နိုင်ငံတကာ တက္ကသိုလ်၊ ပညာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရ
တက္ကသိုလ်များအကြား နားလည်မှု စာချွန်လွှာ ရေးထိုးရာတွင် ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး အဆင့်အထိ တင်သွင်းရန် မလိုတော့ဘဲ တက္ကသိုလ်
အချင်းချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံး
ဝန်ကြီးဌာန (၅) မှ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။
အဆိုပါ တက္ကသိုလ်များ တရားဝင် ဆုံးဖြတ် ခွင့်ပြုချက်ကို
အစိုးရုံးဌာနများအား ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆောင်ရွက်ကတည်းက
ခွင့်ပြုထားသော်လည်း ပြည်ထောင်စု ဝန်ကြီးရုံးအထိ တင်သွင်းမှုများ
ရှိနေသောကြောင့် အောက်တိုဘာလ ၇ ရက်နေ့က လက်တွေ့ကျသော ပညာရေး ပြုပြင်
ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းသို့ ထပ်မံပြောကြားခြင်း
ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ဝန်ကြီးရုံးထိ တင်တယ်ဆိုတာ အစိုးရ
ဝန်ကြီးအဆင့် အစိုးရချင်း ပူးပေါင်း လုပ်ဆောင်တဲ့ အခါကျမှသာ တင်ပါ။
တက္ကသိုလ်ချင်း လုပ်တာကို လွတ်လပ်စွာ လုပ်ကြပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရ ဗဟိုချုပ်ကိုင်မှုများ အဆင့်ဆင့် ဖြေလျှော့ထားခဲ့သော်လည်း အစိုးရ
ဝန်ထမ်းများအကြား တာဝန်သိစိတ်နှင့် တာဝန်ယူမှုပိုင်း အားနည်းချက်ကြောင့်
ရုံးဝန်ထမ်းပိုင်း ကြန့်ကြာမှုများ ရှိနေကြောင်း၊ အဆိုပါ တာဝန်ယူမှုပိုင်း
အားနည်းချက်ကြောင့် ဝန်ထမ်းများအကြား အရည်အသွေးပိုင်း ကွာဟချက် (Capacity
Gap) များ ဖြစ်ပေါ်လာကြောင်း ဦးတင်နိုင်သိန်းက ပြောဆိုသည်။
“လာကမ်းလှမ်းထားတဲ့ နိုင်ငံခြား တက္ကသိုလ်တွေ အများကြီးရှိတယ်။ နားလည်မှု
စာချွန်လွှာ ထိုးမယ်ဆိုရင်တော့ အနည်းဆုံး လေးလကနေ ငါးလထိ ရှိတယ်” ဟု ရန်ကုန်
နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမြမြဦးက ပြောကြားသည်။
ယင်းအပြင် ပညာရေးမြှင့်တင်မှု ကော်မတီက ရေးဆွဲနေသော အမျိုးသား ပညာရေးဥပဒေ
(မူကြမ်း) ၏ ပုဒ်မ ၄၉ တွင်လည်း ပညာရှင်များသာ လွတ်လပ်စွာ
စီမံခန့်ခွဲမှုရှိသော တက္ကသိုလ် (Autonomous University) အဖြစ်
ဖွင့်လှစ်ခွင့် ထည့်သွင်းထားပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
သင်ခန်းစာများ လွတ်လပ်စွာ သင်ကြားခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို
ကိုယ်ပိုင် ရွေးချယ်ခွင့်ပြုခြင်းတို့လည်း ပါဝင်ကြောင်း မိတ္ထီလာ တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ရှင်းလင်းပြောကြားသည်။
ပြည်သူ့လွှတ်တော် အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) ရေးဆွဲရေး ကော်မတီက
ရေးဆွဲထားသော ၂၀၁၃ ခုနှစ် အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) တွင် အခန်းပေါင်း
၁၃ ခန်းပါဝင်ကြောင်း ယခု နှစ်ကုန်အတွင်း အပြီးသတ် တင်သွင်းရန်
စီစဉ်ထားကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝိုင်းထံမှ သိရသည်။
by The Voice Weekly
Tuesday, October 8, 2013
တက္ကသိုလ် အချင်းချင်း MoU ရေးထိုးခြင်း ဝန်ကြီးရုံးအဆင့်ထိ တင်သွင်းရန် မလိုတော့ဟုဆို
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...