<div style='background-color: none transparent;'></div>

Sunday, June 2, 2013

လားရှိုးမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်လျှော့ချခဲ့ပြီး အပျက်အစီးများအား စတင်ရှင်းလင်း



larsho144reduce-june1
လားရှိုးတွင် အပျက်အစီးများ ရှင်းလင်းနေသည်ကို ဇွန်လ ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
လားရှိုးမြို့တွင် မေလ ၂၈ ရက် ညပိုင်းတွင် အမျိုးသမီး တစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့ခံရမှုနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်သည့်အချိန် လျှော့ချပေးခဲ့ကြောင်း သိရသည်။
ပုဒ်မ ၁၄၄ မူလက ထုတ်ပြန်ထားသည့် အချိန် ည ၇ နာရီမှ နံနက် ၅ နာရီအစား ဇွန် ၁ ရက်မှစ၍ ည ၈ နာရီမှ နံနက် ၄ နာရီအထိသို့ ပြောင်းလဲလျှော့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့မှ ဖျက်ဆီးခံရသည့် အဆောက်အအုံများကို ဇွန် ၁ ရက်တွင် စတင်ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး မီးလောင်ပျက်စီးခဲ့သော အဆောက်အအုံများ အတွင်းသို့ ဇွန်လ ၁ ရက်တွင် ပိုင်ရှင်များကို ပစ္စည်းဝင်ရောက်ယူခွင့် ပြုခဲ့ပြီး ရှင်းလင်းမှုများ ပြုလုပ်လျက် ရှိသည်။
"ကျွန်တော့်ဆိုင်က သိန်း ၃၀ ဖိုးလောက် ဆုံးရှုံးခဲ့ပါတယ်" ဟု မီးလောင်ကျွမ်းခဲ့သော ကုန်မာဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
လားရှိုးကုန်စိမ်းဈေးတွင် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး၊ အဓိက လမ်းမကြီးများ အပါအ၀င် တားမြစ်ထားသော နေရာအချို့ကို သွားလာခွင့် ပြုထားသည်ကို တွေ့ရသည်။
ဇွန်လ ၁ ရက်တွင် လားရှိုးမြို့တွင် တည်ငြိမ်အေးချမ်းလျက် ရှိပြီး၊ လားရှိုးမြို့နယ်ရှိ မန်ဆူရှမ်းကြောင်းသို့ လာရောက်ခိုလှုံ သူများအနက်မှ ၃၀၈ ဦးအား ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် လာရှိုးမြို့နယ်၊ မိုးလုံလေလုံ အားကစားကွင်းသို့ ပြောင်းရွှေ့ခဲ့သည်။
ဘုန်းကြီးကျောင်းဝန်းအတွင်း လူဦးရေ များပြားလာက နေရာအကျပ်အတည်း အခက်အခဲဖြစ်ခြင်း၊ လူနေမှု ကိစ္စများ အခက်အခဲများ ရှိလာသဖြင့် လူနေအိမ် မီးလောင်ခြင်း မရှိသော သူများထဲမှ ၃၀၈ ဦးအား မိုးလုံလေလုံ အားကစားရုံသို့ ခွဲ၍ပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျန်ရှိ အစ္စလာမ် ဘာသာဝင်များနှင့် မိုးလုံလေလုံ အားကစားကွင်း၌ ခွဲထားရှိသော အစ္စလာမ် ဘာသာဝင်များ အတွက်ပါ စားရေးသောက်ရေး နေထိုင်ရေး ကိစ္စရပ်များကို မန်ဆူ(ရှမ်း) ကျောင်းဆရာတော် ဘဒ္ဒန္တပုညနန္ဒက စီမံကွပ်ကဲလျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် မိုးလုံလေလုံကွင်း၌ နေထိုင်သည့် အစ္စလာမ် ဘာသာဝင်များအား တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက အတွင်းအပြင် လုံခြုံရေးများ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် လားရှိုးမြို့၏ အခြေအနေသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ် နေပြီဖြစ်ကြောင်းလည်း သိရသည်။

by weeklyeleven

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...