ရွှေတိဂုံစေတီ၌ ထားရှိမည့် စွယ်တော်ပွားအား ရွှေတိဂုံ ရင်ပြင်တော်၌ လှည့်လည် ပူဇော်နေစဉ်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသည့်
ရတနာစီခြယ် ရွှေကျောင်းဆောင် သုံးဆောင်နှင့် ဗုဒ္ဓစွယ်တော်ပွား သုံးဆူအနက်
ရန်ကုန်မြို့၌ ထားရှိပူဇော်မည့် ရတနာစီခြယ် ရွှေကျောင်းဆောင်နှင့်
ဗုဒ္ဓစွယ်တော်ပွားသည် ဇွန် ၁၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ
စေတီတော်မြတ်ကြီးသို့ လှည့်လည်အပူဇော်ခံ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓစွယ်တော်ပွား သုံးဆူကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့
ဇွန် ၈ ရက်က မူဆယ်မြို့မှတစ်ဆင့် ပင့်ဆောင်လာခြင်းဖြစ်ပြီး မန္တလေးမြို့သို့
ဇွန် ၉ ရက် ညပိုင်းတွင် ရောက်ရှိခဲ့ကာ အများပြည်သူ
ဖူးမျှော်ကြည်ညိုနိုင်ရန် မဟာမြတ်မုနိ ဘုရားကြီး၌ တစ်ညတာ ကိန်းဝပ်စံပယ်တော်
မူခဲ့ပြီး သုံးဆူအနက် တစ်ဆူအား မန္တလေးမြို့၌ အမြဲတမ်း ကိန်းဝပ်စံပယ်တော်
မူရန် ထားရှိပူဇော် ခဲ့သည်။
ဆက်လက်၍ ကျန်စွယ်တော်ပွား နှစ်ဆူအား ဇွန် ၁၀ ရက် နံနက်ပိုင်းတွင်
နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ကာ ညပိုင်းတွင် နေပြည်တော်သို့
ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဥပ္ပါတသန္တိ စေတီတော်၌ တစ်ညတာ ကိန်းဝပ်စံပယ်တော်
မူမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌လည်း မန္တလေးကဲ့သို့ပင် စွယ်တော်ပွားတစ်ဆူ ကိန်းဝပ်စံပယ်တော်
မူမည်ဖြစ်ပြီး ကျန်စွယ်တော်ပွား တစ်ဆူအား ရန်ကုန်မြို့၌
ထားရှိပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့်
ဗုဒ္ဓမြတ် စွယ်တော်ပွားများနှင့် ရတနာ ရွှေကျောင်းဆောင်တို့အား သာသနာရေး
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများက မူဆယ်၊
လားရှိုး၊ မန္တလေးမြို့နှင့် နေပြည်တော်တို့သို့
တစ်မြို့ပြီးတစ်မြို့လှည့်လည်အပူဇော်ခံကာ ပင့်ဆောင်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့သို့ အပူဇော်ခံ ရောက်ရှိနေသည့် အဆိုပါ ဗုဒ္ဓမြတ် စွယ်တော်အား
ဇွန် ၂၁ ရက်တွင် တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော် တိုက်ဆရာတော်မှ
လွှဲပြောင်းအပ်နှံ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော်
ပွားများအား ရှေးယခင် နှစ်များဖြစ်သည့် ၁၉၉၄၊ ၁၉၉၆၊ ၂၀၁၁ ခုနှစ်များ
တွင်လည်း မြန်မာနိုင်ငံသို့ ပင့်ဆောင်ကာ အပူဇော်ခံ ထားရှိခဲ့ဖူးကြောင်း
သိရသည်။
by weeklyeleven
Thursday, June 13, 2013
တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော် ပွားတစ်ဆူ ရန်ကုန်မြို့သို့ အပူဇော်ခံ ရောက်ရှိ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...