<div style='background-color: none transparent;'></div>

Tuesday, October 8, 2013

ထိုင်းနိုင်ငံကအလုပ်သမားတွေ အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုမှု လုပ်ခဲ့

ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO) ကချမှတ်ထားတဲ့ အလုပ်သမားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်နဲ့ အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးရရှိရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ထိုင်းနိုင်ငံအစိုးရ အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးပေးဖို့အတွက် ထိုင်းနဲ့ မြန်မာအလုပ်သမား အဖွဲ့အစည်းတွေက အောက်တိုဘာ ၇ရက်နေ့မှာ လမ်းလျောက်ဆန္ဒပြ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းနဲ့ မြန်မာအလုပ်သမား ၁ထောင်ကျော်ဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြ တာဖြစ်ပြီး ဆန္ဒပြတောင်းဆိုခဲ့တဲ့ အချက် ၂ချက်နဲ့ ပတ်သက်ပြီး ဆန္ဒပြရာမှာပါဝင်တဲ့ မဦးက အခုလိုပြောပါတယ်။

“ILO ရဲ့ ကွန်ဗင်းရှင်းမှာရှိတဲ့ ၈၇နဲ့ ၉၈ကို ထိုင်းနိုင်ငံက လက်မှတ်မထိုးရသေးတဲ့အတွက် အဲဒါကို တောင်းဆိုတာ၊ အလုပ်သမားတွေမှာ လွတ်လွတ်လပ်လပ် သမဂ္ဂဖွဲ့စည်းခွင့်ဆိုတာ ရှိဖို့လိုတယ်ပေါ့နော်၊ တရားဝင်ဖြစ်သွား ခဲ့မယ်ဆိုရင် ဒီအလုပ်သမား သမဂ္ဂတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားပဋိပက္ခတွေကို ကြားဝင်ဖြေရှင်းတဲ့ အချိန်မှာ အမှုတွေဟာ ဆ၀ါဒီကန်တို့ တရားရုံးတို့ကို ရောက်စရာမလိုပဲနဲ့ ညှိနှိုင်းလိုက်ရင် ပြေလည်သွားနိုင် တယ်ပေါ့နော်၊ လောလောဆယ်မှာက ထိုင်းနိုင်ငံမှာ သမဂ္ဂဖွဲ့ဖို့ဆိုတာ တရားဝင်မရှိဘူးဖြစ်နေတယ်။”

ILO ရဲ့ ကွန်ဗင်းရှင်းမှာပါတဲ့ ဥပဒေပုဒ်မ ၉၈ကို အလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရကို လက်မှတ်ရေးထိုးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး မဦးက ဆက်ပြောပြပါတယ်။

“ပုဒ်မ ၉၈ကကျတော့ ထိုင်းနိုင်ငံမှာ လုပ်အားခ အပြည့်အ၀မရတဲ့ကိစ္စတွေ၊ ဥပဒေကတော့ရှိတယ် ဒါပေမဲ့ ဥပဒေအတိုင်းမဖြစ်နေတာတွေကိုလည်း အစိုးရကသိတယ်၊ အချို့ကျတော့ လုပ်ငန်းရှင်တွေက work permit မပေးဘူး၊ စာရွက်စာတမ်းတွေကို ထိန်ချန်ထားတာတွေလဲ ရှိတယ်၊ ဘယ်အမှုတွေပဲတက်တက် အများအားဖြင့် ဆိုရင် အလုပ်သမားတွေကပဲ ရှုံးရဖို့အမှုတွေဖြစ်နေတယ်၊ အလုပ်ရှင်ဘက်က အသာစီးဖြစ်နေတယ်၊ အဲတော့ အလုပ်ရှင်သော် လည်းကောင်း၊ ရဲသော်လည်းကောင်း၊ လ၀ကသော်လည်းကောင်း အစိုးရအာဏာပိုင်တွေက ပါဝင်စွက်ဖက်နေ တာမျိုးတွေ ဖြစ်နေတယ်၊ အဲဒါတွေကို အစိုးရက လစ်လှူရှုနေတယ်၊ ၉၈ကို ဆိုင်းထိုးပေးရင် ဒါတွေဟာ ဥပဒေအတိုင်း အတိအကျဆောင်ရွက်ဖို့ အချက်တွေဖြစ်သွားတယ်လေ အဲဒါတွေကိုတောင်းဆိုတာ။”

လမ်းလျောက်ဆန္ဒပြပွဲကို ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာဖွဲ့စည်းထားတဲ့ မြန်မာ အလုပ်သမားအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ခဲ့တာဖြစ် တဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ တာဖြစ်ပါတယ်။

ABC Radio Australia
by myanmaronlinenews
ထိုင်းနိုင်ငံငါးဖမ်းလုပ်ငန်းမှာအလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားများ (Credit: Reuters)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...