ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ
ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ကြိမ်မြောက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ
ပထမနေ့မှာ အင်အားကြီးပါတီတွေကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်ယူနီယံပါတီ (FUP) ကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖက်ဒရယ်ယူနီယံပါတီ (FUP) ကို တည်ထောင်တာဟာ ရွေးကောက်ပွဲမှာ
တိုင်းရင်းသား ညီနောင်ပါတီတွေ ဝင်ရောက်မယှဉ်ပြိုင်နိုင်တဲ့ မြေပြန့်ဒေသက
တိုင်းရင်းသားတွေရဲ့ မဲဆန္ဒတွေရရှိနိုင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်တယ်လို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက
RFA ကို ပြောပါတယ်။
" အဲ့ဒီဖက်ဒရယ်ယူနီယံပါတီ တည်ထောင်ဖို့အတွက်
ကျွန်တော်တို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြပါတယ်၊ တိုင်းရင်းသား
အားလုံးကို ကိုယ်စားပြုတဲ့ ပါတီသစ်တစ်ခုကို ထောင်မှာပါ၊ ကျွန်တော်တို့
တိုင်းရင်းသားပါတီတွေက တိုင်းရင်းသားနယ်မြေတွေမှာပဲ
ရွေးကောက်ပွဲဝင်ကြတာပေါ့လေ၊ ဒါပေမယ့် ပြည်မတွေမှာလည်း
ပြန့်ကျဲနေတဲတိုင်းရင်းသားတွေရှိတယ်၊ အဲ့ဒီတိုင်းရင်းသားတွေရဲ့ မဲဆန္ဒတွေကို
စုစည်းပြီးတော့ ကျွန်တော်တို့ ပါတီတစ်ခုထောင်လိုက်ရင်
ပြည်ထောင်စုမှာရှိတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အသံတွေ
အများကြီးပေါ်ထွက်လာနိုင်တယ်ပေါ့ နောက်တစ်ခုကလည်း ပါလီမန်ထဲမှာလည်း
တိုင်းရင်းသားကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေ အများကြီးနေရာရလာနိုင်တာပေါ့၊
ကြံခိုင်ရေးပါတီလို NLD လို ပြည်ထောင်စု ဗမာပါတီကြီးတွေနဲ့ ကျွန်တော်တို့
တန်းတူယှဉ်နိုင်အောင် ကြိုးစားတဲ့သဘောပါ"
ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရဲ့စည်းမျဉ်းတွေအရ ညီနောင်တိုင်းရင်းသားပါတီများ
ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်တွေဟာ အသစ်ဖွဲ့စည်းမယ့် ဖက်ဒရယ်ယူနီယံပါတီမှာ
ဝင်ရောက်ဖို့ မဖြစ်နိုင်တဲ့အတွက် အဲဒီ ဖက်ဒရယ်ယူနီယံပါတီကို
တိုင်းရင်းသားခေါင်းဆောင်အသစ်တွေနဲ့ ဖွဲ့စည်းမှာဖြစ်သလို NBF က
အဖွဲ့ဝင်တချို့ နှုတ်ထွက်ပြီးလည်း တည်ထောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲကနေ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊ အချိုးကျကိုယ်စားပြုမဲစနစ် (PR) ကိစ္စ၊
တိုင်းရင်းသားပါတီတွေရဲ့ရှေ့လုပ်ငန်းစဉ်တွေ၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်
အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ခု အမြန်ဆုံး
အကောင်အထည်ဖော်နိုင်ဖို့စတာတွေကို နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းပြီး
ကြေညာချက် ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှာ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ 'o' ဒီမိုကရက်တစ်ပါတီ၊
ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့
တိုင်းရင်းသားပါတီ ၁၅ ခု ပါဝင်ပါတယ်။
by RFA
Wednesday, June 12, 2013
တိုင်းရင်းသားများ ပူးပေါင်းပြီး ဖက်ဒရယ်ယူနီယံပါတီ တည်ထောင်ဖို့ ဆုံးဖြတ်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...