<div style='background-color: none transparent;'></div>

Tuesday, September 17, 2013

ဓာတ်လိုက်နေသော ယောက္ခမကို လှမ်းဆွဲရာမှ ချွေးမဖြစ်သူပါ သေဆုံး

ဓာတ်လိုက်နေသော ယောက္ခမကို ချွေးမဖြစ်သူက လှမ်းဆွဲရာမှ နှစ်ဦးလုံး ဓာတ်လိုက် သေဆုံးမှုကို စက်တင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခန့်က ရွှေပြည်သာမြို့နယ် (၂၀) ရပ်ကွက် မကွေးလမ်းရှိ နေအိမ် တစ်အိမ်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အသက် ၆၄ နှစ်အရွယ် ဦးမြင့်ရွှေက ရေချိုးရန် အပေါ်အင်္ကျီကို နေအိမ်အတွင်းရှိ နှစ်ပင်လိမ် လျှပ်စစ်ဓာတ်ကြိုးနှင့် ချည်ထားသော လျှပ်စစ်ဓာတ်အား ဝင်နေသည့် သံကြိုးတန်းပေါ်တင်ရာမှ ဦးမြင့်ရွှေ ဓာတ်လိုက်နေစဉ် အသက် (၂၀) အရွယ်ရှိ ချွေးမဖြစ်သူ မဇင်ဇင်ထွန်းက ဝင်ရောက် လှမ်းဆွဲရာမှ နှစ်ဦးလုံး ဓာတ်လိုက်ကာ မြေပေါ်သို့ လဲကျခဲ့ကြောင်း ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဓာတ်လိုက်သူ နှစ်ဦးကို ရပ်ကွက်နေသူများမှ ရွှေပြည်သာ မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် အင်းစိန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

“မြွေကိုက်ရင် ဆေးရှိတယ်။ ဓာတ်လိုက်ရင် ဆေးမရှိဘူး။ လျှပ်စစ်သုံးစွဲတဲ့ အခါမှာ ပေါ့ဆရင် မသေသင့်ဘဲ သေရတယ်” ဟု ရွှေပြည်သာမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

ဓာတ်လိုက် သေဆုံးသူ ယောက္ခမဖြစ်သူတွင် ဘယ်ဘက်လက်ညှိုးနှင့် လက်မကြားတွင် ပေါက်ပြဲ ဒဏ်ရာနှင့် ချွေးမဖြစ်သူတွင် ဒဏ်ရာရရှိခြင်းမရှိဘဲ သေဆုံးခဲ့ကြောင်း ရွှေပြည်သာမြို့နယ်ဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဓာတ်လိုက်သေဆုံးသူ နှစ်ဦးကို ရွှေပြည်သာဆေးရုံတွင် ပီအာရ် ၀၄ ဖြင့် လက်ခံထားပြီး ယင်းမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၁/၁၃ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။


by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...