<div style='background-color: none transparent;'></div>

Saturday, June 15, 2013

ဗြိတိသျှသံအမတ်ကြီး နေအိမ်အနီးတွင် အမေရိကန်အမျိုးသမီးတစ်ဦး လည်ပင်း အချွန်ဖြင့်အထိုးခံရ

ရန်ကုန်၏ မြို့လယ်ကောင် နေရာတစ်ခုဖြစ်သည့် ဒဂုံမြို့နယ် အလံပြဘုရားလမ်း ဗြိတိသျှသံအမတ်ကြီး၏ နေအိမ်အနီးတွင် ဇွန်လ ၁၃ ရက် ည ၉နာရီ ၄၅ မိနစ် က အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၃၄ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အမျိုးသားတစ်ဦးက အချွန်ဖြင့် ထိုးခဲ့ကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်း အရာရှိတစ်ဦးက ပြောကြားသည်။

အချွန်ဖြင့်အထိုးခံရသူ အမေရိကန်အမျိုးသမီး Mrs. Teresa Wai Ye Ha သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) ၏ Reporting Officer အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိသည်မှာ နှစ်လခန့်သာ ကြာမြင့်သေးကြောင်း၊ ပလက်ဖောင်းပေါ် လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက နောက်ကျောဘက်မှ ချုပ်ကိုင်ပြီး ဘယ်ဘက်လည်ပင်းကို အချွန်ဖြင့် ထိုးခဲ့သဖြင့် လည်ပင်းတွင်ရှပ်ထိသော ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း တွင် တိုင်ကြားချက်အရ သိရှိရသည်။

"အချွန်နဲ့ အထိုးခံရတုန်းက သူက သတိကောင်းကောင်း ရနေပါတယ်။ သူရဲ့မိတ်ဆွေတွေဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး အကူအညီ တောင်းတယ်။ ချက်ချင်းပဲ Taxi ငှားပြီး ရန်ကုန်ဆေးရုံကြီးကို တစ်ယောက်တည်း သွားတယ်လို့ သူကပြောတယ်။ ပစ္စည်းနဲ့ ငွေသား အလုခံရတာမျိုးလည်း မရှိဘူး" ဟု အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသော ရဲအရာရှိတစ်ဦးက ထပ်လောင်းပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူ Mrs. Teresa Wai Ye Ha ကို သွားရောက်မေးမြန်း ခဲ့သော်လည်း မောပန်းနေသောကြောင့် ဖြေဆိုနိုင်ခြင်းမရှိပေ။

အဆိုပါ အချွန်နှင့်ထိုးသူ၏ ပုံပန်းသဏ္ဌာန်ကို အမေရိကန်အမျိုးသမီး ကို မေးမြန်းကာ ပုံတူခဲပန်းချီ ရေးဆွဲနေလျက်ရှိပြီး မည်သို့သော ချွန်ထက်သည့် လက်နက်ဖြင့် ထိုးသည်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

ယင်းအမှုကို (ပ) ၁၃၂/၂၀၁၃၊ ပုဒ်မ (၃၂၆) ဖြင့် အမှုဖွင့်ပြီး ဆက်လက်စုံစမ်းနေကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

(ဥမ္မာလွင်၊ မြတ်သန္တာမောင်)


by the voice journal

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...