ရန်ကုန်မြို့တော် မြို့လယ်ကောင် ကျောက်တံတားမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်
နံနက်ပိုင်းအတွင်း မဟာဗန္ဓုလလမ်း နှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ Kyaw
Home Mart တိုက်လေးလွှာပေါ်မှ အသက် ၂၅
နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် လမ်း ၄၀ အောက်ဘလောက်ရှိ ရှစ်ထပ်တိုက်
ရှစ်လွှာပေါ်မှ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ ပြုတ်ကျသေဆုံး
ခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများ ထံမှ စုံစမ်းသိရှိရသည်။
Kyaw Home Mart တွင် ဝန်ထမ်း လုပ်သက် သုံးနှစ်ကျော်ခန့် လုပ်ကိုင်လျက် ရှိသော အသက် ၂၅ နှစ်အရွယ် ကိုစောရှီလာသည် အဆိုပါ အဆောက်အအုံ လေးလွှာ ခေါင်းမိုးထပ်ရှိ ရေချိုးရန်နေရာ အနီးတွင် ယင်းတိုက်ကို ကာရံထားသည့် ခါးလယ်ခန့်မြင့်သော အုတ်ဘောင်ကို ကျော်ကာ ၄င်းတိုက်နှင့် ကပ်လျက်ရှိ ၃၇ လမ်း နှင့် မဟာဗန္ဓုလမ်းပေါ်ရှိ အောင်ဘာလေ သိန်းဆုထီဌာနခွဲ တိုက်နှစ်ခုကြားသို့ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ကျောက်တံတား မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သေဆုံးသူဝန်ထမ်းသည် ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ပြီး ယင်းတိုက်၏ လေးလွှာရှိ ဝန်ထမ်းအဆောင်တွင် နေထိုင်သူဖြစ်ကြောင်း၊ မည်သည့်အချိန်က ပြုတ်ကျသည် ကို မည်သူမျှ မသိရှိရဘဲ ၄င်းတို့ဆိုင်ရှေ့တွင် ဂျာနယ်ရောင်းသည့် လူငယ်တစ်ဦး လာရောက်ပြောပြမှ သိရှိခဲ့ခြင်း ဖြစ်ကြောင်း Kyaw Home Mart မှ လုံခြုံရေး တာဝန်ခံ ဦးအောင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။
"အဆောက်အအုံ နှစ်ခုကြားမှာ သံဆန်ခါနဲ့ ကာထားပြီး ပလတ်စတစ် အကြည် ထပ်ကာထားတော့ ရုတ်တရက် ကြည့်ရင်မမြင်နိုင်ဘူး။ ကျွန်တော်တောင် ဒီမြောင်းကြားထဲ ကွမ်းတံတွေးလာထွေး ရင်း ဟနေတဲ့ ပလတ်စတစ်ကြားတဲ့က ကြည့်မိလို့ တွေ့မိတာ။ ကျွန်တော်တွေ့တော့ မနက် ၉ နာရီ မိနစ် ၂၀ လောက်ရှိပြီ" ဟု ပြုတ်ကျသေဆုံးမှုကို စတင်တွေ့ရှိသူ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောကြားသည်။
သေဆုံးသူသည် အပေါ်ပိုင်းတွင် အဝတ်မပါဘဲ ဂျင်းဘောင်ဘီရှည် ဝတ်ဆင် ထားကာ တိုက်နှစ်လုံးကြားရှိ တစ်ပေခန့် အကျယ်မြောင်းပေါ်တွင် မှောက်လျက်ကျ သေဆုံးခဲ့ပြီး ၄င်း၏ဘေးတွင် အင်္ကျီတစ်ထည်ကို တွေ့ရကြောင်း၊ သေဆုံးသူသည် အရက် သောက်ထားရာမှ ပြုတ်ကျခြင်း ဖြစ်နိုင်ကြောင်း အမှုစစ်ရဲအရာရှိက ပြောကြားသည်။
အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လမ်း ၄၀ အောက်ဘလောက် ရှိ အမှတ် ၁၄၀/၁၄၄ ရှစ်ထပ်တိုက် ရှစ်လွှာ ဘယ်ခန်း အမျိုးသမီးဆောင်ရှိ ရှေ့ဘက်ဝရန်တာတွင် အသက် ၂၀ခန့် အရွယ်ရှိ အမျိုးသမီးတစ်ဦး ရင်အုံခန့်အမြင့် ရှိ သံပန်းကို ကျော်ကာ အောက်အလွှာ၏ နေကာ အမိုးပေါ်မှတစ်ဆင့် တိုက်အောက်တွင် ရပ်နားထားသည့် Corrolla ဗင်ကား ခေါင်းပေါ်သို့ ပြုတ်ကျခဲ့ရာ ဒဏ်ရာရသူကို ဆေးရုံသို့ ပို့ဆောင်သော်လည်း သေဆုံးခဲ့ကြောင်း ကျောက်တံတားမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီးအဆောင်တွင် လူငါးဦးခန့် နေထိုင်ပြီး သေဆုံးသူသည် ယင်းနေ့နံနက် ၈နာရီခန့်က ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးငယ် ပြုတ်ကျပြီးနောက် အဆောင်တွင် အမျိုးသမီး နှစ်ဦးသာ ကျန်ရှိကြောင်း ယင်းတိုက်ခန်းတွင် နေသူအသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
"ကျွန်မက အိပ်နေတုန်း တစ်ယောက်က လာနှိုးပြီး ပြောပြမှသိရတာ ဘယ်လိုဖြစ်သွားမှန်း မသိဘူး" ၄င်းကရှင်းပြသည်။
သေဆုံးသူသည် အသက် ၂၃ နှစ် အရွယ်ရှိ မကမ်မီ (ခေါ်) မကမ်ထယ် ဖြစ်ပြီး ယင်းကဲ့သို့ ပြုတ်ကျခဲ့ခြင်းကြောင့် ဦးခေါင်းကွဲ ဒဏ်ရာ၊ နှာခေါင်းနှင့် ပါးစပ်သွေးထွက်ပြီး၊ ဘယ်ဘက်မျက်နှာ ချိုင့်သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
အဆိုပါ ပြုတ်ကျသေဆုံးမှုများကို သေမှုသေခင်း ဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ကျောက်တံတားမြို့နယ် မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

by the voice weekly

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...