<div style='background-color: none transparent;'></div>

Wednesday, June 12, 2013

ပေါင်းတည်လယ်သမားအရေး ဆောင်ရွက်သူ သုံးဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ် အတွင်းရှိ တောင်သူလယ်သမား ၁၀၀ ကျော်၏ လယ်မြေဧက ၁၄၀ ကျော် ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်နေသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးမှာ နတ်တလင်း ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဦးသန့်ဇင်ထက် ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် မှ ဒေါ်မြင့်မြင့်အေးနှင့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် မှ ဒေါ်ခင်မိမိခိုင် တို့ဖြစ်ကြောင်း ဒေသခံ လယ်သမားများက ဆိုသည်။

တပ်မ ၆၆ လက်အောက်ခံ ခြေမြန်တပ်ရင်း (၅) က လယ်ဧက ၁၀၀ ကျော်နှင့် နတ်တလင်း ရဲစခန်းက ဧက ၄၀ သိမ်းဆည်းခဲ့သည်ဟု လယ်သမားများက စွပ်စွဲပြီး အဆိုပါလယ်ယာမြေကို ပြန်လည်ရရှိရန် အတွက် ဇွန်လ ၁၀ နှင့် ၁၁ ရက် နေ့များတွင် ဦးရင်ကြည်ခေါင်းဆောင်သော လယ်သမား အင်အား ၁၀၀ ကျော် က နှစ်ရက်တိုင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့နောက် ယခုကဲ့သို့ အဖမ်းခံ ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

"မနက်ဖြန်မှာလည်း ထွန်တုံး တိုက်ပွဲဆက်လုပ်မယ်" ဟု ထွန်တုံးတိုက်ပွဲ တွင် ပါဝင်သည့် အမည်မဖော်လိုသော လယ်သမားတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံ ပုဂ္ဂိုလ်သုံးဦးကို အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပုဒ်မ (၆) အရ အဆိုပါ သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နတ်တလင်း ရဲစခန်းမှ အရာရှိ က ဆိုသည်။

"သူတို့ သုံးဦးကို နတ်တလင်း မြို့နယ်အုပ်ချုပ်ရေးမှူးက တရားမဝင် အဖွဲ့အစည်းမှာ ပါဝင်လို့ဆိုပြီး နှစ်ရက်တိုင် ခေါ်မေးပါတယ်။ ရဲစခန်းက သိမ်းတယ်ဆိုတဲ့ လယ်တွေနဲ့ ပတ်သက်ပြီးကျွန်တော် ဘာမှ သေချာမသိ ပါဘူး" ဟု ၎င်းက ဆိုသည်။

ပေါင်းတည်မြို့ လက်ပံကပြင်းရွာတွင် သိမ်းဆည်ခံ လယ်ယာမြေ၌ ထွန်တုံး တိုက်ပွဲ ဆင်နွှဲနေစဉ် နတ်တလင်း ရဲစခန်းက အဆိုပါသုံးဦးကို ဆင့်ခေါ် စစ်ဆေးခဲ့ကြောင်း ၊ ထို့နောက် နတ်တလင်း တရားရုံးသို့ ရောက်ရှိခဲ့ပြီး တရားရုံးက ယမန်ကြီး ၁၅ ရက် ဖမ်းချုပ်ခွင့် ခွင့်ပြုသောကြောင့် ယခု အခါ ပေါင်းတည် ရဲစခန်းအချုပ်တွင် ရောက်ရှိနေကြောင်း ဒေသခံများ က ပြောကြားသည်။


by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...