ကျောင်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ပြဿနာများ လက်ရှိတွင်
တည်ငြိမ်မှု ရရှိနေပြီဖြစ်ပြီး ဆူပူမှုများ ဖြစ်ပေါ်အောင် ဖန်တီးသူများဟု
ယူဆရသူ ငါးဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
''လက်ရှိ ကျောင်းကုန်းမြို့ အခြေအနေက ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပေမယ့်
လက်ရှိကတော့ အေးချမ်းမှု ရှိနေပါပြီ။ ဗလီမီးရှို့တယ်။ ဖျက်ဆီးပစ်တယ်ဆိုတဲ့
ကောလာဟလ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိမှာတော့ ခဲတစ်လုံး ကျတာတောင်မှ
မရှိပါဘူး။ အဲဒီလိုပြဿနာတွေ မပေါ်ပေါက် အောင်လည်း ရဟန်းသံဃာတွေရော၊
သက်ဆိုင်ရာ တာဝန်ရှိသူ တွေရော၊ လူမှုအဖွဲ့အစည်းတွေရော ၀ိုင်းဝန်းထိန်းသိမ်း
နေကြပါတယ်။ လူစုလူဝေးရယ်လို့လဲ မတွေ့ရပါဘူး'' ဟု အခင်းဖြစ် နေရာ၊ အမှတ် ၂
ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းထွန်းက ဆိုသည်။
အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်
နေသည်ဟု ယူဆရသူ မြစိန်၊ ကျော်သက်၊ ဥာဏ်ကြီး၊ ခင်ရီနှင့် ကိုမျိုးဆိုသူ
ငါးဦးတို့အား ရဲတပ်ဖွဲ့မှ (ပ) ၉၁/ ၂၀၁၃၊ ပြစ်မှုပုဒ်မ လက်နက် ၁၉ (င) ဖြင့်
ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး မုန်တိုင်းဆိုသူ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်
နေဆဲဖြစ်သည်ဟု သိရသည်။
''သူတို့က ပြစ်မှုကျူးလွန်တဲ့သူလို့ စွပ်စွဲခံထားရတဲ့ လှဝင်းရဲ့ညီ
အောင်လေးကို သတ်မယ်ဆိုပြီး ဓားတွေ၊ တုတ်တွေကိုင်ပြီး လိုက်တယ်။ အဖျက်ခံရတဲ့
အိမ်တွေကိုလည်း မီးရှို့မယ်ဆိုပြီး ဓာတ်ဆီပုံးတွေ သယ်လာတယ်။ ပုဆိန်တို့
သံတူရွင်းတို့ပါတယ်။ ဒါတွေကို ကိုင်လာကြလို့ သူတို့ကို ဖမ်းထားတာ'' ဟု
ရဲတပ်ဖွဲ့နှင့် နီးစပ်သူ ကျောင်းကုန်းမြို့ခံ တစ်ဦးက ပြောကြားသည်။
ကျောင်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍
အဓမ္မပြုကျင့် ခံရသည်ဆိုသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ပုသိမ်မြို့ရှိ
တိုင်းပြည်သူ့ ဆေးရုံကြီးတွင် ဆေးစစ်ချက်များ ဆောင်ရွက်လျက် ရှိသည်ဟု
သိရသည်။
လက်ရှိတွင် ပဋိပက္ခများ ဆက်လက် မပေါ်ပေါက်စေရန်အတွက်
ကျောင်းကုန်းမြို့တွင် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်အား မြို့အနှံ့
လုံခြုံရေး ချထားပြီး မြို့နေလူထုနှင့် ဘာသာပေါင်းစုံ အဖွဲ့ကလည်း နေရာအတော်
များများတွင် ကြည့်ရှုစောင့်ကြပ်မှုများ ဆောင်ရွက်လျက်ရှိသည်။ အချို့သော
နေအိမ်များတွင် ဗုဒ္ဓဘာသာ သာသနာ အလံများ နေအိမ်ရှေ့ လူမြင်ကွင်းများတွင်
လွှင့်ထူထားသည်ကို တွေ့ရသည်။
''ကျွန်မကတော့ ဘာပြဿနာမှ ကြီးကြီးမားမားတွေ မဖြစ်စေချင်ပါဘူး။ ဥပဒေ
အတိုင်းပဲ ဖြစ်စေချင်တာပါ'' ဟု အဓမ္မပြုကျင့် ခံရသည့် မိန်းကလေး၏ မိခင်က
ပြောကြားသည်။
ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူနေအိမ်နှစ်လုံး၊ နွားတင်းကုတ်နှစ်လုံး
ဖျက်ဆီးခံခဲ့ရပြီး အစ္စလာမ် သင်္ချိုင်းရှိ အစောင့်တဲငယ်တစ်လုံး
မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
by weeklyeleven
Tuesday, October 8, 2013
ကျောင်းကုန်းပဋိပက္ခ တည်ငြိမ်မှု ပြန်လည်ရရှိ နေပြီဖြစ်ပြီး ဆူပူမှုဖြစ်စေရန် ဖန်တီးသူဟု ယူဆရသူအချို့ကို ဖမ်းဆီးထား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...