပေါ် ပြည်သူစိတ်ဝင်စားနေတာက ဦးသန်းရွှေ သေတာနဲ့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် ပျောက်မယ်လို့ ထင်နေကြတယ်။ တကယ်က လူသေရုံနဲ့ပြောင်းလဲမှုက မဖြစ်နိုင်ဘူး။ အုပ်ချုပ်နေတဲ့ ယန္တယားက လူတွေပြောင်းမှ ဖြစ်မယ်။ သေတယ် မသေဘူးကတော့ ပြောဖို့ခက်နေတယ်။ ကျွန်တော်တို့လည်း စောင့်ကြည့်နေပါတယ်။" ဟု ကိုစိုးသီဟက ဆက်ပြောသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် ကျောက်ဆည်မြို့သို့ ဦးသန်းရွှေ ရုပ်အလောင်းအား သယ်လာမည်ဟု အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသောကြောင့် မီဒီယာများကလည်း စောင့်ကြည့် သတင်းယူလျှက်ရှိသည်။
"တစ်တိုင်းပြည်လုံး စိတ်ဝင်စားနေတဲ့ သတင်းကို ပြန်ကြားရေး ဝန်ကြီးဌာန သတင်းအနေနဲ့လည်းကောင်း၊ တပ်မတော် ပြန်ကြားရေး အနေနဲ့လည်းကောင်း၊ တစ်ခုခုအတည်ပြု ထုတ်ပြန်ပေးသင့်တယ်။ အခုကျတော့ သတင်းကို အမှောင်ချသလို ဖြစ်နေတယ်။ အခုလိုပြည်သူလူထု စိတ်ဝင်စားနေတဲ့ သတင်းမို့ ကျွန်တော်တို့အဖြေတစ်ခု ထွက်အောင်ထိ စောင့်ကြည့်နေရတယ်။" ဟု EPA သတင်းထောက် ကိုပြည့်စုံအောင်က မဇ္ဈိမကို ပြောသည်။
ကျောက်ဆည်မြို့ ဆူးကုန်းရပ် ဦးသန်းရွှေ ပထမ အိမ်တော်အနီး ညောင်ခြောက်ပင်ရပ်ကွက်တွင် နေထိုင်သော ဆွေမျိုးတော်စပ်သူ တစ်ဦးမှလည်း "မသေသေးပါဘူး။ ဘယ်မှာဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။
by mizzima










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...