<div style='background-color: none transparent;'></div>

Monday, January 26, 2015

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်လစာပမာဏ တွက်ချက်နေ

လွှတ်တော်ကိုယ်စားလှယ်များ၏ လစာငွေ ကျပ် ၁၀ သိန်း သတ်မှတ်ခြင်းကို အတည်ပြုပြီးသော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်နိုင်မည့် ပမာဏကိုမူ အတည်မပြုနိုင်သေးဘဲ တွက်ချက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။


၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းများကို ဇန်န၀ါရီ ၂၆ ရက် တွင်မှ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းများကို လွှတ်တော်က စိစစ် ဖြတ်တောက်ပြီးသည့်အချိန်မှသာ တိုးမြှင့်ပေးနိုင်မည့်ပမာဏကို တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
‘‘အခုချိန်မှာ တွက်နေရတဲ့ အချိန်ပါ။ ဘယ်လောက်တိုးမလဲဆိုတာ မသိနိုင်သေးပါဘူး’’ဟု စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ က ပြောသည်။
‘‘စီမံကိန်းတွေကို စိစစ်ပြီးမှ မလိုတာကို ဖြတ်တောက်ပြီး နောက်ထပ်တင်မယ့် အခွန်အကောက်ဥပဒေကို စစ်ရမယ်။ ဒီက ဘယ်လောက်ရမလဲဆိုတာတွေကို ယှဉ်တွက်ပြီးမှ ဘယ်လောက်ပေးနိုင်မယ်ဆိုတာ သိပါမယ်’’ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များ ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေထားသည့် စီမံကိန်းများစာရင်းတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ကို ဖော်ပြထားခြင်းမရှိသေးဘဲ အဆိုပါပမာဏများသည် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ရသုံးမှန်းခြေငွေစာရင်း၏ သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်၌သာ ပါရှိလာမည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအဖွဲ့ ၀င် ဒေါ်တင်နွယ်ဦးက ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန်ထမ်းများ၏ လစာကို အနိမ့်ဆုံး ကျပ်တစ်သိန်းနှစ်သောင်းထိ တိုးမြှင့်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဆွေးနွေးထားရာ ယခုတိုးမြှင့်မည့် ပမာဏသည်လည်း အနိမ့်ဆုံးလစာ ကျပ် တစ်သိန်းခန့်ဖြစ်နိုင်သည်ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။
လွှတ်တော်က ၀န်ထမ်းများအား လစာတိုးပေးရန် ၂၀၁၃ ကတည်းကပင် ပြည်ထောင်စု အစိုးရကို တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ပြောသည်။
‘‘လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးဖို့ကိုပဲ လွှတ်တော်က လုပ်တာမဟုတ်ပါဘူး။ ၀န်ထမ်းတွေအားလုံးလစာတိုးဖို့ကို တောင်းဆိုထားတာပါ။ အစိုးရက မလုပ်ပေးတဲ့အတွက် လွှတ်တော်က လုပ်နိုင်တဲ့ ကိုယ်စားလှယ်တွေ နဲ့ တိုင်းဦးစီးအဖွဲ့တွေရဲ့ လစာကို တိုးပေးခဲ့တယ်။ ၀န်ထမ်းတွေ လစာတိုးတာကိုတော့ အစိုးရကလုပ်ပေးမှပဲ ရမှာပါ’’ဟု ဦးဝင်းဦးက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ အခြေ ခံလစာ တိုးမြှင့်ပေးရန် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့ပြီး အစိုးရအနေဖြင့် တွက်ချက်နေဆဲ ဖြစ်သည်ဟုသာ ပြန်ကြားထားခဲ့သော်လည်း လစာတိုးမည်ဆိုသော သတင်းကြောင့် ပြင်ပကုန်ဈေးနှုန်းများက တက်နေပြီ ဖြစ်သည်။
by 7daydaily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...