<div style='background-color: none transparent;'></div>

Wednesday, September 18, 2013

ထားဝယ်-ကန်ချနာပူရီလမ်းစီမံကိန်း ဒေသခံတွေ ပိတ်ဆို့

ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့ သဗြုချောင်းနဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေယာလျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတွေနဲ့ ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းက ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှာရှိတဲ့ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံးခန်းမှာ ဒေသခံတွေစုပေါင်းဖွဲ့စည်းထားတဲ့ "လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ" က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

စီမံကိန်းအတွက် မြေတွေဆုံးရှုံးခဲ့တဲ့ ထားဝယ်ခရိုင် မေတ္တာ၊ ကလက်ကြီး၊ ရေပုတ်၊ ကထောင်းနီစတဲ့ ကျေးရွာ ၇ ရွာက ရွာသား ၈ဝ လောက်ဟာ မြေလျော်ကြေးမရသေးတာကြောင့် ရွာသားတွေပူးပေါင်းပြီး စီမံကိန်းကားတွေသွားမရအောင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပိတ်ဆို့လိုက်တာပါ။

ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ၊ ထိုင်းကုမ္ပဏီက ၂ဝ၁၁ ခုနစ်ကစပြီး ထားဝယ်ဒေသခံတွေအတွက် လျော်ကြေးတွေပေးထားပြီး ဖြစ်ပေမယ့် ဒီလမ်းပိတ်ဆို့ထားတဲ့ ကျေးရွာ ၇ ရွာက ဒေသခံ ၈ဝ လောက်ကတော့ လျော်ကြေးငွေမရသေးဘူးလို့ သိရပါတယ်။

အခုလို လမ်းပိတ်ထားတာဟာ ၃ ကြိမ်မြောက်ရှိပြီလို့သိရပြီး လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ ပျဉ်းသားတောရွာမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ ကန်ချနပူရီကနေ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအထိ ကားလမ်းအရှည်ဟာ မိုင် ၁ဝဝ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

by RFA Burmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...