ငွေကြေးနှင့် စာချုပ်စာတမ်းကိစ္စများ လိမ်လည်ခဲ့မှုများနှင့် တရားစွဲခံနေရသော Father Land ကုမ္ပဏီမှ ပိုင်ရှင် ဦးကျော်မြင့်မှာ ကျောက်တံတားမြို့နယ် တရားရုံးသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က လာရောက်ခဲ့ခြင်း မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီဟု ယူဆရကြောင်း လိမ်လည်ခံရသည့် အိမ်၊ ခြေ၊ မြေ ဝယ်ရောင်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။
Father Land ကုမ္ပဏီပိုင်ရှင်ကို ကျောက်တံတားမြို့နယ် တရားရုံးက သိန်းတစ်ထောင်ဖြင့် အာမခံပေးခဲ့သည်ကို ငွေကြေး လိမ်လည်ခံရသူများက မကျေမနပ် ဖြစ်ခဲ့ရာမှ ပထမအကြိမ် ရုံးထုတ် စစ်ဆေးချိန်တွင် ကုမ္ပဏီပိုင်ရှင် ဖြစ်သူမှာ ရုံးတော်သို့ လာရောက် စစ်ဆေးခံခြင်း မရှိသောကြောင့် တရားရုံးက ၎င်း၏အာမခံကို ပြန်လည် ရုပ်သိမ်းပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ ငွေကြေ အလိမ်ခံရသူများဘက်မှ Father Land ကုမ္ပဏီပိုင်ရှင်မှာ ထွက်ပြေး တိမ်းရှောင်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုတရားစွဲတဲ့ အမှုက မြေနေရာတင် သိန်းရှစ်သောင်းကျော် တန်တယ်။ ဒါကို တရားရုံးက သိန်းတစ်ထောင်နဲ့ သူ့ကို အာမခံပေးခဲ့တာ။ ဒီရက်ပိုင်းမှာ သူ့ကုမ္ပဏီ ရုံးခန်းလည်း ပိတ်ထားပြီး မိသားစုကိုလည်း နိုင်ငံခြားကို ပို့ထားတယ်လို့ သိရတယ်။ သူဘယ်မှာနေတယ်ဆိုတာ ရဲတပ်ဖွဲ့တောင် စုံစမ်းမရဘူးဆိုတော့ ပြေးတာမဟုတ်ရင် ဘာဖြစ်တာလည်း။ ရုံးတော်က သူ့ကို ရှောင်တိမ်းဖို့ ကြိုတင် ပြင်ဆင်ခွင့် ပေးလိုက်သလိုမျိုး သက်ရောက်နေတယ်” ဟု လက်ရှိ တရားစွဲဆိုထားသော ပန်းဆိုးတန်းလမ်းမှ ၁၂ ထပ် ကွန်ဒိုမြေ ပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းထက်က ပြောကြားသည်။
အဆိုပါ ထွက်ပြေး တိမ်းရှောင်နေသူဟု သတင်းများ ထွက်ပေါ်နေသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ လေးခန်းတွဲ ၁၂ ထပ်ကွန်ဒိုကို တာဝန်ယူ ဆောက်လုပ်ခဲ့စဉ်က မြေပိုင်ရှင်၏ ခွင့်ပြုချက်မရရှိဘဲ လက်မှတ်အတုများ ပြုလုပ်ကာ စည်ပင် ခွင့်ပြုချက်ရယူပြီး ဆောက်လုပ်ခဲ့သောကြောင့် အောက်တိုဘာလပိုင်းက မြေပိုင်ရှင်မှ ရဲစခန်းတွင် ပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုဖွင့်ခံရမှုကို ရဲတပ်ဖွဲ့က ၎င်းထံ ဆက်သွယ်ခဲ့ရာ လာရောက် အစစ်ဆေးမခံသောကြောင့် နိုဝင်ဘာလကုန်ပိုင်းက တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“တရားခံပြေးအဖြစ် ကြေညာခဲ့စဉ်က သူကိုယ်တိုင် လာအဖမ်းခံပြီး ရုံးတော်မှာ ဆေးစာနဲ့အတူ သိန်း ၁၀၀၀ တင်ပြီး အာမခံရယူခဲ့တယ်။ အာမခံ ယူထားသူက မဖြစ်မနေ ရုံးတော်ကို လာရောက်ရမယ်။ အမှုဖြစ်စဉ်ရဲ့ ပစ္စည်းတန်ဖိုးနဲ့ အာမခံ ပေးထားတဲ့ငွေက အင်မတန် ကွာဟနေတာ။ ဥပဒေမှာ အာမခံငွေပမာဏ မများလွန်းရလို့ ပြဌာန်းထားပေမယ့် အာမခံ တန်ဖိုးကိုနင့် နေအောင် ထားခိုင်းမယ်ဆို ပြေးချင်ရင်တောင် ပြေးမှာမဟုတ်တော့ဘူး” ဟု တရားလို အကျိုးဆောင်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ပြောကြားသည်။
အဆိုပါ တရားစွဲခံရသူ ဦးကျော်မြင့်ကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ရုံးထုတ်စစ်ဆေးရန် မရောက်ရှိခဲ့သောကြောင့် ကျောက်တံတားမြို့နယ် တရားသူကြီးက ၎င်း၏ အကျိုးဆောင် ရှေ့နေမှတဆင့် မွန်းတည့် ၁၂ နာရီ ရုံးရှေ့အရောက် ခေါ်ဆောင်ပေးရန် ပြောခဲ့သော်လည်း မရောက်ရှိခဲ့သည့်အပြင် ၎င်းဘက်မှ ရှေ့နေဖြစ်သူက ပျက်ကွက်သည့် အကြောင်းအရာကို ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိသောကြောင့် အာမခံ ပြန်လည်ရုပ်သိမ်းကာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် တရားသူကြီးက ပြောကြားသည်။
“လက်ရှိ ဗိုလ်တထောင် ရဲစခန်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက အာမခံပေးလို့ မရတဲ့ အမှုတွေနဲ့ လာဖွင့်ထားတာ ရှိတာကြောင့် ဒီနေ့ ရုံးထုတ်ချိန် သူ့ကို ဖမ်းဆီးစစ်ဆေးဖို့ တရားရုံးမှာ သွားစောင့်ခဲ့တယ်။ အခုလို ရုံးတော်က ဖမ်းဝရမ်း ထုတ်ပြီဆိုရင် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးရင်တောင် သူဝင်ရောက်ပုန်းခိုမယ့် နိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးပိုင်ခွင့်ရှိတယ်” ဟု ဗိုလ်တထောင်မြို့နယ်ရဲမှူး စိန်ဝေက ရှင်းလင်းပြောကြားသည်။
Father Land ကုမ္ပဏီပိုင်ရှင်မှာ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စများ လိမ်လည်ခဲ့သောကြောင့် လိမ်လည်ခံရသူများက ၎င်းကို ရုံးထုတ်စစ်ဆေးနေသော ကျောက်တံတားမြို့နယ် တရားရုံးသို့ လာရောက်ခဲ့ကြပြီး ရုံးတော်က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သဖြင့် ငွေကြေး ဆုံးရှုံးနစ်နာခဲ့သူများက သက်ဆိုင်ရာမြို့နယ် တရားရုံးနှင့် ရဲစခန်းများတွင် အမှုများ ထပ်မံဖွင့်ရန် စီစဉ်နေပြီး လိမ်လည် ဆုံးရှုံးမှုများကို သတင်းစာများတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်တော်သာ တန်ဖိုးနည်းအိမ်ရာကို ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူထားသူများထံမှ သိရှိရသည်။
by thevoiceweekly
Wednesday, December 17, 2014
Father Land ကုမ္ပဏီပိုင်ရှင် ထွက်ပြေးတိမ်းရှောင်ဟု သတင်းများထွက်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...