<div style='background-color: none transparent;'></div>

Saturday, June 15, 2013

လားရှိုးပဋိပက္ခ အကြမ်းဖက်သူ ၃၀ ဦးကို ပြစ်ဒဏ်ချမှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သူ ၃၀ ဦးကို မြို့နယ်တရားရုံးက ဇွန်လဒုတိယပတ်အတွင်း ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးထံမှ သိရှိရသည်။

လားရှိုးမြို့တွင် ပဋိပက္ခများကို အစပြုခဲ့သည့် မေလ ၂၈ ရက်နေ့က အမျိုးသမီး တစ်ဦးကို ဓာတ်ဆီလောင်း မီးရှို့ ခဲ့သူ အသက် ၄၈ နှစ်အရွယ် ဦးနေဝင်းကို ဇွန်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ပြီး ပဋိပက္ခမှုတွင် ပါဝင်ပတ်သက်ခဲ့သူ ဒေသခံ ၂၉ဦးကို ဇွန်လ ၁၃ ရက်နေ့က ခြေချုပ် ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း လာရှိုးမြို့မှ ရှေ့နေတစ်ဦးက ပြောကြားသည်။

ဦးနေဝင်းကို လားရှိုးမြို့နယ် တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေဆိုင်ရာ ပုဒ်မ ၁၅ အရ ထောင်ဒဏ် ငါးနှစ်၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)အရ ခုနစ်နှစ်၊ လူသတ်မှု ကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇ အရ ခုနစ်နှစ်၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ အရ ခုနစ်နှစ် ထောင်ဒဏ်တို့ကို သီးခြားစီ ကျခံစေရန် ချမှတ်ခဲ့သည်။

ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ ၆၀ ဦးကို ဖမ်းဆီးထားသည့် အနက် ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့ တွင် အမှတ် ၁ နှင့် အမှတ် ၂ ရဲတပ်ဖွဲ့စခန်းက ဇွန်လ ၁၂ ရက်နေ့တွင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းနေ့တွင် တရားလို သက်သေများဖြစ်သည့် ရဲတပ်ဖွဲ့ အရာရှိများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ကို မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ပြီး
နောက်နေ့တွင် တရားခံများကို စစ်ဆေးကာ ခြေချုပ်မိန့်ဖြင့်
ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်းလားရှိုးမြို့မှ ရှေ့နေတစ်ဦးက
ပြောကြားသည်။

ခြေချုပ်အမိန့် ပြစ်ဒဏ် ချမှတ်ခံရသူ ၂၉ ဦးသည် ပြစ်ဒဏ်ချခံထားရသည့်
ခြောက်လတာ ကာလအတွင်း ၁၄ ရက်လျှင် တစ်ကြိမ် ကောင်းမွန်စွာ
နေထိုင်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကိုသတင်းပို့ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားခံကို စီရင်ချက်ချရာတွင် လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် တရားစီရင်ရေး ဥပဒေတို့အရ ခုခံချေပ ပိုင်ခွင့် အပြည့်အဝ ပေးရမည်
ဖြစ်ကြောင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်က သုံးသပ်ပြောကြားသည်။

လားရှိုးမြို့တွင် နှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ယင်းပဋိပက္ခကြောင့် လူတစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် ငါးလုံး၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့သည်။

ယင်းပဋိပက္ခများကြောင့် လားရှိုးမြို့တွင် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို မေလ၂၈ ရက်နေ့(ပဋိပက္ခ စတင် ဖြစ်ပွားသည့်နေ့) တွင် ထုတ်ပြန်ခဲ့ပြီး ဇွန် ၈ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ နံနက်၃ နာရီသို့ အချိန် လျှော့ချခဲ့သည်။

by the voice journal

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...