<div style='background-color: none transparent;'></div>

Friday, December 19, 2014

ချုလာလောင်ကွန်း တက္ကသိုလ်တွင် ပညာသင်နေသည့် မြန်မာသံဃာ ၁၅ ပါး အပါအဝင် သံဃာ ၄၀ အစာအဆိပ်သင့်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာသံဃာ ၁၅ ပါး အပါအဝင် ၄၀ ဦးခန့် အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရသည်ဟု မဟာချူလာလောင်ကွန်း ကျောင်းသားဟောင်း ဦးဇင်း ဦးတေဇက ဒီဇင်ဘာ ၁၉ ရက်က မဇ္ဈိမကို မိန့်သည်။
Thailan-Monk
(ဓာတ်ပုံ - အရှင်တေဇ၊ ဒီပဲယင်း)
ဒီဇင်ဘာလ ၁၇ ရက်က ယင်းတက္ကသိုလ်တွင် တရားစခန်းဝင်နေသော သံဃာ အပါး ၄၀ ခန့်သည် နံနက် အာရုံဆွမ်း ဘုန်းပေးပြီးနောက် နေ့လည်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာသဖြင့် ထိုနေ့ ညကပင် ဆေးရုံတင်လိုက်ရသည်ဟု သူက မိန့်ကြားသည်။
“မဟာချူလာမှာ တက်နေတဲ့ကျောင်းသားတွေ နှစ်တိုင်း တစ်ရက် တရားစခန်းဝင်ရတယ်။ တရားစခန်းဝင်ရတဲ့ သံဃာတွေက အရမ်းများတယ်။ အဲဒီ့သံဃာတွေအတွက် ထမင်းကြော်ကို ညကတည်းက စီစဉ်ထားတာ။ မနက်ပိုင်းရောက်တော့ သိုးနံ့တွေ ထွက်နေတယ်။ အဲဒီဟာကို စားရင်းနဲ့ နောက် ခရုပင်လယ်စာတွေနဲ့ တွေ့တော့ အစာမတည့်တာ ထင်တယ်။ အစာအဆိပ်ဖြစ်ပြီးတော့ အပါး ၄၀ လောက် ဆေးရုံကို တင်လိုက်ရတယ်” ဟု ဦးဇင်း ဦးတေဇက မိန့်သည်။
တရားစခန်းဝင်သော နိုင်ငံတကာ သံဃာအပါး ၁၀၀၀ ခန့် ရှိပြီး ထိုအထဲမှ မြန်မာ၊ ထိုင်း၊ ကမ္ဘာဒီးယား အပါအဝင် နိုင်ငံတကာမှ တရားစခန်း လာဝင်နေသည့် သံဃာ အပါး ၄၀ ခန့်ကို အယုဒ္ဒယဆေးရုံ၊ ဝမ်ဝိုင်ဆေးရုံ အပါအဝင် ဆေးရုံ ၃ ရုံတွင် ဆေးကုသနေသည်ဟု သူက ဆိုသည်။ ဒီဇင်ဘာ ၁၉ရက်တွင်မူ သံဃာများမှာ ကျန်းမာရေး ကောင်းမွန်နေပြီဟု ၎င်းက မိန့်သည်။
အစာအဆိပ်သင့်သော သံဃာများသည် အထက်လှန်အောက်လျော ဝမ်းလျှောခြင်း၊ အော့အန်ခြင်းများဖြစ်ပြီး ဘန်ကောက်မြို့ရှိ ဆေးရုံ ၃ ခုတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
“ဆေးရုံကနေတော့ မဆင်းသေးဘူး။ ဒါပေမဲ့ သက်သာလာပြီ။ သိပ်တော့ စိုးရိမ်စရာတော့ မရှိပါဘူး။ တချို့သံဃာတွေက မနေ့ကထိ ဝမ်းပျက်တာ မရပ်သေးဘူး။ ဒီနေ့တော့ ဝမ်းရပ်ပြီလို့ ကြားတယ်” ဟု ဦးဇင်း ဦးတေဇက မိန့်ကြားသည်။
ဘန်ကောက်မြို့ရှိ ချုလာလောင်ကွန်း တက္ကသိုလ်တွင် မြန်မာသံဃာတော် အပါး ၃၀၀ ခန့် ပညာသင်ယူနေသည်ဟု သိရသည်။
by mizzimaburmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...