မလေးရှားနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေပြီး နေရပ်ပြန်လိုသူ
မြန်မာအလုပ်သမားများ မြန်မာနိုင်ငံ ပြန်ရန်အတွက် အခက်အခဲများစွာ
ရှိနေကြောင်း မလေးရှားသို့ ရောက်ရှိနေသော The Daily Eleven သတင်းစာမှ
အကြီးတန်း သတင်းထောက်က သတင်းပေးပို့သည်။
နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက်
တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် မြန်မာနိုင်ငံပြန်လိုသော
အလုပ်သမားအားလုံး အမြန်ဆုံး ပြန်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု ကတိပြု
ပြောကြားထားသော်လည်း လက်တွေ့ အခြေအနေ၌ အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်၊ မလေးရှား နိုင်ငံမှ ထုတ်ပေးသော
အလုပ်လုပ်ခွင့်ပါမစ် အစရှိသော အထောက်အထား တစ်ခုမျှမရှိဘဲ တရားမ၀င်
ဖြစ်နေသူများသည် မြန်မာနိုင်ငံသို့ ပြန်လိုသည်ဆိုပါက
မြန်မာသံရုံးသို့ဦးစွာ ဆက်သွယ်ရပြီး မလေးရှားနိုင်ငံ
လူဝင်မှုကြီးကြပ်ရေးသို့ ဆက်လက်သွားရောက်ကာ ဌာနေပြန်ခွင့် လျှောက်ထားရမည်
ဖြစ်သည်။
''မလေးရှားမှာ တရားမ၀င်ဖြစ်နေပြီး မြန်မာနိုင်ငံ ပြန်ချင်တယ်ဆိုရင်
ပထမဆုံး မြန်မာသံရုံးမှာ CI(Certificate Identity) လျှောက်ရပါမယ်။
အဲဒီအတွက် ပတ်စ်ပို့ မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူတစ်ခုခု
လိုပါတယ်။ ပိုက်ဆံပေးစရာ မလိုပါဘူး။ အထောက်အထား ပြည့်စုံရင် သံရုံးက CI
ကို တစ်ရက်အတွင်း ထုတ်ပေးပါတယ်။ CI ရပြီဆိုရင် မလေးရှား လူဝင်မှု
ကြီးကြပ်ရေးကို သွားရတယ်။ ပူထရာဂျာရာမှာ ရှိပါတယ်။ အဲဒီမှာ
မြန်မာနိုင်ငံပြန်ဖို့အတွက် ဓာတ်ပုံရိုက်မယ်၊ လက်ဗွေနှိပ်ရပါတယ်။ ပြီးရင်
over stay အတွက် မလေးရင်းဂစ် ဒဏ်ကြေး ၄၀၀ ဆောင်ရပါတယ်။ လူဝင်မှုကြီးကြပ်ရေးက
ခွင့်ပြုပြီဆိုရင် မြန်မာနိုင်ငံကို ပြန်လို့ရပါပြီ'' ဟု
မြန်မာနိုင်ငံသို့ ပြန်လိုသူ မြန်မာအလုပ်သမားများကို ကူညီအကြံပေးနေသော
ကိုသက်ပြင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လိုသူ အလုပ်သမားများအတွက်
လေယာဉ် လက်မှတ်များကို ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းလျက်ရှိနေပြီး CI
နှင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ ထုတ်ပေးသော ဌာနေပြန်ခွင့် လက်မှတ်ကို
ပြန်လိုသူ မြန်မာနိုင်ငံသားကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ကြောင်း
သိရှိရသည်။ ယခုရက်ပိုင်းများအတွက် မြန်မာနိုင်ငံသို့ ပြန်ရန်အတွက်
သံရုံးသို့ လာရောက်ပြီး CI လျှောက်ထားသူ တရားမ၀င် အလုပ်သမား ၂၀၀
ခန့်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် မလေးရှားရှိ
လူမှုကူညီရေး အဖွဲ့အစည်းများထံသို့ နေ့စဉ်ဆက်သွယ်နေသူများမှာ တစ်ရက်လျှင်
