မြောက်ကိုရီးယား ခေါင်းဆောင်ကို သရော်လှောင်ပြောင်ထားသော The Interview
ဇာတ်လမ်းခွေများကို ရန်ကုန်မြို့တွင် ဖမ်းဆီးနေခြင်းမှာ ဗီဒီယိုအခြေခံ
အဖွဲ့အစည်းများက အကူအညီတောင်း၍သာ ဖမ်းဆီးရခြင်း ဖြစ်ပြီး မည်သည့်သံရုံးကမှ
ဖိအားပေးခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က
လသာမြို့နယ်ရှိ ဆင်ဆာမဲ့ ဗီဒီယိုခွေများ ရောင်းချသည့် ဆိုင်များမှ The
Interview အခွေ ၁၈၀ ကို လသာမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ကိစ္စနှင့်
ပတ်သက်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြင့်ဆွေကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုးရီးယား သံအမတ်ကြီး Mr.Kim
Sok Chol က တွေ့ဆုံပြီး The Interview အခွေများကို ဖမ်းဆီးပေးရန်
တောင်းဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ The Interview အခွေများကို
လိုက်လံဖမ်းဆီးခြင်း ဖြစ်သည်ဟု လူမှုကွန်ရက်များနှင့် အင်တာနက်
စာမျက်နှာများတွင် ရေးသားထားချက်များကို ဝန်ကြီးက ပြန်လည်ငြင်းဆိုခြင်း
ဖြစ်သည်။
“ဒီဇာတ်လမ်းခွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကလည်း ညွန်ကြားထားတာ မရှိသလို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကန့်ကွက်ထားခြင်း မရှိပါဘူး။ သံရုံးကနေ အစိုးရအဖွဲ့ကို တိုက်ရိုက်ကန့်ကွက်လို့ မရပါဘူး၊ နိုင်ငံခြားရေးဝန်ကြီး ရုံးကသာ တစ်ဆင့် ကန့်ကွက်လို့ ရပါတယ် ဆင်ဆာမဲ့ အခွေထုတ်နေသူတွေက သူတို့ရဲ့ အပြစ်ကို ဖုံးချင်လို့ အခုလို ဖွတာပါ၊ ဖမ်းရတာက ဗီဒီယို အစည်းအရုံးက အကူညီတောင်းလို့ ဖမ်းတာ တစ်ခွေ၊ နှစ်ခွေ ဒီကားပါရင် ပါမှာပေါ့” ဟု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် မြို့နယ်ဗီဒီယို အခြေခံအဖွဲ့များ ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်းပြီး ၁၉၉၆ ခုနှစ် ဗီဒီယိုဆင်ဆာ ဥပဒေများနှင့်အညီ ရဲတပ်ဖွဲ့ အကူအညီဖြင့် ဖမ်းဆီးကြောင်း၊ အဆိုပါ The Interview ရုပ်ရှင်ကားနှင့် ပတ်သက်ပြီး ဖမ်းဆီးခြင်း မဟုတ်ဘဲ ဆင်ဆာမဲ့ အခွေများကိုသာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဝင်းကြည်က ပြောဆိုသည်။
“အခုပဲ ကျွန်တော့်ကိုလည်း အဲဒီသတင်းတွေ လာမေးနေတာပဲ၊ ကျွန်တော်တို့ အနေနဲ့ ဆင်ဆာမဲ့ ဗီဒီယိုတွေကို ဖမ်းနေကျ ပုံစံပဲ ဖမ်းတာ၊ အဲဒီ ရုပ်ရှင်ကားကလည်း ပါချင်ပါနေမှာပေါ့၊ သူ့ကို သီးသန့်ကွက်ပြီး ဖမ်းတာ မဟုတ်ပါဘူး၊ စီမံချက်ရှိရင် ဘယ်အခွေမဆို ဖမ်းမှာပဲလေ။ အခု ရက်ပိုင်းအတွင်း မြောက်ကိုရီးယား သံရုံးနဲ့ တွေ့ဖြစ်လား မတွေ့ဘူးလား ဆိုတာတော့ ကျွန်တော်မသိဘူး၊ ကိုယ့်အလုပ်ကို လုပ်နေတာလေ၊ တခြားအလုပ်တွေ အများကြီးရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မှတ်ချက်ပေးသည်။
ရဲတပ်ဖွဲ့ အနေဖြင့် ဆင်ဆာမဲ့ မြန်မာဗီဒီယိုခွေ၊ ရုပ်ရှင်နှင့် အငြိမ့်ခွေများကို ခိုးကူးခွေရောင်းချနေသည့် အတွက် ထုတ်လုပ်သူများက နစ်နာကြောင်း တိုင်ကြားလာသဖြင့် မြန်မာဆင်ဆာမဲ့ အခွေများကို ဖမ်းဆီးရင်း၊ အခြားဆင်ဆာမဲ့ အခွေများကိုပါ တစ်ပါတည်း ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆင်ဆာမဲ့ခွေများ ဖမ်းဆီးခြင်းသည် ပြစ်မှုကြီး ၁၀ ခု ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်နေသော ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းအရသာ ဖမ်းဆီးနေခြင်း ဖြစ်ပြီး မည်သည့် ဖိအားများကြောင့်မှ ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လသာမြို့နယ် ၃ ရပ်ကွက် လသာလမ်း အမှတ် ၄၇ ရှိ M2M ဟန်းဆက်နှင့် VCD ဆိုင်အား လသာမြို့နယ် ရဲတပ်ဖွဲ့က The Interview အခွေ ၁၈၀ ကျော် အပါအဝင် ဆင်ဆာမဲ့များကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လသာမြို့နယ် ရဲတပ်ဖွဲ့က (ပ) ၂၅/၁၅၊ ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ (ခ) ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရှိရသည်။
by thevoiceweekly

It’s hard to find quality writing like yours nowadays
ReplyDeletehttp://www.prokr.net/2016/09/company-spraying-pesticides-anti-insects-in-al-hasa.html
http://www.prokr.net/2016/09/pesticides-spray-anti-insect-company-jubail.html
http://www.prokr.net/2016/09/company-spraying-pesticides-anti-insects-in-khobar.html
http://www.prokr.net/2016/09/pesticides-spray-anti-insect-company-dammam.html