<div style='background-color: none transparent;'></div>

Monday, November 18, 2013

လက်ပံတောင်း သပိတ်စခန်းဖြိုခွင်းမှု တစ်နှစ်ပြည့်သော်လည်း ပဋိပက္ခများ ရှိဆဲ

သံဃာတော် ၉၀ ကျော်နှင့် ဒေသခံအများအပြား မီးလောင်ဒဏ်ရာများ ရရှိစေခဲ့သည့် လက်ပံတောင်းကြေးနီစီမံကိန်းကို ကန့်ကွက်သည့် သပိတ်စခန်းဖြိုခွင်းခံရမှုသည် နိုဝင်ဘာ ၁၇ ရက်တွင် တစ်နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော် အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုသည် တစ်နှစ်ပြည့်ချိန်အထိ လိုအပ်ချက်များရှိနေဆဲ ဟု ဒေသခံနှင့် လေ့လာသုံးသပ်သူအချို့က မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင် အစီရင်ခံစာကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတယ်၊ အဲဒါကိုတော့ ပျက်ကွက်လို့မရဘူး၊ အခုလက်ရှိထိတော့ အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ လိုအပ်ချက်တွေရှိနေတာ တွေ့ရတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ဆိုသည်။

သပိတ်စခန်း ဖြိုခွင်းခံရပြီးချိန်၌ အဆိုပါဖြစ်စဉ်နှင့် စီမံကိန်း ဆက်လက်ဆောင်ရွက်ရန်သင့်မသင့် သို့မဟုတ် မည်သို့ စီမံဆောင်ရွက်သင့်သည်တို့ကို စုံစမ်းစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်တစ်ခုကို အစိုးရက ဖွဲ့စည်းပေးခဲ့သည်။ အစီရင်ခံစာ ထွက်ရှိပြီးနောက် ယင်းကို အကောင်အထည်ဖော်ရန် အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီတစ်ခု ဖွဲ့စည်း၍ ယနေ့အချိန်အထိ တာဝန်ပေးဆောင်ရွက်နေခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး အစီအမံများ၊ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများက တာဝန်ယူရမည့် ဒေသခံများ၏ အနာဂတ်ဘ၀ဆိုင်ရာ ဖြည့်ဆည်းရန်အချက်များ၊ နိုင်ငံ တော်မှရရှိမည့် အကျိုးအမြတ်ဆိုင်ရာ အချိုးအစားကို ပြန်လည်ပြင်ဆင်ရန်များ၊ စီမံကိန်းအတွင်းရှိ လယ် တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည်ဟု ဒေသခံများ ယုံကြည်ထားသည့် သိမ်နှင့် စေတီတော်ဆိုင်ရာ အကြံပြုချက်များ စသဖြင့် အများအပြား ပါဝင်ခဲ့သည်။

ကိုဂျင်မီကမူ တစ်နှစ်ပြည့်ချိန်အထိ ကော်မရှင်၏ အစီရင်ခံစာအပေါ် အစိုးရ၏ အကောင်အထည်ဖော်မှု အားနည်းသဖြင့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ခြင်းမရှိ ဖြစ်နေသေးသည်ဟု သုံးသပ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် သွေးထွက်သံယိုဖြစ်သည်အထိ အငြင်းပွားမှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ရဲ တပ်ဖွဲ့ဝင် ကိုးဦးနှင့် ဒေသခံ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုးကြိုးပြင်ရွာအနီး ရဲတပ်ဖွဲ့က ချထားသည့် နှစ်ထပ်ဘန်ကာနှင့် ဘယ်ရီဂိတ်များဖယ်ရှားပေးရန်၊ တောင်ယာလုပ်ငန်းခွင်သို့ ၀င်ထွက်ခွင့် မကန့်သတ်ရန်၊ မိုးကြိုးပြင်ရွာနှင့် ဆည်းတည်းကျေးရွာအကူး လမ်းပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန် တောင်းဆိုရာမှ ပစ်ခတ်မှုများ ဖြစ်ပွားရသည်ဟု ဒေသခံများက ဆိုသည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်၌မူ တောင်ယာလုပ်ငန်းခွင်အတွင်း သွားလာမှုကို ပိတ်ပင်ကန့်သတ်ခြင်းမပြုသကဲ့သို့ နှစ်ထပ်ဘန်ကာ တည်ဆောက်ရာတွင် မည်သည့် စိုက်ခင်းကိုမျှ ပျက်စီးစေခဲ့ခြင်းမရှိဟု ပြောသည်။

အဆိုပါဒေသတွင်း ကျေးရွာ ၂၆ ရွာသည် စီမံကိန်းဧရိယာအတွင်း ပါဝင်သဖြင့် ဒေသခံများ၏ လယ်ယာမြေဆုံးရှုံးခြင်း၊ ရွာလုံးကျွတ် ပြောင်းရွှေ့ခံရခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဆုံးရှုံးမှုများအပေါ် အစိုးရက မူလပေးအပ်သည့် လျော်ကြေးပမာဏထက် တိုးပေးခြင်း၊ ရွာသစ်တည်ပေးခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း ဒေသခံတို့၏ ကန့်ကွက်မှုများကို ယနေ့တိုင် ကြုံနေရဆဲဖြစ်သည်။

“ဒီနေရာကနေ ဖယ်မပေးနိုင်ဘူး၊ ရွာတွေလည်း ရွှေ့မပေးနိုင်ဘူး။ သူတို့ပိုက်ဆံကို လုံးဝမယူဘူး”ဟု ၀က်မှေးရွာဟောင်းတွင် ဆက်လက် နေထိုင်လျက်ရှိသည့် မသွဲ့သွဲ့ဝင်းက ပြောသည်။

ဝက်မှေးကျေးရွာသည် ရွာလုံးကျွတ် ပြောင်းရွှေ့ရမည်ဖြစ်သော်လည်း မသွဲ့သွဲ့ဝင်းအပါအ၀င် ဒေသခံ အချို့ ဆက်လက် နေထိုင်နေကြဆဲဖြစ်သည်။

ဒေသခံတို့က လျော်ကြေးပေးရုံနှင့် လက်မခံနိုင်ကြဘဲ တာဝန်ရှိသူတို့၏ ရှင်းလင်းပြောဆိုမှုများ၊ အကျေအလည်ဆွေးနွေးမှုများကို လိုအပ်သည်ဟု ဆိုကြသည်။ အဆိုပါစီမံကိန်းအတွက် သိမ်းယူသည့် မြေဧက မှာ ၆,၄၉၀ ဒသမ ၈၀ ကျော် ရှိသည်။

လျော်ကြေးထုတ်ယူရမည့် နေ့ရက်ကိုလည်း စက်တင်ဘာလကုန်အထိသာ သတ်မှတ်ခဲ့ပြီး ယင်းအချိန် ကျော်လွန်ပါက ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ နောက်ဆုံး ခွင့်ပြုရက်အထိ မြေဧက စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းကျော်သာ လာရောက်ထုတ်ယူခဲ့သည်ဟု တရားဝင် ထုတ်ပြန်သော စာရင်းများက ဆိုသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...