တစ်ထောင်ဝန်းကျင်ခန့် ရှိနေသော်လည်း အမှန်တကယ် လျှောက်ထားသူ အရေအတွက်မှာ
စုံစမ်းသူဦးရေထက် လွန်စွာနည်းပါးနေကြောင်း သိရှိရသည်။
''6P လို့ခေါ်တဲ့ တရားမ၀င် အလုပ်သမားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့
အစီအစဉ်မှာ လက်ဗွေနှိပ်ပြီး ပတ်စ်ပို့လည်း လက်ဝယ်ရှိပြီး
အကြောင်းအမျိုးမျိုးကြောင့် ပါမစ်မရရှိတဲ့ အလုပ်သမားတွေကလည်း over stay
စာရင်းဝင်သွားတယ်။ သူတို့ ပတ်စ်ပို့တွေကို အလုပ်ရှင်နဲ့ အေးဂျင့်တွေက
သိမ်းထားတယ်။ အခုအချိန် ပြန်ဖို့အတွက် တောင်းတော့ အလုပ်ရှင်တွေနဲ့
အေးဂျင့်တွေက ရှောင်နေတယ်'' ဟု ဦးအောင်သန်းညွန့်က ပြောကြားသည်။
မလေးရှားရောက် မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံသို့
ပြန်ရန်အတွက် သက်ဆိုင်ရာ ရုံးများသို့ ဆက်သွယ်ရန် ကြောက်ရွံ့နေခြင်းမှာ
အဓိက ပြဿနာဖြစ်ပြီး ကွာလာလမ်ပူမြို့ပြင်ရှိ မြို့နယ်များတွင်ရှိနေသူ
အများစုမှာလည်း မိမိတို့ အလုပ်လုပ်ကိုင်ရာ နေရာပြင်ပသို့ထွက်ရန်
ခက်ခဲနေကြောင်းနှင့် အချို့မှာ ကွာလာလမ်ပူမြို့သို့ပင် မရောက်ဖူးသူများ
ရှိနေကြောင်း သိရသည်။
''ဒီအချိန်က အော်ပရာစီဝင်တတ်တဲ့ ကာလဖြစ်နေတော့ အပြင်မထွက်ရဲကြဘူး။
ထွက်လာပြီးမှ အကြမ်းဖက်ခံရမှာ၊ ရဲအဖမ်းခံရမှာကို ကြောက်နေရတဲ့ သူတွေလည်း
ရှိနေတယ်။ ပီနန်းတို့၊ ဂျိုဟိုးတို့မှာရှိနေတဲ့ သူတွေဆို
ကွာလာလမ်ပူကိုလာဖို့ တော်တော်ခက်ခဲနေတယ်။ တစ်ယောက်ချင်း လာမယ်ဆိုရင်လည်း
လုံခြုံမှုမရှိဘူး။ အများနဲ့ လာမယ်ဆိုရင်လည်း သူတို့ကို တစ်မျိုးထင်မယ်။
တစ်ရက်တည်းနဲ့ပြီးတဲ့ ကိစ္စမဟုတ်တော့ သူတို့အတွက် နေရေးထိုင်ရေး
အခက်အခဲရှိတယ်'' ဟု မလေးရှားနိုင်ငံရှိ ကိုရဲမင်းက ပြောကြားသည်။
ထို့အပြင် မလေးရှားနိုင်ငံသို့ ရောက်ရှိအိမ်ထောင်ကျပြီးနောက်
ရင်သွေးမွေးဖွားခဲ့ကာ ထိုရင်သွေးအတွက် မွေးစာရင်းမရှိသော သူများလည်း
ရှိနေပြီး ထိုသူများကိုမူ မြန်မာသံရုံး အပါအ၀င် မည်သူကမှ ကူညီပေးနိုင်သည့်
အခြေအနေတွင် မရှိကြောင်း သိရှိရသည်။ မလေးရှားသို့ ရောက်ရှိပြီး တရားမ၀င်
လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက်
ရှုပ်ထွေးမှုများစွာ ရှိနေပြီး နှစ်နိုင်ငံ အစိုးရပိုင်းမှ
စနစ်တကျကိုင်တွယ်ပြီး ဆောင်ရွက်မှသာ ထိရောက်မှု ရှိနိုင်မည်ဟု မလေးရှားရှိ
မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် အဖွဲ့အစည်း အားလုံးက
ပြောကြားခဲ့သည်။
by weeklyeleven
Saturday, June 15, 2013
မလေးရှားနိုင်ငံသို့ တရားမ၀င်ရောက်ရှိပြီး နေရပ်ပြန်လိုသူ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံပြန်ရန် အခက်အခဲများစွာရှိနေ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...